[[Zawgyi/Unicode]]
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့အနီးမှာရှိတဲ့ ဘုရားတောင်ဂိတ်စခန်းမှာ ဒီနေ့ စက်တင်ဘာလ၂၈ ရက် ဗုဒ္ဓဟူးနေ့ မနက် ၅ နာရီ ကျော်လောက်ကစပြီး ကရင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ KNLA နဲ့ PDF ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။ နယ်စပ်တိုက်ပွဲတွေကြောင့် ဘုရားသုံးဆူမြို့အနီး နယ်စပ်ဖြတ်ကျော်သွားလာတာတွေကို ထိုင်းနိုင်ငံဘက်ကရော မြန်မာဘက်ကပါ ယာယီပိတ်ထားပါတယ်။ ထိုင်းနယ်စပ်အခြေအနေကို VOA သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့အနီးမှာရှိတဲ့ မြန်မာစစ်တပ်အခြေစိုက် စခန်းဖြစ်တဲ့ ဘုရားတောင်ဂိတ်စခန်းကို မနက် ၅ နာရီမှာ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အပြန်အလှန်ပစ်ခတ်ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံနယ်စပ်လမ်းတွေကို မြန်မာနိုင်ငံဘက်ကရော ထိုင်းဘက်ကပါ နှစ်ဘက် လုံးက ယာယီပိတ်လိုက်တယ်လို့ ဘုရားသုံးဆူဒေသက ABSDF ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးသိန်းလွင်ကပြောပါတယ်။
“နယ်စပ်အပေါက်ကို စစ်တပ်က ပိတ်လိုက်တယ်။ မြန်မာဘက်ကပိတ်လိုက်တယ်။ နဂိုကတည်းက ဖွင့်မထားဘူး။ ခိုးလမ်းတွေကပဲသွားနေတာ။ အခုတော့လည်း ပိတ်ထားလိုက်တာပေါ့။ လေယာဉ်ပျံတွေတော့လာနေတယ်။ ထိုင်းဘက်ကလည်းလုံခြုံရေးအရ တပ်တွေကိုပြန်ဖြည့်ထားတယ်။”
ဘုရားသုံးဆူ ဒေသခံတဦးကတော့ နှစ်နိုင်ငံနယ်ခြား တရားဝင် ကူးသန်းသွားလာတာကို အရင်ကတည်းက ပိတ်ထားခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံနယ်ခြား အပြန်အလှန် ကူးသွားနေတဲ့နေရာတွေ အများကြီးရှိပြီး အခုတော့ တိုက် ပွဲတွေ ဆက်ဖြစ်လာနိုင်တဲ့အတွက် လုံခြုံရေးအရ ကန့်သတ်လိုက်တာလို့ အခြေအနေကို ရှင်းပြပါတယ်။
“တခြားနယ်စပ်လိုသွားမမြင်ပါနဲ့။ နယ်စပ်ပိတ်တယ်ဆိုတာက တရားဝင်အစိုးရ ခွင့်ပြုချက်နဲ့သွားရတဲ့စာရွက်စာတမ်းတွေနဲ့ဟိုဘက်ဒီဘက်ကူးမရတာကိုပြောတာ။ immigration process ကိုပြောတာ။ ဒေသခံတွေကျတော့ သွားနေကြတာပဲ။ အထက်အောက်ကို ဒီအတိုင်းပဲ၊ ဟိုဘက် ဒီဘက် ဈေးဝယ်တွေကို ပိတ်လိုက် တာ။ အခုလို လုံခြုံရေးဖြစ်လာတဲ့ကျတော့ ထိုင်းဘက်က အခုလို တပေါက်တည်းမဟုတ်ဘူး။ မလွယ်ပေါက်တွေက ရှိသေးတယ်။ အဲဒီမှာ စစ်သားတွေချထားပြီး ပေးမဝင်တော့ဘူး။ သူ့နိုင်ငံသားတွေက သုံးဆူဘက်မဆင်းဖို့၊ ကိုယ့်နိုင်ငံသားတွေက သူဆီကိုမဝင်ဖို့ အဲဒီလိုတားလိုက်တယ်။”
ဘုရားသုံးဆူဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဘုရားတောင်စခန်းကုန်းကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တက်ရောက်သိမ်းပိုက်ခဲ့ပြီး ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့တယ်လို့ KNLA ဘက်က ပြောပါတယ်။ ဦးသိန်းလွင်ကတော့ အခုလိုပြောပါတယ်။
“မနက် ၅ နာရီလောက်ကစဖြစ်တယ်။ မိနစ် ၃၀ လောက်ကြာတယ်။ ဒုရင်းမှူး တယောက်အပါအဝင် ၁၁ ယောက်ကျတယ်။ လက်နက်တော့ ၁၃ လက်ရတယ်။”
စစ်ကောင်စီဘက်ကတော့ တိုက်ပွဲနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ညနေပိုင်းအထိ လေယာဉ်တွေနဲ့ကင်းထောက်နေတာကြောင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
နှစ်ဘက်တိုက်ပွဲတွေအတွင်း သေဆုံးဒဏ်ရာရသူတွေနဲ့ပတ်သက်လို့တော့ VOA က သီးခြားအတည်မပြုနိုင်သေးပါဘူးရှင်။
==========
[[Unicode]]