သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကို ခုခံဖို့ တာဝေးပစ်လက်နက်တွေ အသုံးပြုခွင့် ယူကရိန်းသမ္မတ တောင်းဆို


တာဝေးပစ်လက်နက်များ
တာဝေးပစ်လက်နက်များ

ယူကရိန်းအနေနဲ့ သူတို့ရဲ့ မြို့တွေနဲ့ ရှေ့တန်းမှာရှိတဲ့ တပ်ဖွဲ့တွေကို ရုရှားဘက်က ဒရုန်းတွေ ၊ ဗုံးတွေနဲ့ တိုက်ခိုက်တာကနေ ကာကွယ်ဖို့အတွက် တာဝေးပစ်လက်နက်တွေသုံးဖို့ လိုအပ်တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောလိုက်ပါတယ်။

ရုရှားက မနေ့ညက ဒရုန်းတွေ ဒုံးကျည်တွေနဲ့ အကြီးအကျယ် တိုက်ခိုက်ခဲ့ပြီး၊ ဒါဟာ ၂ ပတ်အတွင်း ရုရှားဘက်က ၅ ကြိမ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရုရှားဘက်က အဲဒီလို တိုက်ခိုက်တာတွေကို ကိဗ်မြို့ကို မရောက်ခင်မှာ ယူကရိန်းရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်က ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။

ရုရှားဘက်က မနေ့ညက ပစ်လိုက်တဲ့ ဒရုန်း ၃၉ စင်းထဲက ၃၅ စင်းနဲ့ ပဲ့ထိန်းဒုံးကျည် ၂ စင်းကို ပစ်ချနိုင်ခဲ့ပြီး၊ ရုရှားဟာ အဲဒီလက်နက်တွေနဲ့ ယူကရိန်းရဲ့ ဒေသ ၁၀ ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ယူကရိန်းစစ်တပ်က တယ်လီဂရမ်မှာ ပြောထားပါတယ်။

ကိဗ်ကိုတော့ ဒရုန်းဘယ်နှစ်စင်းနဲ့ ပစ်မှတ်ထား တိုက်ခိုက်တယ်ဆိုတာ မသိရပေမယ့်၊ ထိခိုက်ပျက်စီးတာနဲ့ သေဆုံးတာတွေ ထူးထူးခြားခြား မရှိဘူးလို့ ကိဗ်မြို့ ကွပ်ကဲရေးရုံးအကြီးအကဲ Serhiy Popko က တယ်လီဂရမ်ကနေ ပြောပါတယ်။ မနေ့တညတည်းမှာ ရုရှားဘက်က Shaheds ဒရုန်း ၄၀ လောက်နဲ့ ပစ်ခဲ့ပြီး အတော်များများကို ပစ်ချနိုင်ခဲ့တယ်လို့ သမ္မတဇလင်စကီးက တယ်လီဂရမ်ကနေ ပြောပါတယ်

ရုရှားဘက်က ယူကရိန်းကို လေကြောင်းကနေ ဝင်ရောက်စီးနင်း တိုက်ခိုက်တာတွေ မလုပ်နိုင်အောင် ကာကွယ်ဖို့ ရုရှားရဲ့ ဗုံးကျဲလေယာဉ်တွေကို သူတို့ရဲ့ လေတပ်အခြေစိုက်စခန်းမှာ ဖျက်စီးပစ်ဖို့ လိုတယ်လို့ သမ္မတဇလင်းစကီးက ပြောပါတယ်။

ရုရှားကို တာဝေးပစ် လက်နက်တွေနဲ့ တိုက်ခိုက်တာကို ခွင့်ပြုဖို့ သမ္မတဇလင်းစကီးက ပြီးခဲ့တဲ့သောကြာနေ့က လန်ဒန်မြို့မှာ အနောက်မဟာမိတ်တွေကို ထပ်တောင်းဆိုလိုက်ပြီး၊ အဲဒီ တာဝေးပစ်လက်နက်တွေ အသုံးပြုတဲ့အပေါ် ကန့်သတ်ထားတာကို ဖယ်ရှားပေးဖို့ ဗြိတိန်အနေနဲ့ သူတို့ရဲ့ မဟာမိတ်တွေကို ပြောဆိုစည်းရုံးသင့်တယ်လို့လည်း ပြောပါတယ်။

Forum

XS
SM
MD
LG