လူမျိုးရေး ဘာသာရေး ဆိုင်ရာကိစ္စရပ်တွေမှာ ထိရှိလွယ်တဲ့/အတိမ်းအစောင်းမခံ အနေအထားမှာ ရှိတဲ့ မြန်မာနိုင်ငံမှာ ဘာသာမတူ လူမျိုးကွဲတွေကြား အမုန်းတရားတွေကို နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိနဲ့ သွေးထိုးလှုံ့ဆော်မှုတွေလည်း ရှိနေတာကြောင့် ဒါကိုခြေဖျက်ဖို့ကြိုးစားမှုတရပ်အနေနဲ့ နှင်းဆီဖြူလှုပ်ရှားမှုကို လုပ်ရတာဖြစ်တယ်လို့ ဒီလှုပ်ရှားမှုကို ဦးဆောင်သူတွေက ပြောပါတယ်။ မြန်မာပြည်သူတွေဟာ ဘာသာလူမျိုးတန်းတူမရွေး ချစ်ခင်ရင်းနှီးစွာနဲ့ ငြိမ်းချမ်းခြင်း ကိုယ်ချင်းစာတရားရှိခြင်းကို စုပေါင်းအားနဲ့ပြသနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘာသာပေါင်းစုံက ငြိမ်းချမ်းရေးလှုပ်ရှားသူတွေပူးပေါင်းပြီး ဒီကနေ့ပဲ ဗလီဝတ်ပြုဆုတောင်းပွဲတွေမှာ နှင်းဆီဖြူလေးတွေကို ကမ်းပေးကြတာပါ။ အထူးသဖြင့် အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လ ဝတ်ပြုဆုတောင်းချိန်မှာ ငြိမ်းချမ်းခြင်း လူသားချင်းစာနာမှုရှိခြင်း ကိုယ်ချင်းစာတရားရှိခြင်းနဲ့ တန်းတူညီမျှမှုရှိခြင်းရဲ့ သင်္ကေတအဖြစ်နဲ့ နှင်းဆီဖြူပွင့်လေးတွေ ကမ်းပေးကြရင်းနဲ့ ဒီနှင်းဆီဖြူလှုပ်ရှားမှုကို ငြိမ်းချမ်းခြင်းကို မြတ်နိုးသူတွေက စုပေါင်းဆောင်ရွက်ကြတာဖြစ်ပါတယ်။
ဘာသာမတူသူတွေအကြား အတူယှဉ်တွဲနေနိုင်ရေး ငြိမ်းချမ်းခြင်းကို မြတ်နိုးသူတွေအနေနဲ့ မနက်ဖြန်ကစပြီး မိမိရဲ့ မိတ်ဆွေတစ်ယောက်ယောက်ကို ဘာသာတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ လူမျိုးတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ နှင်းဆီဖြူလေးတစ်ပွင့် ကမ်းပေးလိုက်ပါလို့ နှင်းဆီဖြူလှုပ်ရှားမှု ဦးဆောင်သူတဦးဖြစ်တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုသက်ဆွေဝင်း ဆိုပါတယ်။ ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းတော့ သူကအခုလို ဖြေကြားတာပါ။
နှင်းဆီဖြူလှုပ်ရှားမှု ဦးဆောင်သူ ကိုသက်ဆွေဝင်း။ ။ "ဒီမြန်မာနိုင်ငံကလူ ကျနော်တို့ ဒီ ဗုဒ္ဓဘာသာအများစုပေါ့... ကျနော်တို့တွေက ငြိမ်းငြိမ်းချမ်းချမ်းနေချင်ကြတဲ့သူတွေပါ။ ဒါပေမဲ့ ဗုဒ္ဓဘာသာကို နာမည်ဖျက်ပြီးတော့ ဒီဗုဒ္ဓဘာသာကို အသုံးချပြီးတော့ နာမည်ဖျက်ပြီးတော့ တခြားလူနည်းစု ဘာသာဝင်တွေကို ဖိနှိပ်နေတဲ့ကိစ္စ ဒါကျနော်တို့ ဗုဒ္ဓဘာသာရဲ့ လမ်းစဉ်မဟုတ်ပါဘူး။ ဆိုတော့ ကျနော်တို့ ဗုဒ္ဓဘာသာဝင် လူများစုတွေက ဒါကို ဝိုင်းပြီးတော့ ကန့်ကွက်ပေးဖို့၊ ဆန့်ကျင်ပေးဖို့ လိုပါလိမ့်မယ်။ ကျနော်တို့တွေက ဒီဖိနှိပ်ခံနေရတဲ့ ဘာသာဝင် လူနည်းစုတွေကို ကျနော်တို့ ဒီ အကူညီတယ်ဖြစ်ကြောင်း၊ သနားတယ်ဖြစ်ကြောင်း၊ ကူညီရပ်တည်ပေးဖို့ လိုပါလိမ့်မယ်။ ဘာသာမတူခြင်းဟာ ပြဿနာမဟုတ်ဘူး။ လူမျိုးမတူခြင်းဟာ ပြဿနာ မဟုတ်ဘူး။ ကျနော်တို့က ဒီနိုင်ငံထဲမှာ နေနေကြတဲ့ နိုင်ငံသားတွေ အားလုံးဖြစ်တယ်။ အဲ့တော့ ဒီနိုင်ငံရဲ့ ကောင်းမှုအတွက်ကို အားလုံး ကူညီတည်ဆောက်ကြရမှာဖြစ်တယ်။ အဲ့တော့ ဒီ ဘာသာမတူ၊ လူမျိုးမတူဘူးဆိုတာမျိုးကို ကိုင်ပြီးတော့ ကျနော်တို့ ပြဿနာရှာနေမယ့်အစား ကျနော်တို့ တနိုင်ငံထဲမှာနေနေကြတဲ့ ဒီနိုင်ငံရေး ကံကြမ္မာကို မျှဝေခံစားကြရမယ့်အတူတူချင်းအတူတူ သူတို့ ဘာဖြစ်လို့ အတူတူမလုပ်နိုင်ကြရမှာလဲ။ ဒီတိုင်းပြည်ကောင်းဖို့အတွက်ကို အားလုံး ပူးပေါင်းဆောင်ရွက်ဖို့အတွက် လိုတယ်။ ဒီအတွက်ကြောင့်မို့လည်း ကျနော်တို့ ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ ပြောချင်ပါတယ် ခင်ဗျ။"
မဆုမွန်။ ။ "အဲ့တော့ အဓိကက ကိုသက်ဆွေဝင်းတို့တွေပေါ့ ဒီနှင်းဆီဖြူလေးတွေ အဓိက ကမ်းပေးရတဲ့ အဓိက ရည်ရွယ်ချက်လေးလည်း တချက်ရှင်းပြပေးပါရှင့်။"
နှင်းဆီဖြူလှုပ်ရှားမှု ဦးဆောင်သူ ကိုသက်ဆွေဝင်း။ ။ "ကျနော်တို့ ဒီရည်ရွယ်ချက်ကတော့ ဒီမူဆလင်တွေပေါ့နော်.... ဒီမြန်မာနိုင်ငံမှာရှိတဲ့ မူဆလင်းတွေကို ကျနော်တို့ ခွဲခြားဆက်ဆံတာမျိုး မရှိဘူး။ ဒီကျနော်တို့ ဖိနှိပ်တဲ့ ကိစ္စတွေပေါ့နော်... ခွဲခြားဆက်ဆံမှုဆိုတာ ဒီဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဒါခွဲခြားဆက်ဆံတာကို လက်မခံနိုင်ဘူးဆိုတာ ကျနော်တို့ ပြတာ။ တသားထဲရှိကြောင်းကို ပြတယ်။ ဖိနှိပ်ခံနေရတဲ့လူတွေနဲ့ တသားထဲရှိကြောင်းကို ရပ်တည်တာပေါ့ နံပါတ် ၁ ကတော့။ နောက်တခုကကျတော့ ကျနော်တို့ ဒီလိုမျိုး ဖိနှိပ်မှုတွေကို လက်မခံဘူးပေါ့နော်။ အထူးသဖြင့် တောင်ဒဂုံမှာ ဖြစ်ခဲ့တဲ့ ကိစ္စပေါ့။ ဒီလိုမျိုး ဘာသာရေးကို အသုံးချပြီးတော့ ဘာသာရေး ခေါင်းစဉ်တပ်ပြီးတော့ ဒီဖိနှိပ်တာမျိုးတွေ ကျနော်တို့ လက်မခံဘူးပေါ့။ ကျနော်တို့ ဒီနှင်းဆီဖြူ campaign ကိုလုပ်တာပါ။"
မဆုမွန်။ ။ "ဟုတ်ကဲ့။ အဲ့တော့ အဓိကကတော့ ကိုသက်ဆွေဝင်းတို့ အပါအဝင် ဒီ campaign မှာ ပူးပေါင်းပါဝင်တဲ့ ပုဂ္ဂိုလ်တွေကရော ဘယ်က အဖွဲ့အစည်းတွေ ဘယ်ကလူတွေ ပါပါသလဲရှင့်။"
နှင်းဆီဖြူလှုပ်ရှားမှု ဦးဆောင်သူ ကိုသက်ဆွေဝင်း။ ။ "ကျနော်တို့ ဒါ အဖွဲ့အစည်းတွေနဲ့ လုပ်တာမဟုတ်ပါဘူး။ ကျနော်တို့ ဒီမတရားမှုကို လက်မခံချင်တဲ့ ပြီးတော့ ဘာသာပေါင်းစုံ ချစ်ချစ်ခင်ခင် ငြိမ်းငြိမ်းချမ်းချမ်းနေချင်တဲ့ လူငယ်တွေ၊ ပြည်သူတွေကနေပြီးတော့ စုပေါင်းလုပ်ကြတာပါ။ ပြီးတော့ ယောကျာ်း၊ မိန်းမ အကုန်ပါတယ်။ ကျနော်တို့ ပြီးတော့ စုပေါင်းပြီးတော့ လာကြတယ်ပေါ့။ ကျနော်တို့ ဘယ်နေ့မှာ ဘယ်မှာ လုပ်မယ်ဆိုလို့ရှိရင် ကျနော်တို့ facebook မှာတင်လိုက်တယ်။ အချင်းချင်းလှမ်းပြီးတော့ ပြောလိုက်လို့ရှိရင် လာကြတာပေါ့။ အဲ့လိုမျိုးအနေနဲ့ပါ။ လာတဲ့လူတွေက ကျနော်တို့ တတ်ကြွ လှုပ်ရှားသူတွေ ပါကြတယ်။ နောက်တခါ ပြည်သူတွေပါကြတယ်။ မတရားမှုတွေကို လက်မခံချင်တဲ့သူတွေ လာပြီးတော့ ပူပေါင်းကြတာပါ။"
မဆုမွန်။ ။ "အဲ့တော့ တောင်ဒဂုံမှာ ဖြစ်သွားတဲ့ ကိစ္စကတော့ ဒီလတ်တလော ဖြစ်သွားတဲ့ အနေအထားပေါ့နော်။ အရင်ကလည်း ဒီလိုမျိုး ဒီ အစ္စလာမ်ဘာသာဝင်တွေရဲ့ စာသင်ကျောင်းတွေ ခုနကပြောတဲ့ ဝတ်ပြုတဲ့နေရာတွေ တချို့ဆိုလို့ရှိရင် ဒီ စီးပွားရေးလုပ်ငန်းတွေမှာတောင်မှ ဒီဘာသာဝင်တွေအပေါ်မှာ အနိုင်ကျင့်တာမျိုး၊ ဒီအခက်အခဲဖြစ်အောင်လုပ်တဲ့ဟာမျိုးတွေ ရှိခဲ့တဲ့ သာဓကတွေလည်းရှိတော့ ဒါတွေနဲ့ပတ်သက်ပြီးတော့ ကိုသက်ဆွေဝင်းတို့အနေနဲ့ သက်ဆိုင်တဲ့ တာဝန်ရှိတဲ့သူတွေကိုရော၊ ဒီဘာသာရေးအဖွဲ့အစည်းက လူတွေကိုရော ဘာများ မေတ္တာရပ်ခံချင်တာ၊ တောင်းဆိုချင်တာရှိပါသလဲရှင့်။"
နှင်းဆီဖြူလှုပ်ရှားမှု ဦးဆောင်သူ ကိုသက်ဆွေဝင်း။ ။ "ကျနော့်အနေနဲ့ ပြောချင်တာက ဒီဘာသာရေးတခုပေါ့နော်။ ဒါလူတွေ ငြိမ်းငြိမ်းချမ်းချမ်း ဝတ်ပြုကြတဲ့ နေရာတခုပေါ့နော်။ ဒါမျိုးပိတ်နေတာမျိုးတွေ မဖြစ်သင့်ဘူး။ နောက်တခုက ကျနော်တို့ အစိုးရအနေနဲ့ ဥပဒေအတိုင်း ပြဿနာတွေကို ဖြေရှင်းဖို့အတွက်ကိုတော့ ငြိမ်းငြိမ်းချမ်းချမ်း ကိုင်တွယ်ဖို့လိုတယ်။ အဲ့လိုပဲ အစိုးရတဘက်ထဲမဟုတ်ဘဲနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပြီးတဲ့အခါကျတော့ ကျနော်တို့ ဘာသာရေးအဖွဲ့အစည်းတွေ ဒီလိုမျိုး အကုန်လုံးပေါင်းပြီးတော့ ညှိနှိုင်းကြဖို့အတွက် အထူးသဖြင့်ကတော့ ဒီနိုင်ငံရေးစိတ်ရှည်စေချင်တာပေါ့။ ဒါကို အသေအချာ ကိုင်တွယ်နိုင်ဖို့ လိုမယ်ထင်တယ်။ အဲ့လိုမျိုးလည်း လုပ်ပေးစေချင်တယ်။ အထူးသဖြင့်ကတော့ ပြည်သူတွေရဲ့ လိုလားချက် ပြည်သူတွေရဲ့ အသံကို နားထောင်ဖို့လိုတယ်။ အဲ့တွက်ကြောင့်မို့ ဒီအစိုးရက မဖြစ်မနေ ဒါတွေကို ဒီအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ရော ဘာသာရေးအဖွဲ့အစည်းတွေနဲ့ရော အားလုံးပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့လိုပါလိမ့်မယ် ခင်ဗျ။"
မဆုမွန်။ ။ "အဲ့တော့ ဒီနေ့ကတော့ ဝတ်ပြုတဲ့နေရာမှာ ရှိမှာပေါ့နော်။ တခြားနေရာတွေမှာ ရော သွားဖို့ အစီအစဉ်တွေ ရှိသေးလား။"
နှင်းဆီဖြူလှုပ်ရှားမှု ဦးဆောင်သူ ကိုသက်ဆွေဝင်း။ ။ "ဒီနေ့က အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်စောင့်တဲ့ ၂၇ ရက်မြောက် နေ့ထူးနေ့မြတ်ဖြစ်တယ်ဆိုတဲ့အခါကြတော့ ညဘက်တွေလည်း ဝတ်ပြုကြမယ့်လူတွေရှိတယ် ကျနော် သိရသလောက်ကလေ။ အဲ့ခါကျတော့ ညဘက်တွေလည်း ကျနော်တို့ လိုက်ပြီးတော့ပေးမယ့် အစီအစဉ်တွေလည်း ရှိပါတယ်ခင်ဗျ။ ဒီရှေးဟောင်းဗလီပေါ့ နှစ်ပေါင်း ၁၅၀ လောက်ရှိတဲ့ ဒီရှေးဟောင်းဗလီကြီးထဲမှာ ကျနော်တို့ ရောက်နေပါတယ်။ အခုတော့ နှင်းဆီဖြူ campaign လုပ်ဖို့အတွက်ကို ဒီနှင်းဆီဖြူလှူဖို့အတွက်ကို ရှိပါတယ်။ ဒီမှာ ရှီယာဘာသာဝင် ရှီယာအစ္စလာမ်ပေါ့နော်။ အယောက် ၁၀၀ လောက် ဝတ်ပြုနေတာရှိတယ်။ ၁၀၀ ကျော်လောက် ဝတ်ပြုနေကြတာရှိတယ်။ အခုတော့ ဝတ်ပြုနေကြတုန်း။ ပြီးသွားလို့ရှိရင်တော့ ထမင်းစားတဲ့ အချိန်ကြရင်တော့ နှင်းဆီဖြူကမ်းဖို့လည်း လုပ်နေကြပါတယ်။ အဲ့တော့ ဒီ ဒေါပုံက နွယ်အေးဗလီသွားဖို့တော့ စီစဉ်ထားတာရှိပါတယ်။"