အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးဟာ အလျှင်အမြန် ဖွံ့ဖြိုးလာနေပေမယ့်လည်း၊ တိုင်းပြည်ရဲ့ အလွန်များပြားတဲ့ လူငယ်တွေအတွက် အလုပ်အကိုင်တွေ လုံလောက်အောင် မဖန်တီးနိုင်သေးဘဲဖြစ်နေပါတယ်။ အိန္ဒိယအစိုးရက အလုပ်အကိုင်တွေ ဖန်တီးနိုင်အောင် နိုင်ငံတကာ လုပ်ငန်းတွေကို ဆွဲဆောင်နေပေမဲ့ အလုပ်အကိုင် လိုအပ်ချက်ကို လိုက်မမီဘဲဖြစ်နေပါတယ်။ အလုပ်ကောင်းကောင်းရဖို့က ဘွဲ့ရလူငယ်တွေအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Anjana Pasricha သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
နည်းပညာနဲ့ ဘွဲ့ရတဲ့ Rahul Singh ဟာ ပုဂ္ဂလိက ကုမ္ပဏီကနေ အလုပ်ထွက်ပြီးကတည်းက အိန္ဒိယအစိုးရအလုပ်ရဖို့အတွက် အိန္ဒိယနိုင်ငံရဲ့ ICS စာမေးပွဲကို ဖြေဆိုဖို့အတွက် နယူးဒေလီမြို့မှာ ၂ နှစ်ကြာ သင်တန်းတက်နေတာဖြစ်ပါတယ်။ နည်းပညာဘွဲ့ရတဦးဖြစ်တဲ့ Rahul Singh က "ကျနော်အနေနဲ့ အလုပ်အာမခံချက်ရှိချင်တဲ့အတွက် အစိုးရအလုပ်ကိုလိုချင်ပါတယ်။ တကယ်လို့ရခဲ့ရင်၊ ကျနော်ဘဝ လမ်းကြောင်းမှန်ပေါ် ရောက်သွားမှာဖြစ်ပါတယ်။" လို့ပြောပါတယ်။
ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ တက္ကသိုလ်ကနေ ပုံမှန်ဘွဲ့ရလာသူတွေနဲ့ မဟာဘွဲ့ရတဲ့သူ ထောင်ပေါင်း များစွာဟာ ပြိုင်ဆိုင်မှုအရမ်းများတဲ့ ICS စာမေးပွဲကို ဖြေဆိုနိုင်ဖို့အတွက် သင်တန်းတွေနှစ်နဲ့ချီပြီး တက်နေကြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခွင့်အလမ်းက နည်းပါးလွန်းပြီး ဝင်ဖြေတဲ့သူတွေထဲက အောင်တဲ့သူက ၁ ရာခိုင်နှုန်းရဲ့ ၄ ပုံ ၁ ပုံအောက်မှာပဲရှိပါတယ်။ ဒါပေမဲ့လည်း လစာကောင်းတဲ့အလုပ်က ရှားပါးတာကြောင့် အတော်များများက ဒါကို ဝင်ဖြေနေကြတာဖြစ်ပါတယ်။
Akash Bhardwaj ဟာ စီးပွားရေး နဲ့ ဘွဲ့ရပြီးတဲ့နေရာက် တလကို ဒေါ်လာ ၂၀၀ ပဲ ရတဲ့ စာရင်းကိုင်အလုပ်ကို မကြိုက်တဲ့အတွက် အစိုးရအလုပ် လိုချင်နေပါတယ်။ စီးပွားရေးဘွဲ့ရထားသူ Akash Bhardwaj က "ပုဂ္ဂလိကလုပ်ငန်းတွေမှာတော့ ကျနော်အနေနဲ့ လစာ နဲ့ အကျိုးခံစားခွင့် ကောင်းကောင်းမရနိုင်ပါဘူး။" လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံလူဦးရေ ၁.၄ ဘီလျံရဲ့ ထက်ဝက်လောက်နီးနီးဟာ အသက် ၂၅ နှစ်အောက်တွေ ဖြစ်ကြပါတယ်။ Bhardwaj နဲ့ Singh တို့လိုမျိုး ကျေးလက်ဒေသကလူငယ်တွေ အများအပြားဟာ တက္ကသိုလ်ကနေ ဘွဲ့ရပြီး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာနေတာနဲ့ အမျှ မြို့ကြီးတွေကို ပြောင်းလာဖို့ မျှော်လင့်နေကြပါတယ်။
ဒါပေမဲ့ အစိုးရဆီမှာ မှတ်ပုံတင်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေက အလုပ်အကိုင် အားလုံးရဲ့ ၈ % ပဲ ရှိတာဖြစ်ပါတယ်။ အိန္ဒိယအစိုးရ အလုပ်အကိုင်တွေပိုပြီး ဖန်တီးနိုင်အောင် နိုင်ငံတကာ လုပ်ငန်းတွေကို ဆွဲဆောင်နေပေမဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ကတော့ လိုအပ်ချက်ကို လိုက်မမီဘဲဖြစ်နေပါတယ်။
စီးပွားရေးပညာရှင် Arun Kumar ကတော့ "အစိုးရဆီမှာ မှတ်ပုံတင်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ ၊ ကုမ္ပဏီတွေဟာ အခုအခါမှာ လူတွေအစား အလိုလျှောက်အသုံးပြုနိုင်တဲ့ စက်ယန္တရားတွေကို အများအပြားနဲ့ AI လို့ခေါ်တဲ့ ဉာဏ်ရည်တုနည်းပညာတွေကို တိုးပြီးတော့ သုံးလာနေတာကြောင့် အလုပ်အကိုင်တွေ ဖန်တီးတာအစား အလုပ်အကိုင်တွေကို လျှော့ချလာနေပါတယ်။ ဒါကြောင့် တခါတရံမှာတော့ ဒါကို အလုပ်အကိုင်သစ်တွေမဖန်တီးတဲ့ စီးပွားရေးကြီးထွားမှုလို့ခေါ်ပါတယ်။" လို့ လက်ရှိအခြေအနေအပေါ်သူ့သဘောထားကို ပြောသွားပါတယ်။
တက္ကသိုလ်ကနေ ဘွဲ့ရပြီး အလုပ်မရှိတဲ့သူ ပမာဏ ၁၃.၄ % ဆိုတာ တနိုင်ငံလုံး အလုပ်လက်မဲ့ ပမာဏ ၃.၂ % နဲ့ ယှဉ်လျှင် အလွန်ကိုများပြားနေတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့နီးကပ်လာနေချိန်မှာပဲ၊ ပြည်သူတွေအနေနဲ့ကတော့ နိုင်ငံရေးပါတီတွေက ပေးမယ်လို့ ကမ်းလှမ်းတဲ့ လူမှုဖူလုံရေးအစီအစဉ်တွေကို မလိုချင်ဘဲ၊ အလုပ်အကိုင်ဘဲ လိုချင်ကြတယ်လို့ တက်ကြွလှုပ်ရှားသူ Praveen Kashi က ပြောလိုက်ပါတယ်။ သူကတော့ မဲတမဲ၊ အလုပ်တခု ဆိုတဲ့ လူထုလှုပ်ရှားမှုကို စတင်လိုက်ပါတယ်။
"ရေ၊ မီးနဲ့ ရိက္ခာတွေကို ခွဲတမ်းနဲ့ အခမဲ့ပေးမယ်ဆိုတဲ့ အာမခံချက်တွေ ကျနော်တို့ မလိုချင်ပါဘူး ကျနော်တို့ အလုပ်ရှိတယ်ဆိုရင် ကျနော်တို့အစားအသောက်ကို ကျနော်တို့ ဝယ်နိုင်သလို၊ ရေဖိုး မီးဖိုးစတဲ့ အသုံးစရိတ်တွေကိုလည်း ကိုယ့်ဘာသာကိုယ်ပေးနိုင်ပါတယ်။" လို့ သူက ဆိုပါတယ်။
အိန္ဒိယနိုင်ငံရဲ့ လူငယ်ဦးရေ ပမာဏများတာကြောင့် ဒါကို သေချာစီမံခန့်ခွဲနိုင်ရင်၊ အခွင့်အလမ်းကောင်းတွေရှိတယ်လို့ စီးပွားရေး ပညာရှင် Arun Kumar က ပြောပါတယ်။ "ကျနော်တို့အနေနဲ့ လူငယ်တွေကို အလွန်အကျိုးရှိအောင် လုပ်ဖို့လိုပါတယ်။ သူတို့ကို ကောင်းမွန်တဲ့ပညာရေးကိုပေးမယ်ဆိုရင် သူတို့အနေနဲ့ အလုပ်အကိုင်တွေဖန်တီးပြီး တီထွင်ဖန်တီးနိုင်စွမ်းတွေလည်းရှိလာမှာပါ။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ ဘေးဒုက္ခတွေ ဖြစ်လာနိုင်ပါတယ်။"
အဲဒီလိုအခြေအနေတွေကိုလည်း ဘွဲ့ရလူငယ်တွေက ရှောင်လွှဲချင်နေကြတာပါ။ စီးပွားရေးဘွဲ့ရထားတဲ့ Akash Bhardwaj က ဆိုရင် "အချိန်ဘယ်လောက်ပဲကြာကြာပါ၊ တနှစ်ဖြစ်ဖြစ် ၂ နှစ်ဖြစ်ဖြစ် ၃ နှစ်ဖြစ်ဖြစ် ကျနော်အနေနဲ့ အစိုးရအလုပ်ကိုပဲလိုချင်ပါတယ်။" လို့ ပြောပါတယ်။ အဲဒီအတွက်လည်း ပြိုင်ဆိုင်မှုက ကြီးမားလွန်းတာပါ။ ဒီအပေါ် နည်းပညာဘွဲ့ရ Deepa Panwar ရဲ့ အမြင်က အခုလိုရှိပါတယ်။ "ကျမအနေနဲ့ တရက် ၂ ရက်လောက် နားလိုက်တယ်ဆိုရင်ပဲ၊ ကျမသူများနောက်မှာ ကျန်ခဲ့ပြီလို့ ခံစားရပါတယ်။ စာမေးပွဲတွေ ဖြေလို့ အမှတ်တွေကောင်းနေရင်လည်း ကျမတို့ အလုပ်မရပါဘူး။"
အိန္ဒိယနိုင်ငံရဲ့ အလုပ်လုပ်နိုင်တဲ့ လူဦးရေဟာ လာမယ့်ဆယ်စုနှစ်မှာ ၁ ဘီလျံအထိရှိလာမှာဖြစ်တာကြောင့် အလုပ်အကိုင်ဖန်တီးရေးက အိန္ဒိယနိုင်ငံရဲ့ အကြီးမားဆုံးစိန်ခေါ်မှုပဲဖြစ်နေပါတယ်။