ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း
အခုတလော သတင်းမီဒီယာတွေ၊ ဆိုရှယ်မီဒီယာတွေမှာ မြန်မာကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းနေတာ၊ ဒေါ်လာဈေးနှုန်းနဲ့ ရွှေဈေးတွေ ထိုးတက်နေတာ၊ ဓာတ်ဆီဝယ်မရတာ၊ ဆေးဝါးနဲ့ အခြေခံကုန်ဈေးနှုံးတွေ ဆက်တိုက်တက်နေတယ်ဆိုတဲ့အကြောင်းတွေက အတော်လေး နေရာယူထားတာ တွေ့ရပါတယ်။ နေရာယူမယ်ဆိုလည်း ယူစရာပါပဲ။ တစ်ဒေါ်လာ ၄,၀၀၀ ကျပ်၊ ရွှေတစ်ကျပ်သား ကျပ် ၃၅ သိန်း၊ ဓာတ်ဆီ ၁ လီတာ ၂,၆၀၀၊ ၂,၇၀၀ ကျပ်၊ မကြုံစဖူး ထူးကဲတဲ့ စံချိန်တင်ဈေးနှုန်းတွေ ဖြစ်ခဲ့တာကိုတွေ့ကြရမှာ ဖြစ်ပါတယ်။
"စစ်အာအာသိမ်းလိုက်တဲ့အချိန်ကစလို့ အခြေအနေတွေဟာ လုံးဝပြောင်းလဲသွားခဲ့တယ်။ ဈေးနှုန်းတွေ ဆက်တိုက်တက်နေတာကြောင့် စီးပွားရေးလုပ်ငန်းတွေ ဒုက္ခရောက်နေကြတယ်။ ဘာလုပ်လို့ လုပ်ရမှန်းကို မသိတော့ပါဘူး"လို့ ရန်ကုန်မြို့က အသက် (၅၀) အရွယ် ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောတဲ့အကြောင်းကို ဂျပန်သတင်းဌာန Nikkei Asia က သြဂုတ်လ (၂၆) ရက်နေ့မှာ ဖော်ပြတဲ့ " စစ်တပ်ကအာဏာရယူ
ပြီးနောက် ငွေကြေးဖောင်းပွမှုဒဏ်ကို အလူးအလဲခံစားနေရတဲ့ မြန်မာစားသုံးသူများ" ဆိုတဲ့ ဆောင်းပါးမှာ ရေးသားထားတာ တွေ့ရပါတယ်။
အဲဒီဆောင်းပါးမှာပဲ စစ်တပ်က ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေတယ်။ ဆန်ဈေးနှုန်းနဲ့ နေစဉ်မရှိမဖြစ်လိုအပ်တဲ့ စားသောက်ကုန်ဈေးနှုန်းတွေ ထိုးတက်နေတယ်။ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေပြီး နိုင်ငံခြားအရန်ငွေလည်း လျော့နည်းလာနေတယ်။ တိုင်းပြည်ဟာ အဆိုးကျော့သံသရာထဲမှာ ငွေကြေးဖောင်းပွမှုဟာ ထိန်းမနိုင် သိမ်းမရဖြစ်နေပြီး စီးပွားရေးအခြေအနေဟာ အဆိုးဆုံးအနေအထားကို ရောက်နေတယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင်ဆောင်းပါးမှာ လူအများစုစားသုံးတဲ့ ဆန်တစ်ပြည်ဟာ ၃,၉၀၀ ကျပ်၊ စားအုန်းဆီ တစ်ပိသာကို ၉,၅၀၀ ကျပ်ထိ ဈေးနှုန်းတက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါဟာ ၂၀၂၁ မတ်လနဲ့ နှိုင်းယှဉ်ရင်၂၀၂၂၊ သြဂုတ်လမှာ ဆန်ဈေးနှုန်းဟာ ၄၄ ရာနှုန်း၊ စားအုန်းဆီဟာ ၁၅၀ ရာနှုန်း မြင့်တက်သွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘာကြောင့်ခုလို ကျပ်ငွေတန်ဖိုး ကျဆင်းနေရတာလဲ။ ငွေတန်ဖိုး ကျဆင်းရခြင်းမှာ အဓိကအကြောင်း သုံးခုရှိတယ်လို့ စီးပွားရေးကျွမ်းကျင်သူ တွေကဆိုပါတယ်။ အဲဒီအကြောင်းရင်း သုံးခုကတော့ (၁) ပြည်ပကို နိုင်ငံခြားငွေ အရင်းအနှီးများ အလုံးအရင်းနဲ့ ပြန်လည်ထွက်ခွာသွားခြင်း (capital outflows) )။ (၂) အရေးကြီး သွင်းကုန်များတင်သွင်းဖို့ နိုင်ငံခြား ငွေပြတ်လပ်သွားခြင်း (Balance of Payment-BOP crisis)။ (၃) အစိုးရဘတ်ဂျက် လိုငွေပြမှု မြင့်မားလာခြင်းနဲ့အတူ ဗဟိုဘဏ်က လိုငွေအတွက် ငွေစက္ကူရိုက်ထုတ် ဖြေရှင်းရာမှ ငွေဖေါင်းပွမှု မြင့်မားလာခြင်းတို့ ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ အနေအထားဟာ အထက်ပါ အချက်သုံးချက်လုံးနဲ့ ဆက်နွယ်နေတယ်လို့ ဆိုနိုင်ပါတယ်။
ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးအစီရင်ခံစာမှာ၂၀၂၂ ခုနှစ် ပထမ ၆ လအတွင်း သွင်းကုန်တန်ဖိုးဟာ ပို့ကုန်တန်ဖိုးထက် အမေရိကန်ဒေါ်လာ ၁၅၉ သန်း ပိုများတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ သုံးလပတ်အတွင်းမှာပဲ နိုင်ငံခြားငွေ ပြည်ပကိုထွက်သွားတာဟာ ဒေါ်လာ ၁ ဘီလီယံရှိတယ်။ ဒါ့အပြင် နိုင်ငံခြားအရန်ငွေကြေး ပမာဏဟာလည်း စိုးရိမ်ရေမှတ်ရောက်နေပြီလို့ ဖော်ပြထားပါတယ်။
မြန်မာစစ်ကောင်စီမှာ နိုင်ငံခြားအရန်ငွေကြေး ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ မသိနိုင်ပေမဲ့ အရန်ငွေကြေး လျော့နည်းလာတယ်ဆိုတာကတော့ ခန့်မှန်းလို့ရပါတယ်။ သွင်းကုန်ရငွေ အမေရိကန်ဒေါ်လာတွေကို ဗဟိုဘဏ်ကထိန်းချုပ်တာ၊ လောင်စာဆီတင်သွင်းတာကို တစ်ဝက်နီးပါး လျှော့ချလိုက်တာတွေဟာ သိသာထင်ရှားတဲ့အချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ စီးပွားရေးပြိုလဲပြီး နောက်ဆက်တွဲအနေနဲ့ အရေးပါပြိုလဲခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံနဲ့ ဆင်တူလာတယ်လို့ နှိုင်းယှဉ်သုံးသပ်သူတွေလည်း ရှိပါတယ်။ ဒီအကြောင်းကို Bangkok Post သတင်းစာရဲ့ ဇူလိုင် ၂၆ ရက်နေ့က ဖော်ပြတဲ့ "သီရိလင်္ကာလိုမဖြစ်ဖို့ မြန်မာမှာ လုံလောက်တဲ့ ရန်ပုံငွေရှိရဲ့လား" ဆိုတဲ့ ဆောင်းပါးမှာတော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သီရိလင်္ကာလို ဖြစ်စရာအကြောင်း လုံးဝမရှိပါဘူး။ နိုင်ငံခြားအရန်ငွေကြေး အမေရိကန်ဒေါ်လာ အလုံအလောက် ရှိပါတယ်။ သီရိလင်္ကာလို မဖြစ်အောင် ရှောင်ရှားနိုင်ပါတယ်" လို့ ပြောဆိုကြောင်း ရေးသားထားပါတယ်။
ဒါပေမဲ့ စီးပွားရေးပညာရှင်တစ်ဦးဖြစ်တဲ့ ဆရာငြိမ်းစေကတော့ "လက်ရှိ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော စီးပွားရေးဖြစ်စဉ်မှာ ဈေးကွက်နှင့် မက်ခရိုဘောဂဗေဒ အခြေခံစဉ်းစား၍ မရသောကိစ္စ ဖြစ်သည်။ သာမန်မတည်ငြိမ်သော စီးပွားရေးအခြေအနေလည်း မဟုတ်ပါ။ အထိန်းအထေသဘောဆောင်သော စီးပွားရေး အဆောက်အအုံများ Economic Institutions များ ပြိုကျနေသော အခြေအနေလည်း ဖြစ်သည်။ နိုင်ငံရေးပေါက်ကွဲမှုမှ လူမှုအစီအစဉ် တရပ်ပျက်သွားခြင်းဖြင့် ဗရမ်းဗတာ ဖြစ်ဆဲအခြေအနေတခု (Evolving Chaos) အတွင်း ရောက်ရှိနေခြင်း ဖြစ်သည်" လို့ ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။
ကမောက်ကမ ဖြစ်နေတဲ့ လက်ရှိမြန်မာစီးပွားရေးရဲ့ အရင်းခံအကြောင်းရင်းဟာ နိုင်ငံရေးအကျပ်အတည်းရဲ့ အကျိုးဆက် ဖြစ်ပါတယ်။ တနည်းအားဖြင့် စစ်တပ်အာဏာသိမ်းရာကစတဲ့ နိုင်ငံရေးမတည်ငြိမ်မှုရဲ့ ဆင့်ကဲရိုက်ခတ်မှုတွေကြောင့် လူမှုရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေ ပေါ်ပေါက်လာရတာပါ။
ဒါကြောင့် မြန်မာ့စီးပွားရေးဟာ ဈေးကွက်ထဲကို ဒေါ်လာ သန်း ၂၀၀ ထည့်တဲ့ ဆေးမြီးတို ကုထုံးမျိုးနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့(IMF) ကမ္ဘာ့ဘဏ်တို့လို အဖွဲ့အစည်းကြီးတွေရဲ့ ကျောထောက်နောက်ခံ အကူအညီရယူ ဖြေရှင်းနိုင်မှသာ ရေရှည်မှာ တည်ငြိမ်တဲ့ စီးပွားရေး အဆောက်အအုံ ဖြစ်စေနိုင်မှာပါ။ IMF နဲ့ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီရဖို့ဆိုတာကလည်း နိုင်ငံရေးပေါ် တည်နေပြန်ပါတယ်။ ဒါကြောင့် အရင်းခံအကြောင်းရင်းဖြစ်တဲ့ နိုင်ငံရေးအကျပ်အတည်းကို မဖြေရှင်းဘဲ မြန်မာ့စီးပွာရေး ပြန်လည်ဦးမော့လာရေးဆိုတာဟာ စိတ်ကူးယဉ်ဆန်လှကြောင်းပါ။
=== Unicode ===