ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ပထမဆုံး ကွာတားဖိုင်နယ်ပွဲတွေကို မြန်မာစံတော်ချိန် ဇူလိုင်လ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။
ကွာတားဖိုင်နယ်အဖွင့်ပွဲအဖြစ် ဇူလိုင် ၆ ရက်၊ သောကြာည ၈ နာရီခွဲမှာ ဥရုဂွေးနဲ့ ပြင်သစ်တို့ ယှဉ်ပြိုင်ကစားပြီး ဇူလိုင် လ ၇ ရက်၊ စနေနေ့ဘက်အကူး ၁၂ နာရီခွဲမှာ ဘရာဇီးလ်နဲ့ ဘယ်လ်ဂျီယမ်တို့ ကစားကြမှာပါ။
ဥရုဂွေးနဲ့ ပြင်သစ်တို့ နောက်ဆုံးတွေ့ထားတဲ့ ၈ ပွဲမှာ ပြင်သစ်က ၁ ပွဲပဲနိုင်ထားပြီး ဥရုဂွေးက ၄ ပွဲနိုင်ပြီးတော့ ၃ ပွဲ သရေကျထားပါ တယ်။ နောက်ဆုံးကန်တာကတော့ ၂၀၁၃ ခုနှစ် ဇွန်လက ချစ်ကြည်ရေးပွဲဖြစ်ပြီး ဥရုဂွေးက ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ထားပါတယ်။
ကမ္ဘာ့ဖလားပွဲ သုံးကြိမ်တွေ့ဖူးတာမှာ ပြင်သစ်က ဥရုဂွေးကို တခါမှ အနိုင်မရဘူးဘဲ ၁၉၆၆ ခုနှစ်ပွဲမှာ ဥရုဂွေးက ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး ၂၀၀၂ နဲ့ ၂၀၁၀ ပွဲတွေမှာ ဂိုးမရှိ သရေကျထားပါတယ်။
ဥရုဂွေးအသင်းဟာ အုပ်စုပွဲသုံးပွဲစလုံးကိုရော ၁၆ သင်း ရှုံးထွက်ပွဲမှာ ရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီကိုပါ အနိုင်ယူပြီး လေးပွဲ ဆက်တိုက် နိုင်ပွဲနဲ့ ကွာတားဖိုင်နယ်လ်ကို တက်လာတာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲတခုအတွင်းမှာ ဥရုဂွေးအသင်းဟာ အရင်က ငါးပွဲ ဆက်တိုက် အနိုင်ရတာ တခါမှမရှိဖူးသေးပါဘူး။
၁၆ သင်းရှုံးထွက်အဆင့်မှာ အာဂျင်တီးနားကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရပြီးတက်လာတဲ့ ပြင်သစ်အသင်းအတွက်တော့ ၁၂ နှစ်အတွင်း ဆီမီးဖိုင်နယ်အဆင့်ကို တက်ခွင့်ရမလားဆိုတာ ဒီပွဲက အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။
ကွာတားဖိုင်နယ် ဒုတိယပွဲကတော့ ဘရာဇီးလ်နဲ့ ဘယ်လ်ဂျီယမ်တို့ပွဲပါ။ ၁၆ သင်းရှုံးထွက်အဆင့်မှာ ဘရာဇီးလ်က မက္ကဆီကိုကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ကွာတားတက်လာတာဖြစ်သလို ဘယ်လ်ဂျီယမ်ကလည်း ဂျပန်အသင်းကို နောက်ဆုံးအချိန်ပိုင်းမှာမှ ရလိုက်တဲ့ အနိုင်ဂိုးအပါအဝင် ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး တက်လာတာပါ။
အခုတကြိမ် သူတို့နှစ်သင်းတွေ့တာဟာ ငါးကြိမ်မြောက်ဖြစ်ပြီး ၁၉၆၃ ခုနှစ်ကကစားတဲ့ ချစ်ကြည်ရေးပွဲမှာ ဘယ်လ်ဂျီယမ်အသင်း အနိုင်ရဖူးတာကလွဲလို့ ကျန်သုံးပွဲကို ဘရာဇီးလ်က အနိုင်ရထားပါတယ်။
ကမ္ဘာ့ဖလားမှာ သူတို့နှစ်သင်းတွေ့ဖူးတာက ၂၀၀၂ ခုနှစ် ၁၆ သင်း ရှုံးထွက်အဆင့်မှာဖြစ်ပြီး ဘရာဇီးလ်က ၂ ဂိုး ဂိုးမရှိနဲ့ အဲဒီပွဲမှာ အနိုင်ရသလို ချန်ပီယံဖလားကိုလည်း ရသွားတာပါ။
ဒီတကြိမ်မတိုင်ခင် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ သုံးကြိမ်စလုံးမှာ ဘရာဇီးလ်အသင်းကို ဥရောပတသင်းသင်းက ဖြုတ်ချခဲ့တာချည်းပါပဲ။ ၂၀၀၆ ခုနှစ်မှာ ပြင်သစ်၊ ၂၀၁၀ မှာ နယ်သာလန်၊ ၂၀၁၄ မှာ ဂျာမနီတို့ကို ဘရာဇီးလ်အသင်း ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်သွားခဲ့ရတာဖြစ်ပါတယ်။