ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးရေးမှူး Yanghee Lee ကို မြန်မာနိုင်ငံတွင်း လာရောက်ခွင့် ပေးဖို့ ကုလသမဂ္ဂက မျှော်လင့်နေကြောင်း ကုလအတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က တနင်္လာနေ့ နယူးရောက်ရုံးချုပ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
" မြန်မာနိုင်ငံထဲ သူသွားဖို့ လိုတဲ့ အချိန်မှာ သွားရောက်ခွင့် ပြုမယ်လို့ ကျနော်တို့ အထူးမျှော်လင့်နေပါတယ်။"
အထူးကိုယ်စားလှယ် Yanghee Lee ဟာ မြန်မာနိုင်ငံကို သွားခွင့်မရပဲ ဇန်နဝါရီလ ၁၄ ရက် တနင်္လာနေ့ကစပြီး ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေကို ၁၁ ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်နေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာစစ်ဘေးရှောင် ဒုက္ခသည် စခန်တွေကို သွားရောက်အပြီး ဇန်နဝါရီလ ၁၉ ရက်နေ့မှာ Bhashan Char ဒုက္ခသည်စခန်းအပါအဝင် ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေရှိရာ ဒုက္ခသည်စခန်းတွေကို သွားရောက်မှာ ဖြစ်သလို ဇန်နဝါရီလ ၂၄ ရက်နေ့မှာတော့ Dhaka မှာ သတင်းစာရှင်းလင်းပွဲ လုပ်မှာ ဖြစ်ပါတယ်။ မနှစ်က ၂၀၁၈ ဇန်နဝါရီလ မှာလည်း မြန်မာနိုင်ငံထဲ ဝင်ခွင့်မရတဲ့အတွက် ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒုက္ခသည် စခန်းတွေကိုသာ သွားရောက်နိုင်ခဲ့ပြီး တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တော်ကို ရောက်မှ သတင်းစာရှင်းလင်းပွဲ ကျင်းပနိုင်ခဲ့တာပါ။
လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee ကတော့ သူဟာ မြန်မာ အစိုးရနဲ့ ဆက်ပြီး စေ့စပ်ညှိနှိုင်းသွားနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့ တွေ့ဆုံပြီး နိုင်ငံတဝန်းက လူ့အခွင့်အရေး အခြေအနေတွေကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂက ကြေညာချက်မှာ ပြောဆိုထားပါတယ်။ အခု ခရီးစဉ် အတွင်း တွေ့ရှိချက်တွေကိုတော့ ကုလ အထူးကိုယ်စားလှယ်က လာမယ့် မတ်လ လူ့အခွင့်အရေး ကောင်စီရဲ့ အကြိမ် ၄၀ မြောက် ညီလာခံမှာ တင်ပြမှာ ဖြစ်ပါတယ်။
အထူးကိုယ်စားလှယ် Yanghee Lee ကို မြန်မာအစိုးရက ၂၀၁၇ ဒီဇင်ဘာလကစပြီး ပြည်ဝင်ခွင့်ငြင်းပယ်ထားတာပါ။ ၂၀၁၇ ဇူလိုင်လ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ကုလလူ့အခွင့်ရေးကောင်စီကို တင်သွင်းခဲ့တဲ့ သူမရဲ့ အစီရင်ခံစာဟာ ဘက်လိုက်ပြီး မျှတမှု မရှိတဲ့အတွက် အခုလို ဆုံးဖြတ်ချက်ချက်ခဲ့ကြောင်း မြန်မာအစိုးရက သူ့ကို အကြောင်းကြားခဲ့တာ ဖြစ်တယ်လို့ အဲဒီအချိန်က ထုတ်ပြန်တဲ့ Yanghee Lee ရဲ့ ကြေညာချက်မှာ ဖေါ်ပြထား ပါတယ်။
Yanghee Lee ဟာ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် အဖြစ် စတင် တာဝန်ယူခဲ့တဲ့ အချိန်ကစလို့ မြန်မာနိုင်ငံကို ၆ ကြိမ် ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။