သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညောင်ဦးမြို့နယ်ထဲမှာ သတ်ဖြတ်ခံရမှုတွေဖြစ်နေ 


အသတ်ခံရသူ၊ NLD ညောင်ဦးခရိုင် ဒု ဥက္ကဋ္ဌ ဦးကျော်ဝင်း (ဓါတ်ပုံ Courtesy: CJ)
အသတ်ခံရသူ၊ NLD ညောင်ဦးခရိုင် ဒု ဥက္ကဋ္ဌ ဦးကျော်ဝင်း (ဓါတ်ပုံ Courtesy: CJ)

[[Zawgyi/Unicode]]

မန္တလေးတိုင်း ညောင်ဦးမြို့နယ်မှာ အောက်တိုဘာပထမပတ်အတွင်း နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့သူတွေကို အမည်မသိ လက်နက်ကိုင်တွေက ဝင်ရောက်ဖမ်းဆီး သတ်ဖြတ်တဲ့ လူသတ်မှု ၇ မှု ဖြစ်ခဲ့ပါတယ်။ အသတ်ခံရသူအများစုဟာ NLD ကို ထောက်ခံသူတွေနဲ့ NLD ပါတီဝင်တွေနဲ့ဆက်စပ်တဲ့ မိသားစုဝင်တွေ ဖြစ်တယ် လို့ မိသားစုတွေနဲ့ နီးစပ်သူ တယောက်က VOA ကို ပြောပါတယ်။ အသတ်ခံရ သူတွေထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတဦးလည်း ပါပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က ညောင်ဦးမြို့နယ် စဉ့်ကိုင်ကျေးရွာနေ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးအောင်မင်းထိုက်ဟာ လက်နက်ကိုင် အဖွဲ့တခုရဲ့လက်ချက်နဲ့ သေဆုံးခဲ့ပါတယ်။ ဒီ သတ်ဖြတ်မှုနောက်ပိုင်းမှာ နောက်ထပ် တခြားလက်နက်ကိုင်အဖွဲ့တခုကလည်း NLD ကို ထောက်ခံသူတွေကို လိုက်လံဖမ်းဆီး သတ်ဖြတ်ခဲ့တာကြောင့် လူ ၆ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက အတည်ပြုပါတယ်။

အောက်တိုဘာ ၂ ရက်နေ့ ည ၁ နာရီခွဲခန့်က ညောင်ဦးနယ်၊ ငါးသရောက်မြို့ နယ်ခွဲ၊ ဆယ်ရွာနေ ညောင်ဦးခရိုင် NLD ဒုက္ကဋ္ဌ ဦးကျော်ဝင်းကို ပျောက်ကျားအင်္ကျီတွေဝတ်ထားတဲ့ လက်နက်ကိုင်လူတချို့က ကား နှစ်စီးနဲ့လာခေါ်သွားခဲ့ပါတယ်။ မနက်ပိုင်းမှာ အလောင်းကို ရွာပြင်မှာ တွေ့ခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့သူက ပြောပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့မှာပဲ ညောင်ဦးမြို့နယ် စဉ့်ကူရွာက NLD အဖွဲ့ဝင် ၅ ဦးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခဲ့ပြီး အဖမ်းခံရသူတွေထဲက အမျိုးသား ၂ ဦးနဲ့ အမျိုးသမီးတယောက်ရဲ့ အလောင်းတွေကို စဉ့်ကူတိုက်နယ် ဆေးရုံရှေ့မှာ တွေ့ခဲ့ရပါတယ်။ တခြား အဖမ်းခံရသူ ၂ ဦး လွတ်မြောက်ပြီ၊ မလွတ်မြောက်ဘူးဆိုတာကိုတော့ အခုအထိ မသိရသေးပါဘူး။

အောက်တိုဘာလ ၃ ရက်နေ့ညကလည်း NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်ရဲ့ညီကို လက်နက်ကိုင်အဖွဲ့တဖွဲ့က နေအိမ်မှာ မိသားစုရှေ့ ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူ တဦးက VOA ကို ပြောပါတယ်။

“၃ ရက်နေ့ညကကျတော့ ညောင်ဦးက လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်ဆိုတာ သူက လက်ရှိ ရှောင်တိမ်းနေတယ်။ ဦးမြင့်စိန်ရဲ့အကိုအရင်းနှစ်ယောက်ကလည်း ညောင်ဦးထောင်ထဲမှာ။ အခု အသတ်ခံရတဲ့ သူ့ညီအငယ်ဆုံးတယောက်က ရှောင်လည်းရှောင်တယ်။ မကြာမကြာလည်း သူ့အိမ်ပြန်လာတယ်ပေါ့နော်၊ သူက ဘာနိုင်ငံရေးမှမလုပ်ဘူး။ သူ့ကိုကျတော့ ၃ ရက်နေ့ည ၈ နာရီခွဲလောက်က ဆိုင်ကယ်နှစ်စီး၊ လူလေးယောက်နဲ့ သူတို့ ဇီးကွက်ပုန်းရည်ကြီးရောင်းတဲ့တိုက်ထဲကိုဝင်လာတယ်။ အဲဒီမှာ သူရယ်၊ သူ့မိန်းမရယ်၊ သူ့သမီးလေးရယ် ရှိတယ်ပေါ့နော်။ သူ့ကို အိမ်ထဲမှာတင် ရိုက်နှက်တယ်ပေါ့နော်။ သူ့မိန်းမက အော်အခါမှာ ဘေးအိမ်တွေကလာတော့ တယောက်ကထွက်ပြီးတော့ သေနတ်ပြတယ်၊ ဓါးပြတယ်။ ဘယ်သူမှ မလှုပ်နဲ့ဆိုပြီးတော့- နောက်ပြန်ကြိုးတုပ်ပြီးတော့ .ဆိုင်ကယ်ကြားထဲကနေပြီးတော့...ခေါ်သွားတယ်။ အိမ်အနောက်ဘက်ကိုစီးသွားတယ်။ ရပ်ကွက်အစပ်မှာ တမိုင်လောက်ရှိတယ်။ ....အဲဒီမှာ ဆိုင်ကယ်ပေါ်ကနေ မော်တော်ကားပေါ်အပြောင်းမှာ သူက ထွက်ပြေးတယ်။ မန္တလေးအဆို တပြလောက်၊ ရဲစခန်းနဲ့ သူပြေးတဲ့နေရာနဲ့တပြလောက်ပဲဝေးမှာပေါ့နော်။ အဲဒီရှေ့မှာ သူ့ကိုမိတယ်ပေါ့နော်။ ထမင်းသုပ်ဆိုင်ရှေ့မှာ မိတော့ ရိုက်နှက်ပြီးတော့ မော်တော်ကားနဲ့ ခေါ်သွားတယ်။ မနက် ၇ နာရီလောက်ကျတော့ ....လမ်းမှာ ထိုးသွင်းဒဏ်ရာနဲ့ လည်ပင်းပြတ်ရှဒဏ်ရာတွေနဲ့ မြို့ရှောင်လမ်းမှာ အလောင်းပြန်တွေ့တယ်ပေါ့နော်။”

အခုလို သတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းတွေက ကျူးလွန်တယ် ဆိုတာကို တိတိကျကျ မသိသေးပါဘူး။ စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်ချက် ထွက်မလာသေးသလို ညောင်ဦးမြို့နယ်ရဲစခန်းကလည်း ဖုံးလက်ခံ ဖြေကြားခြင်း မရှိပါဘူး။ မကြာသေးခင်လပိုင်းတွေအတွင်းကလည်း ညောင်ဦးမြို့နယ်မှာ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ ဖမ်းဆီးသတ်ဖြတ်မှု အနည်းဆုံး ၅ ကြိမ် ရှိခဲ့တယ်ဆိုတာကို ဒေသခံကပြောဆိုပါတယ်။

ဒီအတောအတွင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်ထဲမှာလည်း အောက်တိုဘာလ ၃ ရက်နေ့က အမျိုးသား ၅ ယောက် အသတ်ခံရပြီး ကားလမ်းဘေးမှာ ပစ်ထားတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီ သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ VOA ကတော့ သီးခြားအတည် မပြုနိုင်သေးပါဘူး။

မြန်မာနိုင်ငံအလယ်ပိုင်းမှာ ရာဇဝတ်မှုတွေနဲ့ လုယက်သတ်ဖြတ်မှုတွေကြောင့် လူတွေ သေဆုံးတဲ့သတင်းတွေ နေ့စဉ်ထွက်ပေါ်နေချိန်မှာပဲ နိုင်ငံရေးအရ ရည်ရွယ် ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်တယ်လို့ ယူဆရတဲ့ သတ်ဖြတ်မှုတွေလည်း တိုးလာနေပါတယ်။ ဒီဒေသတွေမှာ မြန်မာစစ်တပ်ကို ဆန့်ကျင်တဲ့ PDF လက်နိုင်ကိုင်အဖွဲ့ တွေအပြင် စစ်တပ်ကိုထောက်ခံတဲ့ သွေးသောက်၊ ပြူစောထီး စတဲ့ အရပ်သားလက်နက်ကိုင်အဖွဲ့တွေလည်း ရှိနေပါတယ်။

=============

[[Unicode]]











XS
SM
MD
LG