သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Xi Jinping ကို ကွန်မြူနစ်ပါတီ အကြီးအကဲ ဒုတိယသက်တမ်း ပြန်ခန့်


ဒုတိယသက်တမ်း ပြန်လည်ရွေးချယ်ခံရသူ တရုတ်သမ္မတ Xi Jinping (အောက်တိုဘာ ၂၅၊ ၂၀၁၇)
ဒုတိယသက်တမ်း ပြန်လည်ရွေးချယ်ခံရသူ တရုတ်သမ္မတ Xi Jinping (အောက်တိုဘာ ၂၅၊ ၂၀၁၇)

တရုတ်သမ္မတ ရှီကျင့်ပင်ကို သမ္မတအဖြစ် ဒုတိယသက်တမ်းတာဝန် ဆက်လက် ထမ်းဆောင်ဖို့နဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အကြီးအကဲအဖြစ် နောက်ထပ် ၅ နှစ် ဆက်လက်တာဝန်ယူဖို့ ဗုဒ္ဓဟူးနေ့မှာ ရွေးချယ် တင်မြှောက်လိုက်ပြီဖြစ်ပါတယ်။ Xi နာမည်နဲ့ သူ့ရဲ့ နိုင်ငံရေး အတွေးအခေါ်တွေကို ကွန်မြူနစ်ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ထည့်သွင်းခဲ့ပြီး နောက်တနေ့မှာ အခုလို ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်း ရေးမှူး အဖြစ် ရွေးချယ်တင်မြှောက်လိုက်တာဖြစ်ပါတယ်။ ဦးစံမိုးေ၀ က စုစည်း တင်ပြပေးပါလိမ့်မယ်။

တရုတ် သမ္မတရှီကျင့်ပင် ကို ဒုတိယ ၅ နှစ် သက်တမ်း ဆက်လက်တာဝန်ထမ်းဆောင်ဖို့နဲ့ ကွန်မြူနစ်ပါတီရဲ့ အကြီးအကဲအဖြစ် တံခါးပိတ်ကျင်းပတဲ့ ရွေးချယ်ပွဲမှာ ပါတီထိပ်တန်း ခေါင်းဆောင် ၂၀၄ ဦး က ကန့်ကွက်သူမရှိ မဲပေးရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။

အင်္ဂါနေ့မှာ ကျင်းပတဲ့ ပါတီကွန်ဂရက် က အခြေခံ ဥပဒေ ပြောင်းလဲ ပြင်ဆင်ဖို့ အတည်ပြု လိုက်ပြီး Xi ရဲ့ အမည် ကို ကွန်မြူနစ် တရုတ်နိုင်ငံကို ထူထောင်သူ မော်စီတုန်းနဲ့ ကမ္ဘာ့စီး ပွားရေး အင်အားကြီးနိုင်ငံတခု ဖြစ်လာအောင် စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တဲ့ တိန့်ရှောင်ဖိန်တို့နဲ့အတူ ကွန်မြူနစ်ပါတီရဲ့ အခြေခံဥပဒေမှာ ထည့်သွင်း ဖေါ်ပြလိုက်ပါ တယ်။ Xi ဟာ အခြေခံဥပဒေမှာ အမည်ဖော်ပြခံရတဲ့ တတိယမြောက် တရုတ်ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

Xi နဲ့အတူ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုနိုင်ငံရေး ဦးဆောင်အဖွဲ့ ပေါလစ်ဗျူရို ကော်မတီဝင် သစ် စုစုပေါင်း ၇ ဦး ကို ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ရွေးချယ်ခဲ့တာပါ။ ပြန်လည်ရွေးကောက်ခံရသူတွေကတော့ သမ္မတ Xi နဲ့ ဝန်ကြီးချုပ် Li Keqiang တို့ဖြစ်ပြီး ကျန် လူသစ် ၅ ယောက် ကတော့ Xi ရဲ့ အဓိက အကြံပေးတွေ ဖြစ်ကြတဲ့ Wang Huning နဲ့ Li Zhanshu အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကြီးအကဲဖြစ်လာဖို့ရှိတဲ့ Zhao Leji နိုင်ငံတော ်ကောင်စီ ဒုတိယ ဥက္ကဋ္ဌ Wang Yang နဲ့ ရှန်ဟိုင်းပါတီအတွင်ရေးမှူး Han Zheng တို့ ဖြစ်ကြပါတယ်။

ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးတာဝန် လက်ခံယူပြီးတဲ့နောက် သမ္မတ Xi က အခုလိုပြောပါတယ်။

“၁၉ ဦး ပါတဲ့ ပထမ မျက်နှာစုံညီအစည်းအဝေးက ခေါင်းဆောင်မှုအဖွဲ့အသစ်တရပ်ကို ရွေးကောက် တင်မြှောက်ခဲ့ပါတယ်။ ပါတီ ညီလာခံကနေ ကျနော့ကိုဗဟိုကော်မတီရဲ့ အထွေထွေ အတွင်းရေးမှုးချုပ် အဖြစ် ထပ်မံပြီးတော့ ရွေးချယ်ခဲ့ကြပါတယ်။ ဒါဟာ ကျနော့ရဲ့ ကျိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုလိုက်တာပါ။ ဒါဟာ ကျနော့အတွက် ပိုမိုကြိုးပမ်းအားထုတ်ဖို့ တွန်းအား ပေးလိုက်တာလည်း ဖြစ်ပါတယ်။”

ဒိထက်မက တရုတ်နိုင်ငံကို တည်ထောင်ခဲ့တဲ့ မော်စီတုန်း ရဲ့နောက်ပိုင်း တရုတ်နိုင်ငံမှာ သြဇာအာဏာအရှိဆုံး ခေါင်းဆောင်အဖြစ် မြင်တွေ့နေရပါတယ်။ စနစ်တကျစီစဉ်ထားတဲ့ ကွန်မြူနစ်ပါတီ ညီလာခံကြီးဟာ အင်္ဂါနေ့မှာ ပြီးဆုံးသွားခဲ့ပါပြီ။ သူ့ရဲ့ ဆက်လက်အုပ်ချုပ်ရေးအတွက် ခိုင်မာအောင်လုပ်နိုင်ခဲ့ ပါတယ်။

Xi မှာ တရုတ်နိုင်ငံနဲ့ တရုတ်ရဲ့ ကွန်မြူနစ်စနစ် တို့ပတ်သက်ပြီး ကြီးမားတဲ့ မျှော်မှန်းချက်တွေ ရှိနေပါတယ်။

“တရုတ်ကွန်မြူနစ်ပါတီဟာ ကမ္ဘာမှာ အကြီးမားဆုံး နိုင်ငံရေးပါတီ ဖြစ်ပါတယ်။ ဒီလို ကြီးမားတဲ့ ပါတီ ဖြစ်တာနဲ့အညီ တာဝန်ထမ်းဆောင်ရာမှာ လည်း ပီပြင်ဖို့လိုပါတယ်။ သမိုင်းမှာ ထင်ထင်ရှားရှား တွေ့မြင်နိုင်တာကတော့ တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ အလွန်ကြီးမားလှတဲ့ လူမှုတော်လှန်ရေးကို ဦးဆောင်နိုင်စွမ်းရှိခဲ့ယုံမက ပါအတွင်းမှာ လည်း ကြီးမားတဲ့ တော်လှန်ရေးကြီး လုပ်ဆောင်နေပါတယ်။”

ပါတီခေါင်းဆောင်ကြီး Xi ကို ၁၉၅၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး သူ့ရဲ့ ဖခင်ဖြစ်သူဟာ ကွန်မြူနစ်တရုတ်နိုင်ငံကို တည်ထောင်သူတွေထဲက တဦး ဖြစ်တဲ့ရှီဂျောင်ရွှန်း ဖြစ်ပါတယ်။ သူ့ရဲ့ဖခင်ကို ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ ပါတီကနေ ထုတ်ပစ်ခဲ့ပြီး ထောင်ချခံခဲ့ရ ပါတယ်။ အဲဒီအချိန်က အသက် ငယ်ရွယ်သေးတဲ့ Xi ဟာ အစွန်အဖျား ရွာလေးတရွာမှာ (၇) နှစ်တိုင်တိုင် အလုပ်ကြမ်း စေခိုင်းတာ ခံခဲ့ရပါတယ်။

Xi ဟာ ဒီအဖြစ်အပျက်တွေကို ကျော်လွှားနိုင်ခဲ့ပြီး ဆင်းဟွားတက္ကသိုလ်မှာ ပညာဆည်း ပူးနိုင်ခဲ့ ကာ ၁၉၇၉ ခုနှစ်မှာ တက္ကသိုလ်ကနေ ဓါတုဗေဒ အင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပါတယ်။

အဲဒီနောက် အာဏာရ ကွန်မြူနစ်ပါတီ ကိုဝင်ရောက်ခဲ့ပြီး ဟီဘိုင်းခရိုင်ရဲ့ ပါတီဒုတိယ အတွင်းရေးမှုး ဖြစ်လာခဲ့ပြီး နောက်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးအချက်အခြာဖြစ်တဲ့ ရှန်ဟိုင်းမှာ ပါတီခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်အရောက်မှာတော့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုနိုင်ငံရေး ဦးဆောင်အဖွဲ့ ပေါလစ်ဗျူရိုမှာ အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ကွန်မြူနစ်ပါတီအထွေထွေ အတွင်းရေးမှူးနဲ့ သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG