သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေအစိုးရဝန်ကြီးအဖွဲ့မှာ အတိုက်အခံတွေ တာဝန်ပေးအပ်ခြင်း မခံရ


ဇင်ဘာဘွေသမ္မတသစ် Emmerson Mnangagwa
ဇင်ဘာဘွေသမ္မတသစ် Emmerson Mnangagwa

ဇင်ဘာဘွေသမ္မတသစ် Emmerson Mnangagwa ဟာ အစိုးရသစ်ရဲ့ ထိပ်တန်းရာထူးတွေကို စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိတွေကို တာဝန်ပေးအပ်လိုက်ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားက ကြေညာလိုက်ပါတယ်။

မနေ့နှောင်းပိုင်းက ကြေညာချက်အရ အဖွဲ့ဝင် ၂၂ ဦး ပါဝင်တဲ့ အစိုးရအဖွဲ့ထဲမှာ အတိုက်အခံတွေ ပါဝင်တာ မတွေ့ရတဲ့အတွက်၊ သမ္မတဟောင်း Robert Mugabe နဲ့ မတူဘဲ နိုင်ငံရေးမှာ အများပါဝင်ခွင့်ရမယ့် အခြေအနေမျိုး သမ္မတသစ်က ဖန်တီးပေးလိမ့်မယ်လို့ မျှော်လင့်နေတာတွေလည်း မှေးမှိန်သွားပါတယ်။

ဇင်ဘာဘွေ နိုင်ငံကို နှစ်ပေါင်း ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ အသက် ၉၃ နှစ်အရွယ် Mugabe ကိုတော့ စစ်တပ်က ဖယ်ရှားလိုက်ပြီး၊ အာဏာရ ZANU-PF ပါတီတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေကပါ ထောက်ခံမှု မပေးတော့ပဲ နိုင်ငံရေးအရ ဖိအားပေးတာတွေ ခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ရာထူးကနေ နှတ်ထွက်သွားခဲ့တာပါ။

Mugabe ကို နေအိမ်မှာအကျယ်ချုပ် ထိန်းသိမ်းထားပြီး၊ အစိုးရအာဏာကို စစ်တပ်က ထိန်းချုပ်လိုက်ကြောင်း အစိုးရပိုင် ရုပ်မြင်သံကြားမှာ ကြေညာခဲ့တဲ့ ကြည်းတပ်က စစ်ဗိုလ်ချုပ် Sibusio Moyo ကတော့ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာပါတယ်။ လေတပ်စစ်ဦးစီးချုပ် Perence Shiri ကတော့ မြေယာနဲ့ စိုက်ပျိုးရေးဝန်ကြီး ဖြစ်လာခဲ့တာပါ။ လေတပ်ဦးစီးချုပ်ဟာ သမ္မတဟောင်း Mugabe လက်ထက်မှာ အရပ်သား ၂ သောင်းလောက် သေဆုံးခဲ့ရတဲ့ ဇင်ဘာဘွေနိုင်ငံ အနောက်ပိုင်း Matabeleland က Ndebele လူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ဆက်နွယ်နေသူ တဦးလည်း ဖြစ်ပါတယ်။

ဇင်ဘာဘွေနိုင်ငံ ဗြိတိသျှကိုလိုနီလက်အောက်က လွတ်လပ်ရေးရဖို့ ကြိုးပမ်းမှုတွေမှာ Mugabe နဲ့အတူ တိုက်ပွဲဝင်ခဲ့ကြသူတွေ ပါဝင်ဖွဲ့စည်းထားပြီး၊ သြဇာအရှိန်အဝါကြီးမားတဲ့ စစ်ပြန်စစ်မှုထမ်းဟောင်း အသင်းရဲ့ အကြီးအကဲ Chris Mutsvangwa ကတော့ ပြန်ကြားရေးဝန်ကြီး ဖြစ်လာပါတယ်။ ကျန်အစိုးရအဖွဲ့ဝင် အများအပြားဟာလည်း သမ္မတဟောင်း Mugabe လက်ထက်က လူဟောင်းတွေ ဖြစ်ကြပါတယ်။ အဓိကအတိုက်အခံခေါင်းဆောင် Morgan Tsvangirai ကတော့ အစိုးရသစ်နဲ့ ဆွေးနွေးပြောဆိုနေတာမျိုး မရှိတဲ့အကြောင်း AP သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG