သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ  ပြည်တွင်းကိုငွေလွှဲပြောင်းမှု ငွေလဲနှုန်းမရေရာသေး


ဒေါ်လာဈေး အနည်းငယ်ကျ၊ ရွှေဈေးငြိမ်
ဒေါ်လာဈေး အနည်းငယ်ကျ၊ ရွှေဈေးငြိမ်

[[Zawgyi/Unicode]]

ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံခြားငွေနဲ့ရတဲ့လစာငွေကို ပြည်တွင်းကိုလွှဲပြောင်းမယ်ဆိုရင် လိုင်စင်ရဘဏ်တွေမှာ လွှဲပြောင်းတာ၊ ရောင်းချတာ၊ ကိုယ် တိုင်သုံးစွဲတာတွေ ၂၁ ရက်အတွင်း လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်တယ်လို့ ဗဟိုဘဏ်က အမိန့်ထုတ်ထားပါတယ်။ ဒီထုတ်ပြန်ချက်အရ နိုင်ငံခြားငွေကို ရောင်းချခွင့်ပေးတဲ့အခါ ဘဏ်ကနေ ဒေါ်လာငွေသားကို ထုတ်ယူခွင့်ပြုမှာလား၊ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်း မဟုတ်ဘဲ ပြင်ပပေါက်ဈေးနဲ့ လဲလှယ်ခွင့်ပြုမှာလားဆိုတာတွေ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ငွေလွှဲမယ့်သူတွေကြားမှာလည်း တုံ့ပြန်မှု အမျိုးမျိုး ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံခြားငွေနဲ့ရရှိတဲ့ ဝင်ငွေတွေကို တရားဝင်ရောင်းဝယ်ခွင့်ရှိတဲ့ (Authorized Dealer) AD ဘဏ်တွေကတဆင့် ပြည်တွင်းသို့လွှဲပြောင်းတဲ့အခါ သူတို့ကိုယ်တိုင် အသုံးပြုတာဖြစ်စေ၊ အခြားသူတွေကို လွှဲပြောင်းတာဖြစ်စေ၊ ဘဏ်ကိုရောင်းချတာမျိုးဖြစ်စေ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်‌တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီ ပြောခွင့် ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငွေလွဲှပြောင်းတဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဗွီအိုအေကို အခုလို ပြောပါတယ်။

“အလုပ်သမားတွေ မြန်မာပြည်ကမထွက်ခွာခင်မှာ နိုင်ငံခြားငွေကိုမြန်မာနိုင်ငံထဲပို့နိုင်မယ့် ဘဏ်စာရင်းတခုကို စာရင်းဖွင့်ဖို့ တပါတည်းလုပ်ဆောင်သွားမှာဖြစ်တယ်။ အဲဒီကနေ မိသားစုတွေကို ယုံကြည်စိတ်ချစွာပို့နိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဘဏ် ၅ ဘဏ်ကတော့ အရင်ကတည်းကခွင့်ပြုချက်ရထားပြီးဖြစ်တဲ့ ရွှေ၊ ကမ္ဘောဇ၊ ယူနိုက်တက်အမရာဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ မြန်မာမိုဘိုင်းငွေကြေးဝန်ဆောင်မှုတို့ပါ။ သူတို့က စာရင်းတခုဖွင့်ဆောင်ရွက်ပေးမှာဖြစ်တယ်။ ပြည်ပကနေတဲ့ အလုပ်သမားတွေကိုသိစေချင်ပါတယ်။ စိတ်ချယုံကြည်စွာ လွှဲလို့ ရပါတယ်ဆိုတာပြောချင်ပါတယ်။”

ဝယ်ယူ ရောင်းချတာတွေနဲ့ ကိုယ်တိုင်သုံးစွဲတာတွေကို ၂၁ ရက်အတွင်း အပြီးသတ်လုပ်ဆောင်ကြရမယ်လို့ ဗဟိုဘဏ်ရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ ဒါပေမယ့်လည်း နိုင်ငံခြားငွေကို ရောင်းချခွင့်ပေးတဲ့အခါ ဘဏ်ကနေ ဒေါ်လာငွေသားကို ထုတ်ယူခွင့်ပြုမှာလား၊ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းမဟုတ်ဘဲ ပြင်ပပေါက်ဈေးနဲ့ လဲလှယ်ခွင့်ပြုမှာလားဆိုတာတွေ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဗဟိုဘဏ်ကတော့ ပြည်ပကိုနိုင်ငံခြားငွေ လွှဲပြောင်းတာဖြစ်စေ၊ ပြည်ပက လွှဲပို့ တာဖြစ်စေ ရည်ညွှန်းငွေလဲလှယ်နှုန်း သတ်မှတ်ချက်နဲ့ ဝ.၃ ရာခိုင်နှုန်း ဘောင်အတွင်းမှာပဲ သတ်မှတ်ဖို့ နိုင်ငံခြားငွေလဲလှယ်ခွင့်ရ ဘဏ်တွေကို ညွှန်ကြားထားပါတယ်။

ဒါပေမယ့်လည်း တရားမဝင် ကြိုက်ရောင်း ကြိုက်ဝယ်ဈေးတွေဟာ ဗဟိုဘဏ်က သတ်မှတ်တဲ့ ရည်ညွှန်းငွေလဲနှုန်းနဲ့ ကွာနေတယ်ဆိုပြီး သတင်းတွေ အမျိုးမျိုးထွက်နေတာကြောင့် ပြည်တွင်းဘဏ်တွေနဲ့ ငွေလွှဲတဲ့ကိစ္စကို အယုံအကြည်မရှိတဲ့အကြောင်း ရန်ကုန်မြို့ခံတဦးဖြစ်တဲ့ မရွှေစင်က VOA ကို ပြောပါတယ်။

“အမတို့ကလေ ရှင်းရှင်းပြောရရင် အယုံအကြည်မရှိဘူးညီမရယ်။ ခုနောက်ပိုင်း ကိုယ်တွေအတွက် အဆင်ပြေမယ့်နည်းတွေရှာရတာပေါ့။ အမမှာ oversea အကောင့် ရှိတယ်။ အဲဒီကိုလွှဲလိုက်တော့တယ်။ အဲဒီမတိုင်ခင်က ၄၊ ၅ လလောက်မှာ ၁,၈၅၀ နဲ့ဖြတ်ခံလိုက်ရတယ်။ အဲတော့ ဒီဘက်ပြည်တွင်းဘဏ်တွေနဲ့ ငွေလွှဲတာတွေမလုပ်ဖြစ်တော့ဘူး။ အမယောက်ကျားသူငယ်ချင်းတွေလည်း ဘန်ကောက်မှာ အကောင့်ဖွင့်ပြီး အဲဒီကနေပဲ မြန်မာငွေပြန်လွှဲယူတော့တယ်။”

စစ်ကောင်စီ ပြည်တွင်း အခွန်ဦးစီးဌာနကတော့ ပြည်ပက နိုင်ငံခြားငွေနဲ့ရတဲ့ လစာတွေကို တရားဝင်ပြန်ပို့ပြီး အဲဒီဝင်ငွေတွေနဲ့ ရင်းနှီးမြှပ်နှံတာ၊ အခြေခံပစ္စည်း ဝယ်ယူတာ၊ တည်ဆောက်တာ၊ မော်တော်ယာဉ်ဝယ်ယူကြတဲ့အခါ အတိုင်းအတာတခုအထိ အခွန်ကင်းလွတ်ခွင့်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့်လည်း လိုင်စင်ရဘဏ်တွေက ငွေပြန်လွှဲရေး အစီအစဉ်နဲ့ ညွှန်ကြားချက်အပေါ် လက်ခံကြိုဆိုသူတွေလည်း ရှိပါတယ်။

“အစိုးရကပြောတယ်မလား။ ဘဏ်တွေထဲ စီဘီ၊ ဧရာဝတီထဲထည့်လိုက်မယ်၊ ရွှေဘဏ်ပေါ့ အဲဒီထဲ ထည့်၊ ၂၁ ရက်အတွင်း လဲပေးရမယ်ဆိုတာလေ ညီမတို့ကတော့ စိတ်ချတယ်ပေါ့နော်။ လွတ်လပ်စွာရောင်းဝယ်ခွင့်ပေးမယ်ဆို ကောင်းတာပေါ့။ ဒေါ်လာကိုင် ကစားလို့ရတယ်လေ။”

မြန်မာနိုင်ငံဟာ ပြည်ပမှာ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ ပြန်ပို့ တဲ့ဝင်ငွေတွေ အများအပြားကို လက်ခံရရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။ အရှေ့တောင် အာရှနိုင်ငံတွေမှာတင် သွားအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၅ သန်းရှိပြီး ၉၀ ရာခိုင်နှုန်းဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတာလို့ သီးခြားလွတ် လပ်တဲ့အဖွဲ့အစည်းတခုဖြစ်တဲ့ စီးပွာရေးနဲ့ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနဌာနက ခန့်မှန်းပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရ ၂၀၁၈ ခုနှစ်အတွင်း ပြည်ပက မြန်မာနိုင်ငံကို ပြန်ပို့ငွေ ဒေါ်လာ ၃.၈ ဘီလျံရှိခဲ့ပါတယ်။ ကိုဗစ်ကာလ ၂၀၂၁ ခုနှစ်အထိ လျော့ကျသွားပေမယ့် ၂၀၂၂ ခုနှစ်အတွင်းမှာ ဒေါ်လာ ၆ ဘီလျံနဲ့ ၈ ဘီလျံကြားအထိ ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]












XS
SM
MD
LG