ကမ္ဘာ့စီးပွားရေးအခြေအနေတွေကို စိုးရိမ်မကင်းဖြစ်ရာက စိတ်ချရတဲ့ရင်းနှီးမြုပ်နှံမှုအဖြစ် ရွှေကို အလုအယက် ဝယ်ယူစုဆောင်းလာတာကြောင့် ရွှေဈေးတွေ စံချိန်ချိုးလောက်အောင် မြင့်တက်လာနေပါတယ်။ အလားတူပဲ မြန်မာနိုင်ငံမှာလည်း ရွှေဈေးတွေ တက်လာနေပေမဲ့ ဝယ်ယူစုဆောင်းသူတွေအစား ထုတ်ရောင်းသူတွေသာ ပိုများနေတယ်လို့ ရွှေဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။ ကမ္ဘာနဲ့ မြန်မာ့ရွှေဈေးကွက် အခြေအနေ အပြည့်အစုံကို စုံစမ်းထားတဲ့ မနန္ဒာချမ်းက တင်ပြထားပါတယ်။
အမေရိကန်နဲ့ ဥရောပမှာ နောက်တကြိမ် စီးပွားရေးကျဆင်းနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေတာကြောင့် စတော့ခ်ဈေးတွေ အကြီးအကျယ် ကျလာပြီး ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အမေရိကန်ဒေါ်လာအစား အာမခံရှိတဲ့ရွှေတွေကို အလုအယက် ဝယ်ယူ စုဆောင်းနေကြတာကြောင့် ရွှေဈေးဟာ ကမ္ဘာမှာ မကြုံစဖူး ဈေးမြင့်တက်ခဲ့တာပါ။ ဒီထက် ဆက်တက်လာနိုင်ချေရှိတယ်လို့လည်း ပြောဆိုသံတွေ ထွက်ပေါ်နေပါတယ်။ အခုနောက်ဆုံး သောကြာနေ့က ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စ ကို ဒေါ်လာ ၁,၉၀၀ နီးပါး ဈေးပေါက်ခဲ့တာပါ။ ဒီဈေးဟာဆိုရင် ၂၀၀၇ ခုနှစ်နှောင်းပိုင်း ကမ္ဘာ့စီးပွားရေး အခြေအနေ ကျဆင်းလာကတည်းက နှစ်ဆကျော်ကျော်ကို မြင့်တက်ခဲ့တာဖြစ်သလို ပြီးခဲ့တဲ့ ၂ လကျော် လောက်ကနဲ့ ယှဉ်မယ်ဆိုရင်တော့ အခုရွှေဈေးနှုန်းဟာ ၁၉ ရာခိုင်နှုန်းလောက်ထိ မြင့်တက်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလို ရွှေဈေးတက်ရတဲ့ တခြားအကြောင်းရင်းနဲ့ပတ်သက်လို့ Rockwell Global Capital ကုမ္ပဏီက ဈေးကွက်သုံးသပ်သူ ပီတာ ကာဒီလို (Peter Cardillo) ကတော့ -
“ပထမအနေနဲ့ ဗဟိုဘဏ်တွေက ဆက်ပြီးဝယ်နေတာ၊ ဒုတိယအနေနဲ့ကတော့ ငွေစက္ကူထုတ်ေ၀ သုံးစွဲမှုတွေမှာ အဟန့်အတားတွေ ကြုံနေရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ရွှေကို အလုအယက်ဝယ်လာကြတာပါ။ ရွှေဈေးကလည်း ဒီထက် ဆက်တက်စရာ ရှိနေပါတယ်။”
ကမ္ဘာ့ရွှေကောင်စီရဲ့ ဒီနှစ် ဒုတိယ ၃ လပတ်အစီရင်ခံစာအရ အရင်တနှစ် ဒီလိုအချိန်ကနဲ့စာရင် ပျမ်းမျှ ၅% အထိ တန်ဘိုးတက်လာတာကြောင့် ဒါဟာ ဒုတိယအများဆုံး စံချိန်ချိုးခဲ့တာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
ရွှေကိုရင်းနှီးမြှုပ်နှံမှုအတွက်တင်မက လက်ဝတ်ရတနာအတွက်ပါ အဓိကသုံးစွဲကြတဲ့ အာရှနိုင်ငံတွေမှာလည်း ရွှေဈေးတွေ တက်နေသလို ဝယ်လိုအားတွေကလည်း ကောင်းနေတာ ဖြစ်ပါတယ်။ အရင်တနှစ်က ဒီလိုအချိန်နဲ့ယှဉ်ရင် အိန္ဒိယနိုင်ငံက ၃၈%၊ တရုတ်နိုင်ငံက ၂၅% တိုးလာတယ်လို့ ကမ္ဘာ့ရွှေကောင်စီရဲ့ အစီရင်ခံစာက ပြောဆိုခဲ့တာပါ။
နိုင်ငံခြားငွေလဲနှုန်း ပြင်ဆင်သတ်မှတ်ဖို့နဲ့ နိုင်ငံခြားငွေလဲလက်မှတ်တွေကို ဖျက်သိမ်းမှာလို ငွေကြေးဆိုင်ရာ အပြောင်းအလဲတွေ လုပ်ဆောင်မယ်လို့ မကြာသေးခင်ကပဲ ကြေညာခဲ့တဲ့ မြန်မာနိုင်ငံမှာလည်း ကမ္ဘာ့ရွှေဈေးနှုန်းတွေရဲ့ ရိုက်ခတ်မှုတွေ ကြုံနေရပါတယ်။ သောကြာနေ့မှာဆိုရင် အခေါက်ရွှေ ၁ ကျပ်သားကို ၇ သိန်းကျော်အထိ ပေါက်နေတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း ကမ္ဘာ့ဈေးကွက်နဲ့ တမူထူးပြီး မြန်မာနိုင်ငံမှာက စီးပွားရေးမပြေလည်ကြတာကြောင့် ဝယ်ယူစုဆောင်းလိုသူတွေထက် ရောင်းချင်တဲ့သူတွေသာ ပိုများတယ်လို့ ရွှေဆိုင်ပိုင်ရှင်တွေက ပြောကြပါတယ်။ ဒီအတွက် ရွှေအရောင်းအဝယ်တွေ ထိုင်းမှိုင်းနေတယ်လို့ ရန်ကုန်မြို့က ရွှေဆိုင်ပိုင်ရှင် တယောက်က ပြောပါတယ်။
“ရွှေဈေးက ၇ သိန်းနဲ့ ၃ ထောင် လောက်ရှိတယ်။ အခေါက် တကျပ်သားဈေးပါ။ အမြဲတမ်းတော့ ပြောင်းနေတယ်။ ခုနက ၁၅ မိနစ်လောက်ကတော့ အဲဒီဈေးပဲ။ ကမ္ဘာ့ရွှေဈေးကိုပဲ ကြည့်ရမှာပေါ့နော်။ အရင်ရက်တွေက မနေ့ကအထိက ၆ သိန်း ၉ သောင်း ၆ ထောင်လောက် ရှိပါတယ်။ ဒီနေ့မှ ၇ သိန်း ကျော်တာရှင့်။ အရောင်းအဝယ်ကတော့ အေးတယ်ရှင့်။ ရောင်းရတာအေးပြီးတော့ လာရောင်းတဲ့သူကတော့ နည်းနည်း ပိုများတာပေါ့နော်။ အရောင်းအဝယ်က အကုန်လုံးကို အေးနေတယ်။”
ဒါ့အပြင် ဝယ်ယူစုဆောင်းသူတွေထက် ရွှေကိုထုတ်ရောင်းသူတွေသာ များနေတာကြောင့် ရွှေထည်တွေ ထုလုပ်ရတဲ့ ပန်းတိမ်ဆိုင်တွေမှာလည်း အပ်ထည်တွေနည်းပြီး လုပ်ငန်းတချို့ ရပ်ထားကြရတယ်လို့ နောက်ထပ် ရွှေဆိုင်ပိုင်ရှင်တဦး ကလည်း ပြောပြပါတယ်။
“ကမ္ဘာ့ရွှေဈေးကလည်း မကြုံဖူးတဲ့ အမြင့်ဆုံး ဆိုတော့လေ အရင်ကထက်စာရင်တော့ ကမ္ဘာ့ရွှေဈေး တက်တော့ တက်တာပေါ့နော်။ အရင်ကတော့ လွန်ခဲ့တဲ့နှစ်ကဈေးနဲ့ လကဈေးနဲ့ မတူဘူးပေါ့နော်။ အဲဒီလိုမျိုးတွေ ဖြစ်နေတာ။ ဒီရွှေဈေးကတော့ မကြုံဖူးဘူးပေါ့။ ၇ သိန်းနီးနီး ဖြစ်တယ်ဆိုတော့လေ။ ဝယ်နိုင်တဲ့အင်အား သိပ်မရှိကြပါဘူး။ အရောင်းအဝယ်ကတော့ နည်းနည်း နည်းနည်းပဲဖြစ်ပါတယ်။ ရောင်းချင်တဲ့သူ ပိုများကြတာပေါ့။ ပန်းတိမ်အပ်တဲ့သူတွေက မအပ်တော့ဘူးပေါ့။ မဝယ်ဖြစ်သေးဘူးပေါ့။ ကိုယ့်ဟာကိုယ်ပဲ ပစ္စည်းခတ်တော့ ရွှေဈေးတက်ရင် ပစ္စည်း မခတ်ဘူး၊ ရပ်ထားတယ်။ ရွှေဈေးတက်မှ ပြန်ခတ်တယ်။ အဲဒီလိုမျိုးပေါ့နော်။”
ကမ္ဘာ့ရွှေကောင်စီရဲ့ အစီရင်ခံစာမှာတော့ ရွှေဈေးတွေ မြင့်တက်လာနေတယ်ဆိုပေမဲ့ ဒီနှစ် ၂၀၁၁ ခုနှစ် ဒုတိယ ၃ လပတ်အတွင်း ဝယ်လိုအားအနေနဲ့ကတော့ ၁၇% အထိ ကျဆင်းခဲ့တယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။