သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၃ ရွေးကောက်ပွဲဟာ စစ်ကောင်စီအတွက် ထွက်ပေါက်လား


စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူများရဲ့ မဲဆွယ်စည်းရုံးပွဲမြင်ကွင်း။ (အောက်တိုဘာ ၂၉၊ ၂၀၁၈)
စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူများရဲ့ မဲဆွယ်စည်းရုံးပွဲမြင်ကွင်း။ (အောက်တိုဘာ ၂၉၊ ၂၀၁၈)

ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း

စက်တင်ဘာလ ပထမပတ်အတွင်းက ရုရှားနိုင်ငံ ဗလာဒီဘော့စတော့မြို့ (Vladivostok) မှာ အရှေ့ဖျားစီးပွားရေးဖိုရမ် (Eastern Economic Forum) ကို တက်ရောက်ခဲ့တဲ့ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားမီဒီယာတစ်ခုနဲ့ အင်တာဗျူး လုပ်ပါတယ်။ အဲဒီအင်တာဗျူးမှာ ၂၀၂၃ ခုနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောပါတယ်။ အဲဒီအင်တာဗျူးမှာပဲ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ ရှိမရှိဆိုတာတော့ ပြောဖို့ စောသေးတယ်လို့လည်း ပြောပြန်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့အင်တာဗျူးမှာ ရွေးကောက်ပွဲကို ၂၀၂၃ မှာ မဖြစ်မနေ လုပ်မယ်လို့ ခိုင်ခိုင်မာမာ ပြောကြားခဲ့ခြင်း မရှိသလို၊ ရွေးကောက်ပွဲကို မရွှေ့ပါဘူးလို့လည်း အာမမခံပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအင်တာဗျူးနောက်ပိုင်း မီဒီယာတွေမှာ၂၀၂၃ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဖော်ပြလာတာ တွေ့ရပါတယ်။

အဲဒီလိုဖော်ပြရာမှာ VOA မြန်မာပိုင်းအစီအစဉ်ကလည်း စက်တင်ဘာ ၁၈ ရက်နဲ့ ၂၀ ရက်တွေမှာ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် သဘောထားအမြင်တွေကို နိုင်ငံရေးပါတီတချို့နဲ့ လွှတ်တော်ကိုယ်စားလှယ်၊ ဥပဒေပညာရှင်တွေကို မေးမြန်းထုတ်လွှင့်ခဲ့တာ တွေ့ရပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့ VOA သတင်းမှာ "ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ အာဏာကို ထိန်းသိမ်းထားတယ်ဆိုတာ ပြသချင်တာကြောင့်ရော၊ လက်ရှိရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ နိုင်ငံရေးအကျပ်အတည်းကနေ ထွက်ပေါက်တစ်ခုအနေနဲ့ ဆောင်ရွက်မယ့်သဘောဖြစ်တယ်"လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လွှတ်တော်သက်တမ်း နှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ရှုမြင်ကြောင်း ဖော်ပြခဲ့ပါတယ်။ VOA ရဲ့ စက်တင်ဘာ ၂၀ ရက် သတင်းမှာတော့ တိုင်းရင်းသားအင်အားကြီး နိုင်ငံပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲချုပ် (SNLD) အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ရဲ့သဘောထားကို အခုလို ထုတ်လွှင့်ခဲ့ပါတယ်။

"နိုင်ငံရေးပါတီဘက်ကကြည့်ရင် ဖြစ်နိုင်စရာမရှိဘူးလို့ သုံးသပ်တယ်။ လုံးဝတည်ငြိမ်မှု မရှိတဲ့အပြင် စစ်ကောင်စီပေါ်မှာလည်း ယုံကြည်သက်ဝင်မှု မရှိဘူး။ သူ့အနေနဲ့ အာဏာ မတရားရယူထားသလို တိုင်းပြည်ကို ဆက်လက်ထိန်းချုပ်သွားနိုင်မယ်လို့ လူထုကမယုံနိုင်တာမို့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တောင် အောင်မြင်နိုင်ဖွယ်မရှိဘူး။ အထမြောက်ဖွယ်ရာ မရှိဘူးလို့ သုံးသပ်တယ်"

ဂျပန်သတင်းဌာန NikkeiAsia ကလည်း "မြန်မာစစ်တပ်ဟာ တရားဝင်မှုရရေးအတွက် ရွေးကောက်ပွဲကို အသုံးချဖို့ ပြင်ဆင်နေတယ်" ဆိုတဲ့ ဆောင်းပါးကို ဇူလိုင် ၂၂ရက်နေ့က ဖော်ပြခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ စစ်ကောင်စီအနေနဲ့ ၂၀၂၃ သြဂုတ်လမှာ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ကတိပေးထားတဲ့ အချိန်ဟာ တစ်နှစ်သာကျန်တော့တယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာဖြစ်သလို မဲဆန္ဒရှင်တွေအနေနဲ့လည်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို သပိတ်မှောက်တာတွေ လုပ်လာနိုင်တယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ၃,၆၀၀ ဟာ ၅၁ သန်းသော ပြည်သူတွေရဲ့ မဲစာရင်းတွေကို တက်သုတ်ရိုက်ပြင်ဆင်နေတယ်။ ရွေးကောက်ပွဲစနစ်ကိုလည်း အချိုးကျ ကိုယ်စားပြုစနစ်(PR) ကျင့်သုံးဖို့ စီစဉ်နေတယ်။ PR စနစ်ဟာ စစ်တပ်ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံခိုင်ရေးပါတီကို အခွင့်သာစေလိမ့်မယ်။ ဇူလိုင်လဆန်းပိုင်းက မြန်မာနိုင်ငံကိုသွားခဲ့တဲ့ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆွန်ခွန်းက ၂၀၂၃ ရွေးကောက်ပွဲဟာ ငြိမ်းချမ်းတဲ့ရွေးကောက်ပွဲ ဖြစ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်တယ်။

ရန်ကုန်က စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်တဲ့ ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကတော့ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲမှာ မဲသွားမပေးဘူးလို့ ပြောတဲ့အကြောင်း ရေးသားထားတဲ့ ဆောင်းပါးကိုတော့ အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet ရဲ့ပြောစကားနဲ့ ဆောင်းပါးကို အဆုံးသတ်ထားပါတယ်။

Derek Chollet က စစ်ကောင်စီက ဦးဆောင်ပြုလုပ်ပေးမယ့် ရွေးကောက်ပွဲဆိုတာ တကယ့်ရယ်စရာကောင်းတဲ့ ပြဇာတ်တစ်ပုဒ်ပါပဲ။ စစ်ကောင်စီအနေနဲ့ လူထုက လေးစားယုံကြည်တဲ့ နိုင်ငံရေးသမားတွေကို ထောင်သွင်းအကျဉ်းချထား၊ ခြိမ်းခြောက်ထားပြီး လုပ်တဲ့ရွေးကောက်ပွဲဟာ ဘယ်လိုမှ လွတ်လပ်ပြီး တရားမျှတစရာ မရှိပါဘူးလို့ မှတ်ချက်ပေးပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်ကတော့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့သဘောထားကို အခုလိုပြောပါတယ်။

"စစ်အုပ်စုမှာ ရွေးကောက်ပွဲတစ်ခုကို ဦးဆောင်ကျင်းပနိုင်လောက်တဲ့ တရားဝင်မှု သူမှာ မရှိပါဘူး။ အဲဒီလိုပဲ စစ်အုပ်စုက ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်မှာလဲပဲ ဒီတရားဝင်မှု မရှိပါဘူး။ ဒါကြောင့်စစ်အုပ်စုမှာ လုံးလုံး ရွေးကောက်ပွဲ လုပ်နိုင်တဲ့အာဏာ မရှိပါဘူး။ ဒါကတစ်အချက်ပါ။ နှစ်အချက်ကတော့ ကျွန်တော်တို့နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့လည်း စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ရွေးကောက်ပွဲကိစ္စကို မစဉ်းစားသင့်ပါဘူးလို့ ကျွန်တော့်အနေနဲ့ အကြံပြုလိုတယ်။ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ အကယ်၍ စစ်အုပ်စုနဲ့ ပူးပေါင်းမယ်။ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲကိစ္စတွေ ဆောင်ရွက်မယ်ဆိုရင် ပြည်သူလူထုရဲ့ဆန့်ကျင်မှုကို အကြီးအကျယ်ခံကြရမယ်လို့ ကျွန်တော့်အနေနဲ့ သတိပေးလိုပါတယ်"

ရွေးကောက်ပွဲတစ်ခု ပြုလုပ်ဖို့ လိုအပ်တဲ့ အင်္ဂါရပ်တွေနဲ့ ကြည့်မယ်ဆိုရင် လောလောဆယ်မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဘယ်လိုမှ ရွေးကောက်ပွဲလုပ်ဖို့ မသင့်တော်သလို၊ လုပ်လို့လည်း မရနိုင်ပါဘူး။ နိုင်ငံအနေနဲ့ စီးပွါးရေး ကျဆင်းနေပြီး ပြည်သူလူထုဟာလည်း စီးပွါးရေး ကျပ်တည်းနေပါတယ်။ နိုင်ငံရဲ့ဒေသအများစုမှာ တည်ငြိမ် အေးချမ်းမှု မရှိပါဘူး။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ (SAC-M) က မြန်မာစစ်ကောင်စီဟာ နိုင်ငံနယ်မြေရဲ့ ၁၇ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်တော့တယ်လို့ ထောက်ပြထားပါတယ်။ ဒါ့အပြင် လတ်တလောမှာကို စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး၊ ညမထွက်ရအမိန့် ထုတ်ပြန်ထားရတဲ့ အခြေအနေပါ။

ဒါကြောင့် လက်ရှိအနေအထားမှာ ရွေးကောက်ပွဲတစ်ခုလုပ်ဖို့ ဘယ်လိုမှ အခြေအနေမပေးဘူးဆိုတာ အဖြေက ရှင်းနေပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမှာ
အချိုးကျစနစ် (PR) ကို ပြောင်းလဲကျင့်သုံးမယ်ဆိုရင် စစ်ကောင်စီ ဆွဲကိုင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဖို့ လိုအပ်ပါတယ်။ ဘယ်လို ပြင်မှာလဲ။ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပေးထားချက်အရ စစ်ကောင်စီအနေနဲ့ ပြင်ပိုင်ခွင့် မရှိသလို၊ ပြင်တာကို အတည်ပြုပေးနိုင်တဲ့ လွှတ်တော်လည်း မရှိကြောင်းပါ။

==== Unicode =====













Unicode ===

XS
SM
MD
LG