သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ဂျုးဘုရားကျောင်း မြို့ပြအမွေအနှစ် အဖြစ်သတ်မှတ်


 ဂျူးဘုရားကျောင်းကို ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ်နဲ့ သတ်မှတ်( ဓါတ်ပုံ-Yangon Heritage Trust)
ဂျူးဘုရားကျောင်းကို ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ်နဲ့ သတ်မှတ်( ဓါတ်ပုံ-Yangon Heritage Trust)

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ နှစ်ပေါင်း တရာကျော်ကြာအောင် ရှိခဲ့တဲ့ ဂျူးဘုရားကျောင်းကို ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ်နဲ့ သတ်မှတ်လိုက်ပါတယ်။ ရန်ကုန်မြို့တွင်း ရှေးဟောင်းဗိသုကာလက်ရာနဲ့ သမိုင်းဝင်နေရာတွေကို ထိန်းသိမ်းနေတဲ့ လုပ်ငန်းစဉ် အစိတ်အပိုင်းတရပ်ဖြစ်ပါတယ်။ ဇွန်လ ၅ ရက်နေ့ကလုပ်တဲ့ ဂျူးဘုရားကျောင်းကို ရန်ကုန်မြို့ပြအမွေအနှစ် သတ်မှတ်မှု အခမ်းအနားကို တတ်ရောက်သတင်းယူခဲ့တဲ့ ကိုသားညွန့်ဦးက သတင်းပေးပို့ထားတာဖြစ်ပါတယ်။

ဂျုးလူမျိုးတွေဟာ မြန်မာနိုင်ငံထဲကို ၁၉ရာစု အစောပိုင်း ကတည်းက ရွေ့ပြောင်း လာကြပြီး အများစုဟာ အိန္ဒိယ ၊ အီရန်နဲ့ အီရတ်ဒေသ ဘက်တွေ ကနေ အခြေချခဲ့သူတွေဖြစ်တယ်လို့သိရပါတယ်။ ဂျုးလူမှုအသိုင်းအဝိုင်းဟာ ကိုလိုနီခေတ်အစောပိုင်း ရန်ကုန်စီးပွားရေးလောကမှာ အထင်ကရရှိခဲ့ပြီးတဲ့နောက် ဒုတိယကမ္ဘာစစ်အတွင်းမှာ မြန်မာနိုင်ငံကနေ အများစုဟာ အစ္စရေး၊ အမေရိကန် ယူကေနဲ့ Australia နိုင်ငံတွေကို ပြောင်းရွေ့ခဲ့ကြတာပါ။ ၁၉၆၀ ကာလ စီးပွားရေးလုပ်ငန်းတွေ ပြည်သူပိုင်သိမ်းခံရတဲ့နောက်မှာလည်း အများစုဟာ မြန်မာနိုင်ငံကနေ စွန့်ခွာသွားကြပါတယ်။ ဒါကြောင့် ကျန်ရှိနေတဲ့ ဂျူးလူမျိုး အနည်းအကျဉ်းကနေ ဒီဘုရားကျောင်းကို စောင့်ရှောက်ခဲ့ကြတာပါ။ ဒီလို ရှေးဟောင်း သမိုင်းဝင်နေရာဖြစ်တာမို့ မတ်တ်စ်မီးယား ရေရှုအာ ဂျုးဘုရားကျောင်းဟာ နိုင်ငံခြားခရီးသွားတွေ အလာများခဲ့တဲ့ နေရာဖြစ်တယ်လို့ ဘုရားကျောင်း ဂေါပကလူကြီး Sammy Samuel က ပြောပါတယ်။

“ဒီဘုရားကျောင်းကတော့ ၁၈၉၆ ခုနှစ်က စဆောက်ခဲ့တာပေါ့နော်။ ဒီဘုရားကျောင်းမတိုင်ခင်မှာတော့ ကျနော်တို့ သစ်သား building လိုမျိုး ဘုရားကျောင်းလေးတခုရှိခဲ့တယ်။ အဲဒါကတော့ ၁၈၅၄ ခုနှစ်မှာ ဒါပေမယ့် မီးလောင်ပြီးတော့ ပျက်စီးသွားတဲ့အခါမှာ ဒီဘုရားကျောင်းကို အစားထိုးခဲ့တာပေါ့နော်။ အခုအချိန်မှာတော့ ကျနော်တို့ ဂျူးလူမျိုးက တော်တော်နည်းပါးသွားပါပြီ။ အယောက် ၂၀ လောက်ပဲရှိတယ်။ အရင်တုန်းကတော့ကျနော်တို့ ၂၅၀၀ ကျော်ရှိခဲ့ဖူးတယ်ပေါ့နော်။ ဒီမှာဆိုရင် ဘုရားပွဲတွေထဲမှာ လူအပြည့်ပေါ့။ အခုအခါမှာ တော်တော်ကိုနည်းသွားပြီ။ ရန်ကုန်မြို့မှာဆိုရင် ဒီတခုထဲရှိတာပါ ဘုရားကျောင်းကတော့။”

ဒီ ဂျူးဘုရားကျောင်းကို ရန်ကုန်မြို့ပြအမွေအနှစ်နေရာတခုအဖြစ် သတ်မှတ်လိုက်နိုင်တာမို့ ဘုရားကျောင်းရှေရှည်ထိမ်းသိမ်းရေးအတွက် ပိုပြီး အခွင့်အလမ်းရလာမယ့်လို့ Sammy Samuel က ယုံကြည် ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေဖြစ်လာခဲ့တဲ့နောက် ရန်ကုန်မြို့ပြအမွေအနှစ်ထိမ်းသိမ်းရေးတွေကိုလည်း တပါတည်း ဆောင်ရွက်လာတာတွေ့ရပါတယ်။ အရင်ကာလတလျှောက်လုံးမှာ ထိမ်းသိမ်းမှုအားနည်းတာကြောင့်ရော၊ ဖွံ့ဖြိုးမှု အားနည်းတာကြောင့်ပါ သမိုင်းဝင်အဆောက်အဦးတွေ ဆုံးရှုံးခဲ့ရတယ်လို့ ရန်ကုန်မြို့ပြ အမွေအနှစ်ထိမ်းသိမ်းရေးအဖွဲ့ကပြောပါတယ်။ လက်ရှိအထိဆိုရင် ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ်သတ်မှတ်တဲ့ အပြာရောင်ကဗျည်းပြား ရေးထိုးနိုင်ခဲ့တာ နေရာပေါင်း ၁၃ခု ရှိခဲ့ပြီလို့ ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့က ဒေါက်တာသန့်မြင့်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ရန်ကုန်မှာ ဗိသုကာလက်ရာအရရော သမိုင်းကြောင်းအရပါ အရေးပါတဲ့နေရာ အဆောက်အဦးတွေမှာ အခုလို အပြာရောင် ကဗျည်းပြားထိုးတာကို လွန်ခဲ့တဲ့ လေးနှစ်ကတည်းက စခဲ့တာပါ။ ကျနော်တို့ သိထားသမျှ မြို့ပြအမွေအနှစ်အဖြစ် တန်ဖိုးရှိတဲ့၊ ထင်ရှားတဲ့နေရာ တရာတောင် ရှိပါတယ်။ ဒါကို ကျနော်တို့အသိအမှတ်ပြုချင်ပါတယ်။ အပြာရောင် ကဗျည်းပြား ထိုးတာဟာ နိုင်ငံတကာ မြို့ပြတွေမှာလည်း အလားတူ သတ်မှတ်ဆောင်ရွက်မှုမျိုး ရှိပါတယ်။”

ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ် နေရာတွေ သတ်မှတ်ဖို့လုပ်ငန်းကို အစိုးရနဲ့ညှိုနှိုင်းပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဒေါက်တာသန့်မြင့်ဦးက ပြောပါတယ်။ သတ်မှတ်တဲ့နေရာမှာတော့ ရှေးဟောင်းဗိသုကာလက်ရာဖြစ်မှုနဲ့၊ သမိုင်းဝင်ဖြစ်မှုဆိုတဲ့ အချက်နှစ်ချက်ကို စံထားသတ်မှတ်ထား တယ်လို့ ဒေါက်တာသန့်မြင့်ဦးက ပြောပါတယ်။ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ်သတ်မှတ်တဲ့ အပြာရောင်ကဗျည်းပြား ရေးထိုးသတ်မှတ်ခဲ့တဲ့ ပထမဆုံးနေရာကတော့ ရန်ကုန်မြို့တော်ခမ်းမဖြစ်ပါတယ်။ အဲဒီ ကဗျည်းပြားမှာတော့ သက်ဆိုင်ရာနေရာတွေရဲ့ ရှေးဟောင်း ဗိသုကာလက်ရာထူးခြားချက် ဒါမှမဟုတ် သမိုင်းဝင်ဖြစ်တည်မှုတို့ကို ရေးသားဖော်ပြထားပါတယ်။

ဇွန်လ ၅ ရက်နေ့ကလုပ်ခဲ့တဲ့ ဂျူးဘုရားကျောင်းကို မြို့ပြအမွေအနှစ်အဖြစ် သတ်မှတ်တဲ့ အပြာရောင်ကဗျည်းပြားကို ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့၊ အစ္စရေးသံရုံး သံအမတ်ကြီးတို့ တတ်ရောက်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ ဒီ ဂျုးဘုရားကျောင်းကိုတော့ ဆမ်မြူရယ်မိသားစုက နှစ်ပေါင်းသုံးဆယ်ကျော် ထိမ်းသိမ်းစောင့်ရှောက်ခဲ့ကြတာပါ။ ဘုရားကျောင်းမှာ အရင်တုန်းက ဂျူး တိုရာကျမ်း ၁၂၆ စုံအထိ ရှိခဲ့ပေမယ့်၊ အခုလက်ရှိအချိန်မှာတော့ တိုရာကျမ်းစာ နှစ်စုံပဲ ကျန်ရစ်ပါတော့တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG