[[Zawgyi/Unicode]]
ကလေး-ဂန့်ဂေါလမ်း သွားလာရေးခက်ခဲ
စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက ကလေး-ဂန့်ဂေါ အဓိက ကားလမ်းမကြီး ဖြတ်သန်းသွားလာခွင့်ကို နိုဝင်ဘာလ ၃ ရက် ဒီနေ့မပိုင်းကစပြီး မြန်မာစစ်တပ်က ပိတ်လိုက်တယ်လို့ ဒေသခံတွေက VOA ကို ပြောပါတယ်။ ကလေး-ဂန့်ဂေါလမ်းမှာ စစ်တပ်ဘက်ကဖြစ်စေ ဒေသခံလက်နက်ကိုင်အဖွဲ့တွေကဖြစ်စေ လုံခြုံရေးကြောင့်ဆိုပြီး ပိတ်ပင်ကန့်သတ်တာမျိုး မကြာခဏ ကြုံရတာကြောင့် ဒေသခံအတွက် ခရီးသွားလာမှုနဲ့ ကုန်စည်ပို့ဆောင်ဖို့ အခက်အခဲတွေကြုံနေရတယ်လို့ ပြောပါတယ်။ ကလေးမြို့တောင်ပိုင်း အခြေအအနေ သတင်းပေးပို့ချက်ကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။
ကလေး-ဂန့်ဂေါ ကားလမ်းမကြီးပေါ်မှာ မြန်မာစစ်တပ်နဲ့ PDF တပ်ဖွဲ့တွေကြား ပစ်ခတ်တိုက်ခိုက်တာတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ စစ်ရေးတင်းမာနေတဲ့ အခြေအနေပေါ် မူတည်ပြီး ဒီလမ်းမကြီးပေါ်က လမ်းပိုင်းတွေကို နှစ်ဘက်လုံးက ပိတ်ပင်ကန့်သတ်တာတွေ ရှိတယ်လို့ ဒေသခံက ပြောပါတယ်။ ဒီနေ့ ကြာသပတေးနေ့မှာလည်း မြန်မာစစ်တပ်ဘက်က ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်တာမို့ ဒီတခါပိတ်ချိန် ဘယ်လောက်ကြာမယ် မသိသေးရဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
“သူတို့ စစ်ကောင်စီဘက်က ပိတ်လိုက်လို့ ပြည်သူတွေ ဖြတ်သန်းသွားလာတာ မသွားကြနဲ့အုံး၊ မလာကြနဲ့အုံးပေါ့၊ ပြန်လှည့်ဆိုတာပေါ့။ အခြေအနေပေါ်မှာ မူတည်ပြီးတော့မှ ပိတ်ကြတာဗျ။ ရက်ကန့်သတ်ချက်ဆိုတာ မရှိဘူး။ ၂ ရက် ၃ ရက် ၄၊ ၅ ရက်လည်း ပိတ်ချင်ပိတ်တယ်၊ တလ ပိတ်ချင်ပိတ်တယ် သူတို့။”
အောက်တိုဘာ ၃၁ ရက်နေ့က ကလေးမြို့နယ်တောင်ပိုင်း နည်းပညာတက္ကသိုလ် အနီးတဝိုက်မှာ မြန်မာစစ်တပ် မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်သားတချို့သေဆုံးမှုတွေရှိပြီးတဲ့နောက် စစ်တပ်ဘက်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပုံရတယ်လို့ ဒေသခံက ပြောပါတယ်။ ကလေးမြို့ခံတဦးကတော့ မကြာခဏ ဖြတ်သန်းသွားလာမှုတွေ ပိတ်ပင်ခံရတဲ့ အခြေအနေကို ခုလို ပြောပါတယ်။
“အဲ့ဘက်မှာက အဖွဲ့စုံရှိတော့လေ- နှစ်ဘက်အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တော့ အဲ့ကြောင့်မို့လို့ သွားခွင့်ပြုလိုက် မပြုလိုက်၊ အဲ့လိုဖြစ်သွားတာပေါ့နော်။ ပိတ်ရင်လည်း ပိတ်တယ်။ အချိန်တိုင်းဖြစ်နေတာပါ။ ညနေပိတ်ရင် မနက်ကျလည်း ဖွင့်ရင်ဖွင့်တာ။ အဲ့လို။ ပုံသေကြီးမရှိတာ့ဘူးပေါ့နော်။ ဆိုလိုတာ ဒီဘက်တပ် ဒီဘက်စစ်ကြောင်းထိုးသွားတယ်ဆိုလို့ရှိရင် ဟိုမှာ တိုက်ပွဲဖြစ်နိုင်တယ်၊ ဖြစ်ရင် လူတွေထိမှာစိုးလို့ ပိတ်ပင်တာ- အဲ့လိုမျိုးပေါ့။”
ကလေး-ဂန့်ဂေါ ကားလမ်းမကြီးပေါ်မှာ သွားလာခွင့် ပိတ်ပင်ကန့်သတ်ခံရတဲ့အတွက် ဒေသခံတွေ ခရီးသွားလာဖို့နဲ့ ကုန်စည်ပို့ဆောင်ရေးအတွက်ပါ အခက်အခဲတွေ ရင်ဆိုင်ရတဲ့အကြောင်း အဲ့ဒီမြို့ခံက ဆက်ပြောပါတယ်။
“အဲ့ဒီဘက်တွေက မကြာခဏတိုက်ပွဲဖြစ်တော့ တိုက်ပွဲဖြစ်တဲ့ဒေသတွေရဲ့ ထုံစံအတိုင်းပေ့ါနော်၊ အဲ့ဒါ ပိတ်သွားတယ်ဆိုလို့ရှိရင် ကုန်စည်သယ်စရာရှိတယ်ဆို မသယ်နဲ့အုံး၊ ခဏစောင့်အုံးပေါ့၊ ဒါလမ်းပွင့်တယ် သွားလို့ရပြီဆိုရင် သွားပေါ့။ တခါတခါကျရင် တချို့အရေးကြီးတာဘာဆိုလို့ရှိရင် ပြောဆိုပြီးသွားလို့တော့ ရပါတယ် (ဥပမာ) လူနာပေါ့ဗျာ။”
ကလေးမြို့တောင်ပိုင်းက ကလေး - ဂန့်ဂေါ မြို့နယ်အတွင်း အဓိကကျေးရွာတွေကို စစ်တပ်က မကြာခဏ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့အတွက် ဒေသခံရွာသားတွေလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်နေကြရပါတယ်။ စစ်ရေးအခြေအနေတင်းမာနေပြီး တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြရသလို လုံခြုံရေးအကြောင်းပြ လမ်းတွေပိတ်ပင်ခံရတာ၊ အသွားအလာ ကန့်သတ်တာတွေကြောင့် ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ထိခိုက်သလို ကုန်စည်ပို့ဆောင်ရေးတွေလည်း အဟန့်အတားတွေ ကြုံနေကြရပါတယ်။
================
[[Unicode]]