[[Zawgyi/Unicode]]
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတည်ဆောက်ဖို့ စမ်းသပ်စစ်ဆေးတာနေတာကြောင့် ကျောက်ဖြူ သံဇစ်မြစ်ကို အားကိုးပြီး အသက်မွေးဝမ်းကြောင်းနေကြတဲ့ ဒေသခံရေလုပ်သားတွေ ငါးဖမ်းမရဘဲ အခက်ကြုံနေရတယ်လို့ ရေလုပ်သားတွေက ပြောပါတယ်။ ဒါကြောင့် ဒေသခံတွေရဲ့ဆန္ဒမပါပဲ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ စီမံကိန်းကို အလိုမရှိဘူးဆိုတဲ့ ကန့်ကွက်စာတချို့ မနေ့က သံဇစ်မြစ်အတွင်းမှာ ရေလုပ်သားတချို့က ချိတ်ဆွဲခဲ့ကြပါတယ်။ ကျောက်ဖြူ ရေနက်စီမံကိန်းအပေါ် ဒေသခံတွေရဲ့ ကန့်ကွက်ပြောဆိုချက်တွေအကြောင်း ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ သံဇစ်မြစ်အတွင်း ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် လျာထားတဲ့နေရာမှာ မြစ်ကြမ်းပြင်က ကျောက်တွေကိုဖေါက်တဲ့လုပ်ငန်းတွေ စလုပ်နေတာကြောင့် ဒေသခံ ရေလုပ်သားတွေ အခက်ကြုံနေရတယ် လို့ သံဇစ်မြစ်အတွင်းမှာ ငါးဖမ်းနေတဲ့ ရေလုပ်သားတဦးကပြောပါတယ်။
“ စီမံကိန်းတည်ဆောက်မယ်ဆိုပြီး၊ EIA SIA လုပ်မယ်ဆိုပြီး ဘယ်အဖွဲ့ကလွှတ်တာလဲတော့ ကျနော်တို့လည်းမသိဘူး။ သင်္ဘောကြီးတွေနဲ့လာပြီးတော့ ကျနော်တို့ မြစ်မှာရှိတဲ့ ကျောက်တန်းတွေကို ထုတာလား၊ ရေအောက်မှာ ရှိတဲ့ ကျောက်ကို ယူတာလား ကျနော်တို့လည်းမသိဘူး။ ရေအောက်မှာရှိတဲ့ ကျောက်ဆောင်တွေကို ဖောက်နေတာတော့ တလကျော် လောက်ရှိပြီ။ အဲလိုလုပ်နေတော့ ရေလုပ်သားတွေ အတော်အခက်တွေ့တယ်။ အဲဒီသင်္ဘောတွေက ကျနော်တို့ ငါးဖမ်းနေတဲ့ပိုက်တွေထဲ လာတဲ့အခါလည်းလာတယ်။ ကျားပိုက်ဆိုရင် တော်တော်အခက်တွေ့ တယ်၊ သူတို့ ချထားတံ ကျောက်တွေမှာ ပိုက်တွေငြိလို့ပျက်စီးဆုံးရှုံးတာလည်းရှိတယ်။”
ဒေသခံရေလုပ်သား ငါးထောင်ကျော်လောက် မှီခိုအားထားပြီးတော့ လုပ်ကိုင်စားသောက်နေကြတဲ့ သံဇစ်မြစ်အတွင်းမှာ မဒေးကျွန်း ရေနက်ဆိပ်ကမ်းတည်ဆောက်ပြီး နောက်ပိုင်း သားငါးပုစွန်တွေ ရှားပါးလာတယ်လို့လည်း ရေလုပ်သားတွေက ပြောဆိုကြပါတယ်။
လက်ရှိမှာလည်း ကျောက်ဖြူရေနက်ဆိပ်ကမ်းတည်ဖို့ ပြင်ဆင်နေတာကြောင့် ရေလုပ်သားတွေရဲ့ စားဝတ်နေရေးတွေ သိသိသာသာထိခိုက်လာတယ်လို့ ရေလုပ်သားတဦးကပြောပါတယ်။
“ အရင်တုန်းကဆိုရင် အဲဒီမြစ်ထဲကိုဆင်းလိုက်ရင် မိသားစု စားဝတ်နေရေး အဆင်ပြေတယ်။ ပညာရေး၊ ကျန်းမာရေး ကျနော်တို့ မိသားစားဝတ်နေရေးကို အဲဒီမြစ်က ဖြေရှင်းပေးနိုင်တယ်။ အခုနောက်ပိုင် ဒီစံမံကိန်းတွေ ပေါ်လာပြီးနောက်ပိုင်းမှာ ငါးတွေ၊ ပုဇွန်တွေ ရှားလာတာပေါ့နော်။ ကိုယ့်ဒေသမှာနေပြီး လုပ်ကိုင်စားသောက်လို့မရတော့ ကျနော်တို့ကျွန်းကဆိုရင် အရင်က ထိုင်းတို့မလေးတို့ကို သွားတာ။ တယောက်နှစ်ယောက်လောက်ပဲ ရှိတယ်။ အခုဆိုရင် တရက်မှာ ၁၀ ယောက်လောက်ကို သွားနေကြတာ။ မိသားစုစားဝတ်နေရေးအတွက် နိုင်ငံခြားကို ထွက်သွားကြသူတွေ တနေ့ထက် တနေ့ များလာတာပေါ့။”
ဒါ့အပြင် အဲဒီရေနက်ဆိပ်ကမ်းဧရိယာအတွင်းမှာ လုပ်ကိုင်စားသောက်နေကြတဲ့ ရေလုပ်သားတွေအနေနဲ့ ရေလုပ်ငန်းကလွဲရင် လုပ်ကိုင်စားသောက်စရာမရှိတာကြောင့် အစားထိုးလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်တခုခုကို ဒေသခံတွေအတွက် ဖန်တီးပေးသင့်တယ်လို့လည်း ရေလုပ်သားတဦးကပြောပါတယ်။
“ကျနော်တို့ ဖြစ်စေချင်တာကတော့ အဲဒီမှာရှိတဲ့ ရေလုပ်သားတွေကို ငါးဖမ်းလို့ရအောင် နည်းပညာတွေပေးစေချင်တယ်။ တကယ်လို့ အဲဒီနေရာမှာ ငါးဖမ်းလို့လုံးဝမရတော့ဘူးဆိုရင် ဒီက တံငါလုပ်နေတဲ့ ဒေသခံတွေကို အသက်မွေးဝမ်းကြောင်းပညာ- တခုခု သင်တန်းတွေ ဘာတွေ ပို့ချပေးစေချင်ပါတယ်။”
ဒေသခံတွေအတွက် ထိခိုက်နစ်နာမှုတွေရှိနေတဲ့ ကျောက်ဖြူရေနက်စီမံကိန်းကို ဒေသခံတွေ သဘောမတူကြဘူးလို့လည်း ကျောက်ဖြူအထူးစီးပွားရေးဇုန်လေ့လာစောင့်ကြည့်ရေးအဖွဲ့ Kyaukphyu SEZ Watch ရဲ့ ပြောခွင့်ရ ဦးထွန်းကြည်က ပြောပါတယ်။
“ ကျောက်ဖြူ SEZ နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ဒေသခံတွေဘက်ကတော့ အမှန်အတိုင်းပြောရင်တော့ အလုပ်အကိုင် အခွင့်အလမ်းရှားပါးတဲ့ဒေသဖြစ်တဲ့အတွက် အလုပ်ရုံ စက်ရုံတွေကို ဒေသခံတွေက မျှော်လင့်ကြတာကို တွေ့ရတယ်။ ရေနက်ဆိပ်ကမ်းကတော့ စောစောက ကျနော်ပြောသလိုပဲ- ရေနက်ဆိပ်ကမ်းသာဆောက်ဖြစ်ရင် ရေလုပ်ငန်းတွေ အကုန်လုံး ပျက်စီးသွားမယ်ဆိုတာ ငြင်းမရတဲ့ အချက်ဖြစ်တယ်။ ဒါကြောင့် ဒေသခံ အများစုတော့ ဒီစီမံကိန်းပေါ်မှာ လိုလားမှုမရှိကြဘူး။ ပြီးခဲ့တဲ့နှစ်က ကျနော်တို့လုပ်ခဲ့တဲ့သုတသနတခုအရဆိုရင် လက်ရှိကာလမှာ ဒီစီမံကိန်းအကောင်အထည်ဖော်ဖို့ကို ဒေသခံအများစု ဆန့်ကျင်ထားကြတာကို ကျနော်တို့ တွေ့ရတယ်ဗျာ။”
မနေ့ကလည်း ဒေသခံရေလုပ်သားတွေဟာ ဒေသခံတွေရဲ့သဘောတူညီချက်မပါတဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းတွေ ချက်ချင်းရပ်ဆိုတဲ့ စာတန်းတွေပါတဲ့ ဗွီနိုင်းတွေကို သံဇစ်မြစ်ကမ်းတလျှောက် ဒီရေတောတွေမှာ ချိတ်ဆွဲ ကန့်ကွက်ခဲ့ကြပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင် သဘောတူညီချက်ကို ပြီးခဲတဲ့ ၂၀၁၈ ခုနှစ်ကတည်းက မြန်မာအစိုးရနဲ့ တရုတ်အစိုးရပိုင် CITIC Consortium တို့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ လက်ရှိအာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒီရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် အကောင်အထည်ဖော်လုပ်ဆောင်ဖို့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုစီးပွားအပေါ် အကျိုးသက်ရောက်မှု၊ နစ်နာမှုဆိုင်ရာဆန်းစစ်ချက် EIA ၊ SIA စစ်တမ်းတွေ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် စမ်းသပ်တာတွေ စတင်လုပ်ဆောင်နေပါတယ်။
===============
[[Unicode]]