[[Zawgyi/Unicode]]
မြန်မာနိုင်ငံမှာ တရားဝင်အခြေချမဟုတ်တဲ့ နေရာတွေမှာ နေထိုင်သူ ၅ သောင်းကျော်ကို စစ်တပ်က အင်အားသုံးဖယ်ရှားတာ၊ အိုးအိမ်တွေ ဖျက်စီးပစ်တာဟာ အခြေခံအကျဆုံးလူ့အခွင့်အရေးကိုချိုးဖောက်မှုဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ ရန်ကုန်နဲ့မြို့ကြီးတချို့က ကျူးကျော်ရပ်ကွက်တွေကို စစ်အာဏာပိုင်တွေက ဒီရက်ပိုင်းအတွင်း ဖျက်ဆီးရှင်းလင်းနေတာပါ။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်နဲ့မန္တလေးနေရာတချို့မှာ နေထိုင်သူတွေကို ကျူးကျော်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာစစ်တပ်က နေအိမ်တွေကို အင်အားသုံး ရှင်းလင်းဖြိုဖျက်တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအရာရှိတွေက ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကြေညာချက်တစောင်ထုတ်ပြန်ပါတယ်။ ဒါဟာ စစ်ကောင်စီအနေနဲ့ အခြေခံအကျဆုံးလူ့အခွင့်အရေးပြဌာန်းချက်ကို ချိုးဖောက်မှုဖြစ်တယ်လို့ ကုလ လူ့အခွင့်အရေးအရာရှိတွေက ဝေဖန်ပါတယ်။
ကုလရဲ့ ထုတ်ပြန်ချက်ထဲမှာ ရန်ကုန်ုတိုင်း၊ မင်္ဂလာဒုံမြို့နယ်က ပျဉ်းမပင်ကျေးရွာ အုပ်စုမှာရှိတဲ့ မြေဧက ၅၀၀ ကျော်ပေါ်က ကျူးကျော်အဆောက်အဦး ၄,၀၀၀ ကျော်ကို ရက်ပိုင်းအတွင်း ဖယ်ရှားပေးဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားတဲ့ကိစ္စလည်းပါဝင်ပါတယ်။
ဒီနေရာမှာ အများစုက ဆယ်စုနှစ်နဲ့ချီ အခြေချနေထိုင်လာတာလို့ ဆိုပါတယ်။ ဖယ်ရှားခံရမယ့်အထဲမှာ ရပ်ကွက် ၅ ခုပါဝင်ပြီး အခြေချနေထိုင်သူပေါင်း ၁ သောင်းကျော် ရှိပါတယ်။ အဲဒီမှာ အခြေခံနေထိုင်ခဲ့သူတဦးကတော့ အနီးအနားမှာရှိတဲ့ ရပ်ကွက်ထဲမှာပဲ အများစုက ပြန်လည်ငှားရမ်း နေထိုင်ကြတယ်လို့ ပြောပါတယ်။
"အခု ကျောင်းသားတွေလည်း ပါတယ်။ အခိုင်အမာဆောက်တဲ့ ကျောင်းတွေလည်း ပါတာပေါ့။ အဓိက ရပ်ကွက်နှစ်ခုက ဓမ္မပါလနဲ့ ဂုန်ညှင်းနီ အဲဒါရပ်ကွက်အကြီး နှစ်ခုပေါ့။ အဆင့်အဆင့် ပြောင်းရင်းပြောင်းရင်းနဲ့ မြေကွက်တွေ ရောင်းစားရင်းနဲ့ ရပ်ကွက်တွေ ဖြစ်သွားတာ။ နှစ်ပေါင်း ၂၀ ကျော်ပြီပေါ့။"
နိုဝင်ဘာလ ၂၆ ရက်၊ ပြီးခဲ့တဲ့ စနေနေ့ကစပြီး အဲဒီရပ်ကွက်တွေမှာရှိတဲ့ နေအိမ်တချို့ကို စတင်ရှင်းလင်းတာတွေ ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေကို အင်အားသုံးဖယ်ရှားတာနဲ့ ပတ်သက်လို့ ကုလရဲ့ ထုတ်ပြန်ချက်ထဲမှာ နိုဝင်ဘာလ ၁၉ ရက်တုန်းက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်က ၃ ရပ်ကွက်မှာရှိတဲ့ အိမ်ခြေ ၁၀၀ ကျော်ကိုလည်း ကျူးကျော်ဆိုပြီး အင်အားသုံးဖယ်ရှားတဲ့ ကိစ္စလည်းပါဝင်ပါတယ်။ မန္တလေးမြို့မှာလည်း ကျူးကျော်ရပ်ကွက်တချို့နဲ့ မီးရထားသံလမ်းနဲ့ မလွတ်တဲ့နေအိမ်တွေကို စစ်ကောင်စီဘက်က ရှင်းလင်းဖြိုဖျက်တာတွေ ရှိပါတယ်။
စားဝတ်နေရေး ကြပ်တည်းနေချိန်မှာ အခုလို နေအိမ်တွေ ဖျက်စီးခံရတဲ့အတွက် နေရေးထိုင်ရေး ပြဿနာပါ ထပ်ရှိလာတယ်လို့ မြို့ခံတဦးက ပြောပါတယ်။ ကျူးတွေကိုရှင်းတယ်ဆိုပြီး စစ်ကောင်စီဘက်က အကြောင်းပြပေမယ့် တကယ်တမ်းမှာ လူတွေရဲ့ ဘဝတခုလုံးကို ရင်းထားရတဲ့နေရာတွေ ဖြစ်လို့ ဒါတွေက မြန်မာနိုင်ငံရဲ့ အမြစ်တွယ်လာတဲ့ ရွှေ့ပြောင်းနေထိုင်တဲ့ ပြဿနာကို ပိုပြီးကြီးထွားလာနိုင်တယ်လို့ ရန်ကုန်မြိုခံက ပြောပါတယ်။
"အများစုကတော့ ရွှေ့ပြောင်းသွားတာ တွေ့ရတယ်။ ဒါပေမဲ့ သူတို့ဘယ်ကို ရွှေ့ပြောင်းသွားလဲတော့ ကျနော်တို့ မသိနိုင်ဘူး။ နီးစပ်ရာ ဘုန်းကြီးကျောင်းလား၊ တခြားလွတ်လပ်တဲ့ နေရာလား။ နောက် တတ်နိုင်တဲ့လူ အနည်းစုပေါ့၊ သူတို့ကလည်း ရွှေ့သွားကြတာ ရှိတယ်ပေါ့။ ဒါတွေက မျက်မြင်ကတော့ ကျူးတွေကိုရှင်းတယ်ပေါ့။ ကျူးတွေကိုရှင်းတယ် ထားလိုက်ဦးတော့ ဒီလူမှုအသိုက်အဝန်းတွေက ဘူဒိုဇာနဲ့ ကော်ထုတ်ပစ်လို့ မရဘူးလေ။ ကျူးတယ်ဆိုတာ အိမ်တင်မဟုတ်ဘူး၊ လူမှုဘဝတွေပါ တွယ်ငြိနေတာလေ။ မြို့ကြီးပြကြီးဖြစ်ဖြစ်၊ ကျေးရွာပဲဖြစ်ဖြစ် အဲဒီရွေ့သွားတဲ့ ဒီရွှေ့ပြောင်းပြဿနာက ရှိတတ်တယ်။ ဒီဟာက နဂိုကတည်းကရှိတဲ့ ပြဿနာတောင် ဖြေရှင်းလို့မပြီးနိုင်တဲ့ အနေအထားတွေမှာ နောက်ထပ် ထပ်ပြီးတော့ အဲဒီဟာမျိုးကို ထပ်ပြီးတွန်းအားပေးသလို ဖြစ်သွားရင် ကျနော်တို့မြို့ကြီး အပါအဝင် မြို့တွေမှာက မလုံခြုံမှုများစွာနဲ့ ရှင်သန်ရမယ့် ပုံစံမျိုးတွေ ဖြစ်သွားမယ်။"
ပိုင်ဆိုင်မှုအထောက်အထားမရှိဘဲ ကျူးကျော်ဝင်ရောက်တာကြောင့် ရှင်းလင်းတာလို့ အာဏာပိုင်တွေဘက်က ပြောဆိုတာတွေရှိပေမဲ့ ကာယကံရှင်တချို့ကလည်း ရှင်းလင်းခံရတဲ့ မြေနေရာတွေဟာ သူတို့ဝယ်ယူပြီး တည်ဆောက်ထားတဲ့ နေအိမ်တွေဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုနေကြပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးကတည်းက အိမ်ခြေ ၃၈,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး လူပေါင်း ၁.၁ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့လည်း ကုလကပြောပါတယ်။ နေအိမ်တွေကို မတရားဖျက်စီးပြီး အတင်းအဓမ္မ နှင်ထုတ်တာ၊ လူနေအိမ်ခြေတွေကို မီးရှို့တာတွေဟာ လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာဖြစ်တယ်လို့ ကုလကပြောပါတယ်။ ဒါတွေကို စစ်အစိုးရအနေနဲ့ ချက်ချင်းရပ်တန့်ရမယ်လို့လည်း ကုလအရာရှိတွေက တောင်းဆိုထားပါတယ်။
========================
[[Unicode]]