{{Zawgyi/Unicode}}
စစ်အာဏာသိမ်းမှု ဆန့်ကျင် ကန့်ကွက်တဲ ဆန္ဒပြပွဲတွေ ဒီနေ့မှာလည်း ဆက်ရှိနေတာမှာ ရန်ကုန်မြို့မှာ ဆန္ဒပြသူ ရာနဲ့ချီပါဝင်တဲ့ ဆန္ဒပြ စစ်ကြောင်းတွေ လမ်းပေါ် ပြန်ထွက်လာကြပါတယ်။ ဒီနေ့ ဆန္ဒပြသူတွေက ရိုဟင်ဂျာတွေအရေးနဲ့ ပါလက်စတိုင်း အရေးတွေ အတွက်ပါ ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်မြို့အပြင် တခြားနယ်မြို့တွေက ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်က လာတဲ့သတင်းကို မဆုမွန်က ပြောပြပါမယ်။
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ရန်ကုန် ပင်မသပိတ်စစ်ကြောင်းနဲ့ မြို့နယ်ပေါင်းစုံက သပိတ်စစ်ကြောင်းတွေ ပူးပေါင်းပြီး အချိန်တိုအတွင်း အလျင်အမြန် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
ဇွန်လ ၁ ရက်ပြန်ဖွင့်မယ့် အခြေခံပညာကျောင်းတွေအတွက် ဒီနေ့ ကျောင်း စအပ်ရတဲ့နေ့မှာ လုံခြုံရေးတွေက ကျောင်းတွေဖက် အာရုံစိုက်နေတာကြောင့် သပိတ်စစ်ကြောင်းတွေ အများကြီး ထွက်လာနိုင်တာဖြစ်တယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
“ဒီနေ့က ရန်ကုန်က မြို့နယ်ပေါင်းစုံ သပိတ်ပေါင်းစုံ စုပေါင်းသပိတ်ထွက်ပါတယ်ဗျ။ သပိတ်ပုံစံကတော့ ပျောက်ကြားသပိတ်ပါပဲ။ မင်္ဂလာတောင်ညွန့်က မင်္ဂလာဈေးအနီးပေါ့၊ အင်အားကတော့ ၂၀၀ လောက်ရှိတယ်။ သပိတ်ကတော့ ရန်ကုန်မှာရှိတဲ့ သပိတ်အင်အားစုတွေ တော်တော်များများ လာပေါင်းကြပါတယ်ဗျ။ လုံခြုံရေး အခြေအနေက ဒီနေ့ဆိုရင် သူတို့က ကျောင်းတွေမှာ ယူတာများ တယ်ပေါ့နှော်။ ဒီနေ့ ကျောင်းတွေ စလက်ခံတဲ့နေ့ဆိုတော့ ဒီတခြားဖက်တွေမှာ သိပ်မတွေ့ရဘူး။ ပြီးတော့ ဒီနေရာကလည်း သူတို့ သိပ်သတိမထားမိတဲ့ နေရာကို ရွေးရတာပေါ့။ ကျွန်တော်တို့ သပိတ်တခု စုပေါင်းထွက်မယ်ဆိုရင် ကျွန်တော်တို့ အချိန်ရတဲ့ ၅ မိနစ်မှာ ဘယ်လို လုံခြုံအောင် လုပ်ရမလဲ စဉ်းစားရတာကိုး။ စစ်တပ်ကောင်စီက လှည့်မယ်နေရာတွေကို အရင်စဉ်းစားပြီးမှ ကျွန်တော်တို့က ထွက်ရတဲ့အတွက် သပိတ်တွေက နေ့တိုင်းမထွက်နိုင်တာပေါ့နော်။
ဒီနေ့ ရန်ကုန်က ဆန္ဒပြပွဲတွေမှာ ထူးခြားတာကတော့ ရိုဟင်ဂျာတွေအရေး၊ လက်ရှိအရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်နေတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း ပဋိပက္ခမှာ ပါလက်စတိုင်းတွေဖက်က စာနာကြောင်း ဆန္ဒထုတ်ဖော်ပြသတာတွေကိုပါ တေ့ွရတာဖြစ်ပါတယ်။
"ပုံမှန်နဲ့ မတူပဲနဲ့ ကျွန်တော်တို့ လူမျိုးရေးဖိနှိပ်ခံရတဲ့ အရေးတွေနဲ့ ပတ်သက်လို့ မြန်မာပြည်က ရပ်တည်ကြောင်း အဲ့လို ဆန္ဒပြ ဆိုင်းဘုတ်ကိုင်ကြတာတွေ တွေ့ရပါတယ်။ အထူးသဖြင့် အစ္စရေး ပါလက်စတိုင်း ဖြစ်စဉ်မှာ ပါလက်စတိုင်းပြည်သူတွေဖက် ရပ်တည်ကြောင်းပေါ့၊ ရိုဟင်ဂျာအရေးမှာလည်း ရိုဟင်ဂျာတွေရဲ့ ဖိနှိပ်ခံရမှုတွေကို ခံစားနားလည်ကြောင်းပေါ့၊ ဒါတွေပါ ရေးပြီးကိုင်လာကြတာတွေ့ရတယ်ဗျ။”
၂၀၁၇ ခုနှစ်က ရခိုင်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာတွေအပေါ် ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂက စုံစမ်းတွေ့ရှိထားသလို အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ထောက်ပြထားကြပါတယ်။
၂၀၁၇ သြဂုတ်လနောက်ပိုင်း ရခိုင်မြောက်ပိုင်းကနေ ဘင်္ဂလားဒေရှ့်နိုင်ငံဖက် ထွက်ပြေးသွားသူ သိန်းနဲ့ချီ ရှိပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အရင်ကတော့ မြန်မာနိုင်ငံမှာ သုံးနှုန်းပြောဆိုတာကိုတောင် လက်မခံခဲ့ကြပါဘူး။ ဒီနေ့မှာတော့ ရိုဟင်ဂျာတွေဘက်ကပါ ရပ်တည်ဆန္ဒပြမှုတွေ လုပ်လာကြတာဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ လှိုင်သာယာမှာလည်း လူငယ်တစ်ချို့ ပျောက်ကြားသပိတ်ဆင်နွှဲခဲ့ကြပါတယ်။ နေ့စဉ်မပြတ် လျှပ်တပြက် ပျောက်ကြားသပိတ်တွေ ရှိနေတဲ့ ရန်ကုန်မြို့မှာ ပေါက်ကွဲမှုတစ်ချို့ နေ့စဉ်လိုလိုရှိနေပြီး စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးမှုတွေလည်းဆက်ရှိနေပါတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာမှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြမှုတွေ ရှိပါတယ်။ ဒီကနေ့ စစ်ကောင်စီက ကျောင်းတွေ ပြန်ဖွင့်ဖို့ ပထမဆုံး ကျောင်းအပ်နှံရေးနေ့ဖြစ်တာကြောင့် အာဏာရှင် မကြိုက် နှမ်းခါးသပိတ်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ကျောင်းသားတွေ ဆရာဆရာမတွေပါ ပါဝင်ချီတက် ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
“မနက် ၇ နာရီလောက်ပေါ့။ အင်အားကတော့ ၂၀၀ ဝန်းကျင်လောက် ဖြစ်မယ်ရှင့်။ အာဏာရှင် မကြိုက် နှမ်းခါးသပိတ်ဆိုတဲ့ စာနဲ့ပေါ့။ ကျောင်းသားလေးတွေလည်းပါတယ်။ စစ်အာဏာရှင်စနစ်မှာ ပညာမသင်ဖို့ပေါ့နှော်။ ကျောင်းသားတွေကတော့ ၅၀ ဝန်းကျင်လောက်တော့ ပါမယ်ရှင့်။”
ကလေးမြို့ အောင်ဇေယျ ရပ်ကွက် အထက ၆ မှာ ဒီမနက် အစောပိုင်းက ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့တာကြောင့် ကလေးမြို့မှာ လုံခြုံရေး တင်ကြပ်မှုတွေ ရှိနေတဲ့ အတွက် ပုံမှန်ထွက်နေကြ သပိတ်စစ်ကြောင်း ၄ ခုမှာ ၃ ခုသာ ထွက်နိုင်ခဲ့ပါတယ်။ ကလေးမြို့ ပင်မသပိတ်ကြောင်းက လုံခြုံရေး တင်းကြပ်မှုကြားက ဒီကနေ့ ညနေပိုင်းမှာ အင်အား ၂၀၀ ဝန်းကျင်လောက်နဲ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
“မနက်ပိုင်းက စစ်ကြောင်းတစ်ကြောင်းထွက်တယ်။ ခုညနေပိုင်းက ၂ ကြောင်းထွက်မယ်ပေ့ါ။ ခါတိုင်းဆို တစ်မြို့လုံးမှာ စစ်ကြောင်း ၄ ကြောင်းရှိတယ်ပေ့ါ၊ မြို့ပေါ်လေ ရွာတွေတော့ မပါသေးဘူး ပေါ့။ ဒီနေ့ စစ်ကြောင်းတစ်ကြောင်းကတော့ မထွက်နိုင်ဘူး တအားလုံခြုံရေး တင်းကြပ်တော့လေ"
တခြားနယ်မြို့တွေမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဆက်ရှိနေသလို တချို့မြို့တွေမှာဆို အရင်နေ့တွေကထက် ဆန္ဒပြသူအင်အား ပိုများလာတာတွေ့ရပါတယ်။
ဖားကန့်၊ လောင်းလုံ၊ ထားဝယ် နဲ့ မန္တလေးမြို့တွေမှာ သပိတ်စစ်ကြောင်းတွေ လမ်းလျှောက်ချီတက်ကြသလို ယင်းမာပင်၊ တန့်ဆည်နဲ့ မုံရွာမြို့တွေမှာလည်း ဆန္ဒပြပွဲတွေလုပ်ကြပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေသကျေးရွာတွေမှာတော့ ရွာပေါင်းစုသပိတ်တွေကို လူအင်အားထောင်နဲ့ချီ လမ်းလျှောက်ဆန္ဒပြကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောပွဲတွေလည်း လုပ်ကြခဲ့ပါတယ်။
......................................
{{Unicode}}