သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခဒေသ တိုင်းရင်းအမျိုးသမီးတွေဘ၀ လုံခြုံရေး ကုလစိုးရိမ်


မြန်မာနိုင်ငံက ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေသူတွေထဲက အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ လိင်ပိုင်းဆိုင်ရာ အနိုင်ပြုကျင့်မှုတွေနဲ့ မျိုးဆက်ပြန့်ပွားရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ မရရှိနိုင်မယ့် အန္တရာယ်မျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) က သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံက ပဋိပက္ခတွေကြား ရောက်နေကြရတဲ့ အမျိုးသမီးတွေအတွက် ကျန်းမာရေး စီမံကိန်းတခု ရှေ့နှစ်ဆန်းမှာ စတင်ဖို့ ရှိနေချိန် မှာပဲ UNFPA က ပြောကြားခဲ့တာပါ။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေက အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲတွေ၊ ရခိုင်ပြည်နယ်မှာ လူ့အသိုင်းအဝိုင်းကြား ဖြစ်ပွားတဲ့ ပဋိပက္ခတွေကြောင့် ပြည်တွင်းဒုက္ခသည် ၆ သိန်း ၄ သောင်း ၅ ထောင်အထိ ရှိနေပြီး အရှေ့တောင် အာရှဒေသမှာ အများဆုံးလည်း ဖြစ်နေပါတယ်။

အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအနေနဲ့ ထွက်ပြေးတိမ်းရှောင် နေရချိန်မှာ ဝမ်းဆွဲလက်သည် အကူအညီတို့၊ ကိုယ်ဝန်တားဆေးတို့ မရနိုင်တာကြောင့် အန္တရာယ်ရှိတဲ့ လိင်ဆက်ဆံမှုမျိုး၊ မလိုချင်ဘဲ ကိုယ်ဝန်ရလာတာမျိုး၊ အန္တရာယ်ရှိတဲ့ ကလေးမီးဖွားမှုမျိုး စတဲ့ အခြေအနေမျိုးတွေ ပိုတိုးလာနေတယ်လို့လည်း UNFPA ရဲ့ ကြေညာချက်က ဖော်ပြထားပါတယ်။

UNFPA က ဒေါ်လာ ၁၁.၈ သန်း အကုန်အကျခံ သုံးစွဲမယ့် ကျန်းမာရေး စီမံကိန်းမှာတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ် တွေက မိခင်လောင်း အမျိုးသမီးတွေ၊ မီးဖွားပြီး မိခင်တွေကို အကူအညီပေးမှာ ဖြစ်သလို၊ အဓမ္မပြုကျင့် ခံရမှုလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် ကုသမှု၊ အကြံပေးတိုင်ပင်မှု စတာတွေလို အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုတွေ ပါဝင်မှာ ဖြစ်ပါတယ်။

မီးဖွားစဉ် မိခင်တွေ သေဆုံးမှုနှုန်းဟာ အရှေ့တောင်အာရှဒေသမှာ ပျမ်းမျှ လူတသိန်းကို ၁၄၀ နှုန်း ရှိပေမဲ့ မြန်မာနိုင်ငံမှာတော့ တသိန်းကို ၂၀၀ အထိ ရှိနေပြီး၊ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ သေဆုံးမှုနှုန်း ပိုများတယ်လို့လည်း UNFPA ရဲ့ ကြေညာချက်က ဖော်ပြထားပါတယ်။

XS
SM
MD
LG