သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပေါင်ချိန်စက်ရုံအလုပ်သမား ၂၆ ယောက် အလုပ်ထုတ်ခံရ 


ရွှေပြည်သာရှိ အထည်ချုပ်စက်ရုံတခုမြင်ကွင်း။ ၁၈ စက်တင်ဘာ ၂၀၁၅
ရွှေပြည်သာရှိ အထည်ချုပ်စက်ရုံတခုမြင်ကွင်း။ ၁၈ စက်တင်ဘာ ၂၀၁၅


[[Zawgyi/Unicode]]

နာမည်ကြီး Adidas တံဆိပ်အထည်တွေကို ချုပ်လုပ်ပေးနေတဲ့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ မြန်မာပေါင်ချိန် အထည်ချုပ်စက်ရုံက ဆန္ဒပြမှုကို ဦးဆောင်ခဲ့တဲ့ အလုပ်သမား ၂၆ ယောက် အလုပ်ထုတ်ခံလိုက်ရပါတယ်။ စက်ရုံက နစ်နာကြေးကမ်းလှမ်းပေမဲ့ အလုပ်သမားတွေက ကမ်းလှမ်းမှုကိုလက်မခံဘဲ အလုပ်ပြန်ရဖို့အတွက် စက်ရုံနဲ့ ညှိနှိုင်းသွားမယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

အခြေခံလုပ်ခလစာတိုးပေးဖို့ ဦးဆောင်တောင်းဆိုခဲ့ကြတဲ့ အလုပ်သမား၂၆ ယောက်ကို အလုပ်ထုတ်လိုက်ပြီလို့ မြန်မာပေါင်ချိန်စက်ရုံက ဒီနေ့ အသိပေးလိုက်ပါတယ်။ ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှာ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုကို ဒီနေ့ နောက်ဆုံးအကြိမ် စစ်ဆေးခဲ့ပြီးတဲ့နောက် ရုံးချိန်းအပြီးမှာ စက်ရုံဘက်က အလုပ်သမား၂၆ ယောက်ကို အလုပ်ကထုတ်ပယ်လိုက်ပြီလို့ အလုပ်ရှင်က ပြောလိုက်တာ ဖြစ်ပါတယ်။ အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

"ညီမတို့ကို EC စာချုပ်နဲ့ငြိတယ်ဆိုပြီး စက်ရုံဘက်က ညီမတို့ကိုတိုင်ထားတာလေ။ အခုက အမှုက ဘယ်လိုမှမပေါ်တဲ့အတွက် ညီမတို့က ရုံးချိန်း ၃ ချိန်းလည်း ပြည့်သွားပြီ ဖြစ်တဲ့အတွက် ညီမတို့က နစ်နာသူလေ၊ နစ်နာသူဖြစ်တဲ့အတွက် ညီမတို့က စက်ရုံကို ပြန်ပြီးတော့တရားစွဲလို့ရတယ်။ ညီမတို့ကို EC စာချုပ်နဲ့မငြိဘဲ ငြိတယ်ဆိုပြီး တရားစွဲလို့ရသလိုမျိုးပေါ့။"

EC ဆိုတာက အလုပ်ရှင် အလုပ်သမားစာချုပ်ကို ပြောတာဖြစ်ပါတယ်။ မြန်မာပေါင်ချိန် စက်ရုံဘက်က နစ်နာကြေးသုံးလစာပေးသွားမယ်လို့ ပြောပေမဲ့ အလုပ်သမားတွေကတော့ အလုပ်ပြန်ရနိုင်ဖို့ စက်ရုံနဲ့ညှိနှိုင်းသွားမယ်လို့ ပြောပါတယ်။ ဥပဒေအတိုင်း တရားရုံးမှာ အလုပ်သမားဘက်က တရားစွဲခွင့်ရှိပေမဲ့ အလုပ်သမားဘက်ကပဲ ပိုပြီး နစ်နာနိုင်ခြေရှိတယ်လို့ သူကပြောပါတယ်။

" အလုပ်သမားဘက်ကနေ နိုင်ခြေကနည်းတယ်။ ဘယ်လောက်ပဲ ကိုယ့်ဘက်က မှန်နေ မှန်နေ၊ ငွေများတရားနိုင်ခေတ်ဆိုတာ ရောက်သွားတဲ့အတွက် ညီမတို့ ဘက်က ဒါတွေက မျှော်လင့်ချက်က ပိုဆိုးတယ်ပေါ့နော် သိပ်မရှိဘူး။ အဲဒီတော့ ညီမတို့က ညီမတို့အဆင်ပြေမယ့် Adidas နဲ့ပဲ ညီမတို့က ပြန်ပြီးညှိနှိုင်းသွားမှာပေါ့။"

မြန်မာပေါင်ချိန်စက်ရုံက အလုပ်သမားထောင်နဲ့ချီ လည်ပတ်နေတဲ့ Adidas ထုတ်ကုန်တွေကို ချုပ်လုပ်ပေးနေတဲ့ ထိုင်ဝမ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ အခုနှစ် အောက်တိုဘာလကုန်ပိုင်းမှာ အလုပ်သမား ၂,၀၀၀ လောက်က လစာတိုးပေးဖို့ တောင်းဆိုခဲ့တာကြောင့် ဦးဆောင်တဲ့ အလုပ်သမားခေါင်းဆောင် ၂၆ ယောက်ကို အလုပ်ကထုတ်ပစ်ဖို့ စက်ရုံဘက်က ကြိုးပမ်းခဲ့တာပါ။ Adidas ကတော့ ဒီအလုပ်သမား ၂၆ ယောက်ကို အလုပ်ပြန်ခန့်ပေးဖို့ မြန်မာပေါင်ချိန်စက်ရုံကို ပြောကြားခဲ့ပေမဲ့ ဒီနေ့အထိ ပြန်မခန့်သေးပါဘူး။

တနိုင်ငံလုံးက အထည်ချုပ်လုပ်ငန်းတွေမှာ အလုပ်သမား ၄သိန်းကျော် လုပ်ကိုင်နေကြတယ်ဆိုပေမဲ့ အခြေခံတရက်လုပ်ခ ၄,၈၀၀ ကျပ်နဲ့ မလောက်ငတာကြောင့် မကြာခဏဆိုသလို ဆန္ဒပြတောင်းဆိုမှုတွေ အများအပြား ရှိနေပါတယ်။ တချို့ ကလည်း ကျွမ်းကျင်လုပ်သားအနေနဲ့ ပြည်ပထွက်ပြီး အလုပ်သွားလုပ်ကြတာပါ။ မြန်မာ အလုပ်သမားရေးဌာနက ဘက်ကတော့ စီးပွားရေး မကောင်းသေးတာကြောင့် လုပ်ခလစာတွေ တိုးမြှင့်ပေးဖို့ မစဉ်းစားသေးကြောင်း ဒီရက်ပိုင်းထဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=================


[[Unicode]]









XS
SM
MD
LG