သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလက်နက်ကြီးကျည်ကြောင့်  ဒီးမော့ဆိုစစ်ရှောင် ၂ ဦး သေဆုံး


ဒီးမော့ဆို စစ်ဘေးဒုက္ခသည်စခန်းက ကလေးငယ်အချို့။ (ဓာတ်ပုံ - ကရင်နီလူငယ်အဖွဲ့)
ဒီးမော့ဆို စစ်ဘေးဒုက္ခသည်စခန်းက ကလေးငယ်အချို့။ (ဓာတ်ပုံ - ကရင်နီလူငယ်အဖွဲ့)


[[Zawgyi/Unicode]]

ဇူလိုင် ၃၁ ရက် မနေ့ ညနေပိုင်းက ကယား(ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင်စခန်းတနေရာမှာ နှစ်ဘက်တိုက်ပွဲမရှိဘဲ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျလို့ အသက် ၁၃ နှစ်အရွယ်ကလေးတဦးနဲ့ ဖခင်ဖြစ်သူတို့ သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိတယ်လို့ ဒီးမော့ဆို PDF က ပြောပါတယ်။ အခုတလော စစ်ဘေးရှောင်စခန်းတွေဘက် လက်နက်ကြီးနဲ့ မကြာမကြာ ပစ်ခတ်နေတာမို့ တနေရာပြီးတနေရာ ပြောင်းရွှေ့နေကြရပြီး လုံခြုံမှုကင်းမဲ့နေကြတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင်တွေနေတဲ့နေရာမှာ ဇူလိုင် ၃၁ ရက် မနေ့ ညနေပိုင်းက လက်နက်ကြီးကျလို့ အသက် ၁၃ နှစ်အရွယ် ကလေးတဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိတယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီ ဒဏ်ရာရသူ ၄ ဦးထဲ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ ဖခင်လည်း ပါဝင်တာမှာ ရရှိထားတဲ့ ပြင်းထန် ဒဏ်ရာကြောင့် ဖခင်ဖြစ်သူလည်း ညနေ ၄ နာရီဝန်းကျင်လောက်မှာ သေဆုံးသွားတယ်လို့ အခုလို ညပြောပါတယ်။

“အဲ့ဒီကလေးအဖေပေ့ါနော် အခု ဆုံးသွားပြီးဗျ။ လက်နက်ကြီးကျတာက တယောက် သေဆုံးသွားတာပေါ့နော်။ ဒီ ၅ ယောက်တော့ ဒဏ်ရာရတာပေါ့။ အပြင်းအထန်ဒဏ်ရာရတဲ့ ဒီဆုံးသွားတဲ့ ကလေးအဖေပဲ၊ ခုနပဲ ကျနော် ရဲဘော်တွေ သတင်းပေးလာတယ်လေ။ ဆုံးသွားပြီးတဲ့ (ဒဏ်ရာရတာ) နောက်ထပ် ၃ ယောက်ကျန်သေးတယ်ပေါ့။ အဲ့ဒီထဲမှာ တယောက်ကျတော့ နည်းနည်း စိုးရိမ်ရတယ်ပေါ့နော်။”

မနေ့က နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲမရှိဘဲ ဒီးမော့ဆိုမြို့နယ်က စစ်ကောင်စီအခြေစိုက်တဲ့ ငွေတောင် (၁၀၂) တပ်ရင်း နဲ့ ဖရူဆိုမြို့နယ် အခြေစိုက်တဲ့ (၁၂၈) တပ်ရင်းတို့က စစ်ဘေးရှောင်ခိုလှုံတဲ့ နေရာတွေဆီ လက်နက်ကြီးတွေနဲ့ ၁၀ ကြိမ်လောက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“မနက်က အနေအထားမျိုးကတော့လည်း တိုက်ပွဲလည်း မရှိဘူးလေ။ အပြန်အလှန်ပစ်ခတ်တာလည်း မရှိဘူးဗျ။ အဲ့ဒါ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိပစ်တယ် လို့ပဲ ကျနော်တို့က မှတ်ယူတယ်ပေါ့နော်။”

ကျန်ဒဏ်ရာရရှိသူတွေကလည်း ညီအကိုတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်နေတဲ့ ကုန်းသာရွာခံတဦးက မနေ့တုန်းက သူတို့နဲ့ မလှမ်းမကမ်းနေရာတွေမှာ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတာလို့ အခုလို ပြောပါတယ်။

“စစ်တပ်ဘက်က လက်နက်ကြီးတွေ ထုသွားတာပေါ့။ စစ်ဘေးရှောင်ပြည်သူတွေဆီ သူတို့ထုသွားတာလေ။ သူတို့က တခါထုဆိုရင် ၃၊ ၄ လုံး ၃၊ ၄ လုံး။ အဲ့လိုမျိုးထုတယ်လေ။ အခုက သူတို့ ဘယ်လိုပြောရမလဲ သူတို့ အဲ့လိုမျိုး PDF ရှိတဲ့နေ ရာတွေ မဟုတ်တော့ဘဲနဲ့ စစ်ဘေးရှောင်တဲ့နေရာတောင်မှ ဦးတည်ပြီးမှ သူတို့တောင်မှ အဲ့လိုမျိုးထုသွားတာပေါ့နော်၊ လက်နက်ကြီးကို အဲ့လိုမျိုးတွေ ဖြစ်လာပြီးပေါ့နော် အခုက။”

ဒီလိုလက်နက်ကြီးတွေပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့လတုန်းက စစ်ရှောင်စခန်းမှာ လက်နက်ကြီးကျလို့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရတာကို ကြုံခဲ့ရတယ်လို့ ကုန်းသာရွာခံ စစ်ရှောင်က ပြောပါတယ်။ လက်နက်ကြီးကြောင့် တနေရာပြီး တနေရာ ပြောင်းရွှေ့နေရသလို နေထိုင်ရတာလည်း လုံခြုံမှုကင်းမဲ့နေပြီးလို့ ဆိုပါတယ်။

“ကျမ ဒီမှာလာနေတဲ့ အတောအတွင်းပေါ့နော်၊ ဒီစစ်ဘေးရှောင်တဲ့နေရာမှာဆို လက်နက်ကြီးတခါကျတယ်။ ၄၊ ၅ လုံးတောင်မှကျ ၄၊ ၅ လုံးကျပြီး အိမ်လည်းထိတယ်။ လူလည်း ထိပြီး သေသွားတယ်။ ဒဏ်ရာရတဲ့သူက ၄၊ ၅ ယောက်။ အဲ့လိုမျိုးတခါကြုံဖူးတာပေါ့နော်။ လုံခြုံမှုတော့ လုံးဝမရှိဘူး၊ သတိနဲ့နေရတယ်။ သူတို့ ဒီဘက်ပစ်ရင် မြောက်ဘက်ပြေးလိုက်၊ မြောက်ဘက်ပစ်ရင် တောင်ဘက်ပြေးလိုက်။ အဲ့လိုပဲ နေနေရတာ။ အခုက လုံခြုံမှုက တနေရာမှကို မရှိတော့ဘူး။”

တိုက်ပွဲကြောင့် ဒီးမော့ဆိုမြို့နယ်က သောင်းနဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာပြီး ပြေးရှောင်နေကြတာဟာ လက်ရှိချိန်မှာ တနှစ်ကျော်ကြာသွားပါပြီ။ စစ်ဘေးရှောင်အချင်းချင်း မျှဝေစားသောက်နေကြရပြီး တနေ့ထက်တနေ့ ပိုမိုခက်ခဲလာတယ်လို့ ဆိုပါတယ်။ စစ်ပြေးရှောင်အများစုအတွက် လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအကူညီတွေ အလွန်အပင် လိုအပ်နေကြဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

==================
[[Unicode]]















XS
SM
MD
LG