သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့တော်ဝန်ကြီး မြေအောက်မြို့တော် ဖန်တီးမတဲ့လား


View of downtown Yangon, Myanmar
View of downtown Yangon, Myanmar

ပြီးခဲ့ဲတဲ့ ရက်ပိုင်းက ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ပြောခဲ့တဲ့ မြေအောက်မြို့တော်ကြီး ဖန်တီးမယ် ဆိုတဲ့ စကား သတင်းစာ၊ ဂျာနယ်တွေရဲ့ မျက်နှာဖုံး ဖြစ်သွားခဲ့သလို၊ လူအများရဲ့ ဝိုင်းဝန်းဝေဖန်တာကိုလည်း ခံရပါတယ်။ အများစုကတော့ မိုးလေးရွာလိုက်တာနဲ့ ရေကြီးရေလျှံ ဖြစ်နေတဲ့၊ သန့်ရှင်းမှု မရှိတဲ့၊ လမ်းတွေပေါ်မှာ ကားတွေ၊ လူတွေ၊ ဈေးဆိုင်တွေ၊ စက်ဘီးတွေ၊ ဆိုက်ကားတွေနဲ့ ရှုတ်ရှက်ခတ်ပြီး ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ဆင်းရဲတဲ့ မြန်မာနိုင်ငံ ရန်ကုန်လို မြို့မျိုးမှာ မြေအောက်မြို့တော်ကြီး ဖန်တီးမယ် ဆိုတာကို လက်တွေ့ အခြေအနေနဲ့ ကင်းကွာတဲ့ စကားအဖြစ် သတ်မှတ်လိုက်ကြလို့ပါပဲ။ မြို့တော်ဝန်ကြီးကတော့ သူ့ကို အဲလို ဝေဖန် သရော်လှောင်ပြောင်တာကိုလည်း သိပါတယ်။ ဒါကြောင့် သူပြောခဲ့တဲ့ စကားအတွက် သူ့ကိုယ်ပိုင် Facebook စာမျက်နှာကနေ ပြန်ပြီး ရှင်းတာ လင်းတာ လုပ်ပါတယ်။ လက်ရှိ ရန်ကုန်မြို့ရဲ့ အဓိကကျတဲ့ ပြသနာက ဘာတွေလဲ၊ မြို့တော်ဝန်ကြီးရဲ့ စကား တကယ်လက်တွေ့ကျပါရဲ့လား ဆိုတာ ဆွေးနွေးသုံးသပ်ကြည့်ကြရအောင်ပါ။

ဇွန်လ ၁၇ ရက်နေ့က ရန်ကုန် ကျောက်တံတားမြို့နယ် ၃၉ လမ်းက နောက်ဖေးလမ်းကြားဥယျာဉ် ဖွင့်ပွဲမှာ မြို့တော်ဝန် ပြောခဲ့တဲ့ စကားလုံး အတိအကျက ခုလိုပါ။ “ လမ်းမကြီးတွေ အောက်မှာ၊ ဒါကတော့ ကြိုပြောလိုက်တာပါ၊ ကားပါကင်တွေရယ်၊ City Hall တွေ လုပ်မယ်၊ လွယ်လွယ်လေး ဟိုးအထိ ဆင်းစရာ မလိုဘူး။ နောက်ထပ် ၁၀ ပေလောက် တူးလိုက်တယ် ဆိုရင် ဧရိယာကြီး တစ်ခုရမယ်။ လမ်းမတွေ တောက်လျောက် သွားမယ်၊ အောက်မှာ နေချင့်စဖွယ် မြေအောက်မြို့တော်ကြီး ဖန်တီးမယ်။” ဆိုပြီး ဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ အတွက် သူ့လက်ထဲ လျှပ်စစ် ထည့်ပေးရင် ရပြီ ဆိုပြီး ပြောခဲ့တာပါ။ ဒီလို ပြောဆိုမှုနဲ့ ပတ်သက်ပြီး သတင်းစာ ဂျာနယ်တွေမှာ ကာတွန်းရေးပြီး သရော်တာတွေ ရှိသလို လူမှုကွန်ယက် စာမျက်နှာတွေကနေ ဝေဖန်တာတွေလည်း အများအပြား ရှိခဲ့ပါတယ်။

ဒီလို ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး မြို့တော်ဝန်က သူ့Facebook စာမျက်နှာကနေ ပြန်ရှင်းပါတယ်။ သူ့ဖြေရှင်းချက်ကို အနှစ်ချုပ်ရရင် လူတွေမှာ ဖြစ်သင့်တာကို လုပ်ရသလို၊ ဖြစ်ချင်တာကိုလည်း ရည်မှန်းချက် ထားရတယ်၊ အဲဒါကြောင့် သူဖြစ်ချင်တဲ့ မြေအောက်မြို့တော် ကိစ္စ ထည့်ပြောရတာပါလို့ ဆိုပါတယ်။ နောက်တစ်ခုက သူ့အနေနဲ့ လျှပ်စစ်ဓာတ်အား ပြည့်ပြည့်၀၀ ရချင်တယ်၊ ဒါပေမယ့် လျှပ်စစ်ကို သူ မလုပ်တတ်၊ ဒါကြောင့် သူ့လက်ထဲ လျှပ်စစ်ထည့်ပေးပါ ဆိုပြီး မေတ္တာရပ်ခံလိုက်တာလို့ ဆိုထားပါတယ်။ နောက်ဆုံး မြေအောက် မြို့တော်ဆိုတာ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ လူတွေဟာ မြေအောက် အဆောက်အဦတွေမှာ မိုးလုံလေလုံနဲ့ လမ်းလျောက် ဈေးဝယ်နေကြတယ်။ အဲဒါမျိုး ဆိုလိုတာပါ ဆိုပြီး ရှင်းပါတယ်။ ဒါက မြို့တော်ဝန်ဖြစ်စေချင်တဲ့ ရန်ကုန်မြို့ရဲ့ အနာဂတ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တကယ့် လက်တွေ့ ရန်ကုန်မြို့က အခြေအနေကိုလည်း တစ်လှည့် ပြန်ကြည့်ဖို့ လိုပါဦးမယ်။

လက်ရှိ ရန်ကုန်မြို့လည်နဲ့ စည်ကားတဲ့ နေရာတွေကိုကြည့်လိုက်ရင် လမ်းဘေး တစ်လျောက်နဲ့ လမ်းသွယ်တွေ အားလုံးလိုလိုလောက်မှာ ကားတွေ ရပ်ထားတာ တွေ့မြင်ကြရပါလိမ့်မယ်။ လမ်းသွယ်တွေ အားလုံးလိုလိုလောက်မှာ ကားတစ်စီး သွားလို့ ရရုံ အနေအထားကလွဲပြီး ကျန်လွတ်တဲ့ နေရာအားလုံးမှာ ကားတွေ အပြည့် ရပ်ထားတာ တွေ့ကြရမှာပါ။ လမ်းမကြီးတွေမှာလည်း ကားနှစ်ထပ် ရပ်တယ် ဆိုတာ အဆန်းတကြယ် မဟုတ်တော့ပါဘူး။ ညနေစောင်း မှောင်ရီပျိုးကနေ ည ပိုင်းရောက်လာတာနဲ့ ကားရပ်တာ နှစ်ထပ် သုံးထပ်မက ဖြစ်လာပြီး ဘယ်လောက် ကျယ်တဲ့လမ်းပဲဖြစ်ဖြစ် နှစ်လမ်းမောင်းသာသာပဲ ကျန်တာ တွေ့နိုင်ပါတယ်။

ဒီအခြေအနေမှာ လွယ်လွယ်ကူကူမြင်နိုင်တာက ကားပါကင် ပြသနာပါ။ ရန်ကုန်မှာ ကားပါကင် လုကြလို့ တုတ်တစ်ပျက် ဓားတစ်ပြက် ဖြစ်ကြတာ သတင်းမဟုတ်တော့ပါဘူး။ လူသတ်မှုတောင် ဖြစ်ခဲ့ပြီးပါပြီ။ ကားပါကင်နှစ်ထပ်ရပ်ပြီး ပိတ်နေလို့ ပဋိပက္ခဖြစ်ကြတာတွေကလည်း နေ့စဉ်နဲ့ အမျှပါပဲ။ ကိုယ်ပိုင်ကားစီးသူတွေ တစ်နေရာကနေ တစ်နေရာသွားရင် ကားပါကင်အတွက် ပူပန်ရတဲ့ ဒုက္ခ၊ ကားပါကင်မရှိလို့ ယာဉ်စီးကမ်း လမ်းစီးကမ်း ချိုးဖေါက်မိလို့ ပြသနာတက်ရတဲ့ကိစ္စ စတာတွေဟာ ရန်ကုန်နေ ပြည်သူ အတော်များများကို စိတ်မချမ်းမမြေ့ ဖြစ်စေတဲ့ ဖိစီးစေတဲ့ ပြသနာကြီးပါ။

ရန်ကုန်မြို့မှာ ပြည်သူတွေဟာ လမ်းဘေးပက်လက်ဖေါင်းကနေ လမ်းကောင်းကောင်း လျောက်လို့ မရပါဘူး။ နဂိုကလည်းက ကားပါကင်အတွက် ဆိုပြီး လှီးထားလို့ ကျဉ်းနေတဲ့ ပက်လက်ဖေါင်းပေါ်မှာ မီးစက်လို အကာအရံတွေ၊ ဆိုင်တွေရဲ့ ကျူးကျော်ခင်းကျင်းထားမှုတွေ၊ လမ်းဘေး ဈေးသည်တွေ အားလုံးပေါင်းလိုက်တော့ အများပြည်သူတွေဟာ ပက်လက်ဖေါင်းပေါ် လမ်းတက်လျောက်လို့ မရတော့ပဲ လမ်းပေါ်တက် လမ်းလျောက်ရတဲ့ အနေအထား ရောက်ကုန်ပါတယ်။ တစ်ခါ လမ်းပေါ်ကို ပြန်ကြည့်လိုက်ရင်လည်း ဘယ်ခေတ် ဘယ်အခါတုန်းကနဲ့မှ မတူ လွတ်လပ်ခွင့်ရနေတဲ့ ဆိုက်ကားတွေ၊ စက်ဘီးတွေကလည်း လမ်းလည်ခေါင်ကနေ ထင်သလို မောင်းချင်သလို မောင်း၊ စီးချင်သလို စီးနေတာတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။

နောက်အရေးကြီး တစ်ချက်က လူတွေကို အဆင်ပြေစေမယ့် လမ်းကူး စနစ်မရှိတာပါ။ မီးပွိုင့်တွေမှာ လူတွေအတွက် လမ်းကူးမီးပွိုင့်စနစ် ရှိမထားသလို၊ လူကူးမျဉ်းကြား ဆေးတွေကလည်း ပျက်ပြယ်ပြီး သုံးမရ ဖြစ်နေတာ အတော်ကြာပါပြီ။ အားလုံးကို ခြုံငုံကြည့်လိုက်ရင် ရန်ကုန်မြို့ လမ်းတွေပေါ်မှာ ကားတွေ၊ ဘတ်စ်ကားတွေရော၊ လူတွေရော၊ စက်ဘီးတွေရော၊ ဆိုက်ကားတွေပါ မောင်းချင်သလိုမောင်း၊ သွားချင်သလိုသွား အန္တရာယ် အလွန်များနေတဲ့ အနေအထား ရောက်နေတာ တွေ့နိုင်ကြပါတယ်။ ဒါ့ထက် ပိုအရေးကြီးတာကတော့ အဲဒီလို ပြည်သူအားလုံး ရင်ဆိုင်နေရတဲ့ ပြသနာကို တိတိကျကျ၊ စနစ်တကျ ဖြေရှင်းမယ့်သူ မရှိတဲ့ ပြသနာပါ။ ဘယ်သူ တာဝန်ရှိလို့ တာဝန်ရှိမှန်း မသိရတဲ့ ပြသနာပါ။ ဒါဟာ ရန်ကုန်မြို့တော်မှာ မြို့တော်သူ မြို့တော်သားတွေ ကြုံနေရတဲ့ ပြသနာပေါင်း မြောက်များစွာထဲက လမ်းပေါ်မှာ နေ့စဉ်ကြုံနေရတဲ့ ပြသနာကြီးတစ်ခုကိုပဲ မီးမောင်းထိုးပြရပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို ပြသနာမျိုးကို ဖြေရှင်းပေးဖို့ အဓိက တာဝန်ရှိသူဟာ မြို့တော်ဝန်ပဲ ဆိုတာ ငြင်းလို့ မရပါဘူး။

တကယ်တော့ ကားပါကင်ပြသနာ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာတဲ့ပြသနာ၊ လမ်းဘေးဈေးသည် ပြသနာ၊ အားလုံး နိုင်ငံတိုင်းမှာ ရှိပါတယ်။ သူတို့ဆီမှာ ဘယ်လို ဖြေရှင်းနေသလဲ ကြည့်ပြီး မြန်မာနိုင်ငံ ရန်ကုန်မှာလည်း ဖြေရှင်းနိုင်ပါတယ်။ ကားပါကင် ပြသနာကို နေရာသတ်မှတ်၊ အခကြေးငွေ ယူပြီး စနစ်တကျ ဖြေရှင်းတာ၊ ရတဲ့ငွေနဲ့ ကားပါကင် အသစ်တွေ ဖော်ထုတ်တာ၊ ကားပါကင် တည်ဆောက်ပြီး ငွေရှာနိုင်တဲ့ စီးပွားရေးမျိုး ပေါ်ပေါက်လာအောင် ဖန်တီးပေးတာ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အမှတ်အသားတွေကို စနစ်တကျ ပြန်ရေးဆွဲပြီး အများပြည်သူ လိုက်နာလာအောင်၊ အဆင်ပြေအောင် လုပ်ပေးတာ စတာတွေ အားကြိုးမာန်တက် လုပ်နေဖို့ လိုအပ်ပါတယ်။ ဒီလို ဖြေရှင်းပေးရုံနဲ့ ပြသနာတွေ နေ့ချင်းညချင်း ပြေလည်မသွားတဲ့တိုင် လျော့နည်းသွားပါလိမ့်မယ်။ အခုတော့ ရန်ကုန်မြို့တော်ဝန် အနေနဲ့ လက်တွေ့လုပ်ရမယ့် အလုပ်တွေကို လုပ်ကိုင် အကောင်အထည်ဖော်တာ မတွေ့ရပဲ ငွေကြေးချမ်းသာကြွယ်၀ လာပါမှ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာပါမှ လုပ်ကိုင်နိုင်မယ့် မြေအောက်မြို့တော်လို ကိစ္စမျိုး ပြောဆိုနေတာကတော့ လက်တွေ့နဲ့ကင်းကွာတဲ့၊ စိတ်ကူးယဉ်ဆန်တဲ့ ပြောဆိုမှုမျိုးသာ ဖြစ်နိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG