သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူ-ကိုးထောင်ဘို့ရွာ တပ်စွဲတဲ့ စစ်ကောင်စီတပ် ရွာ ၃ ရွာကို လက်နက်ကြီးနဲ့ ပစ် (ဒေသခံ)


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာ KoeTaungBoh village in Kanbalu, Sagaing (Crd: MIMU)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာ KoeTaungBoh village in Kanbalu, Sagaing (Crd: MIMU)


[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးထောင်ဘို့ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့ ဩဂုတ်လ ၁ ရက်မနက်ပိုင်းက အင်ပင်သာ ၅၀၀ ကွင်း အုပ်စု၊ လက်ပံလျှိုရွာအပါအဝင် ကျေးရွာ ၃ ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇူလိုင်လ ၂၈ ရက်နေ့က ကိုးထောင်ဘို့ရွာမှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

ကန့်ဘလူမြို့နယ်ထဲကကျေးရွာတွေဟာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးတွေကြောင့် မီးရှို့ခံရတာတွေရှိသလို ရွာလုံးကျွတ် စစ်ဘေးရှောင်နေကြရတာတွေလည်း ရှိကြပါတယ်။ ဒီကနေ့မနက်အစောပိုင်းက ကန့်ဘလူမြို့နယ် ကိုးထောင်ဘို့ ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက အင်ပင်သာ ၅၀၀ ကွင်းအုပ်စုထဲက လက်ပံလျှိုရွာ၊ ဇီးကုန်းရွာနဲ့ အင်ပင်သာရွာတို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်စီးတယ်လို့ ဒေသခံတွေကပြောပါတယ်။

"ဒီမနက် လင်းလင်းချင်းကို သူတို့ တောဘက်ထွက်သွားတာတဲ့ ဟုတ်တယ်။ လက်ပံလျှို၊ လက်ပံလျှိုကနေမှာ အခု ဇီးကုန်းကိုရောက်ပြီ။ ကျနော်တို့ အဲ့နားမှာ ၃ ရွာပေါ့၊ အင်ပင်သာတို့ အဲ့နားမှာ ရောက်နေပြီ။ အခုက သူတို့ လက်နက်ကြီးတွေနဲ့ ပစ်ဝင် ဝင်ပြီးတော့မှ အဲ့မှာ နေနေတာ၊ အခု ကျနော်တို့ဘက်က ရဲဘော်တွေ တက် သွားတယ်။ အခု ကျနော်တို့တောင်မှ ရွာဘက်ကိုလာပစ်လို့ ၇ ချက်လောက်။ ဇီးကုန်းရွာကို။ အထိအခိုက်ကကျတော့ ခုလောလောဆယ်က အဲ့ဘက်တွေက ဖုန်းလိုင်းတွေက ပြတ်တယ်ဗျ၊ အဲ့ဘက်က ရဲဘော်တွေ ပြန်လာမှ သိရမယ်။"

ဇူလိုင်လ ၂၈ ရက်နေ့ကလည်း ကိုးထောင်ဘို့ရွာမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ သစ်တောရွာအနီးမှာ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြပြီးတော့ စစ်ကောင်စီဘက်က ၈ ဦးသေဆုံးပြီး ၃၀ ကျော်လောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အဲ့ဒီနေ့ကတော့ တော်တော်ဖြစ်တယ် ဟိုဘက်ကရော၊ ဒီဘက်ကရော၊ သစ်တောနဲ့ တောင်ကမူကြားမှာဖြစ်တာ။ ပြင်းထန်တယ်။ တိုက်ပွဲက မနက် ၄ နာရီကစတာ နေကုန်ပဲ။ ဒီဘက် (PDF) ကတော့ လောလောဆယ် အနေအထားကတော့ ဘာမှတော့ အထိအခိုက်မရှိဘူး။ ဟိုဘက်ကတော့ ၃၀ ဒဏ်ရရာတာနဲ့ သေတာကတော့ ၈ ယောက်။"

စစ်ကောင်စီဘက်က အကျအဆုံးနဲ့ ဒါဏ်ရာရ အရေအတွက်နဲ့ ပတ်သက်လို့ VOA က သီးခြားအတည်ပြုလို့ မရသလို စစ်ကောင်စီပြန်ကြားရေးကလည်း တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ကောင်စီတပ်တွေဟာ သူတို့ စခန်းချရာ ကိုးထောင်ဘို့ရွာကနေပြီး အနီးဝန်းကျင်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နေ့နေ့ညည ပစ်ခတ်တာကြောင့် အနီးဝန်းကျင်က စစ်ရှောင်တွေဟာ ကြောက်လန့်တကြားဖြစ်နေရတယ်လို့ ခုလိုပြောပါတယ်။

"အခုရက်ပိုင်းကတော့ ညကို လက်နက်ကြီးတွေနဲ့ ၂ ချက်၊ သုံးချက်ပစ်တယ်။ လက်နက်ငယ်တွေနဲ့ကတော့ အမြဲတမ်းလိုလိုပေါ့။ တိုက်ပွဲဖြစ်တဲ့ ပုံစံမျိုးကို သူတို့က ပစ်နေတာ။ ဒီတိုင်းပစ်နေတာ။ သူတို့က။ ကျနော်တို့ကလည်း ဒီဘက်က ၂ ချက်၊ သုံးချက်- အဲ့လိုအသံပေးပြီးတော့မှ ထိန်းထားရတာပေါ့။ ကင်းကတော့ ညတိုင်းစောင့်နေရတယ်။ သူတို့မသင်္ကာတဲ့သူဆိုရင် နာမည်နဲ့ လာလာဖမ်းတာရှိတယ်။ ဟိုတလောတုန်းက ၂၅ ရက်နေ့လောက်ကတုန်းက ၂ ယောက်ဖမ်းပြီးတော့ စစ်ခံရတယ်။ အဲ့ ၂ ယောက်က ခုကတော့ ပြန်လွှတ်လိုက်ပါပြီ။"

ဒီစစ်ကောင်စီတပ်တွေဟာ ကိုးထောင်ဘို့ရွာမှာ စခန်းချတပ်စွဲနေတာ ၈ လဝန်းကျင်လောက် ရှိနေပါပြီ။ အဲ့ဒီစစ်ကောင်စီတပ်တွေက အနီးဝန်းကျင်က ရွာတွေကို နယ်မြေရှင်းလင်းတာနဲ့ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးတာတွေကြောင့် ဒေသခံတွေဟာ ကျေးရွာတွေကို ပြန်ဝင်မနေရဲကြတော့ဘဲ စစ်ဘေးရှောင်နေကြရတာဟာ ၃ လကျော်လောက် ရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

PDF ကာကွယ်ရေးတပ်တွေဟာ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီး စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း နယ်မြေရှင်းလင်းရေး စစ်ဆင်မှုတွေကို တိုးပြီးလုပ်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

==================


[[Unicode]]












XS
SM
MD
LG