[[Zawgyi/Unicode]]
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပုလောကုန်းကျေးရွာမှာ ပျူစောထီးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြား မတ်လ ၁၆ ရက် ဗုဒ္ဓဟူးနေ့က ပထမဆုံးအကြိမ်တိုက်ပွဲတွေဖြစ်ပွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက် ဒီနေ့ ကြာသပတေးနေ့မှာတော့ အဲဒီနေရာမှာ စစ်တပ်တွေ တပ်စွဲနေရာယူထားတယ်လို့ ပြောပါတယ်။ ဒါကြောင့်ပုလောကုန်းရွာသားတချို့ ဘေးလွတ်ရာ ထွက်ပြေးနေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။
တနင်္သာရီတိုင်းထဲက ပုလောမြို့နယ် ပုလောကုန်းကျေးရွာမှာ စစ်ကောင်စီလိုလားတဲ့ ပျူစောထီးတွေနဲ့ ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကြား မတ်လ ၁၆ ရက် မနေ့မနက်ပိုင်းက အချိန် ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက် ပွဲတွေအတွင်း လက်နက်ကြီး လက်နက်ငယ်သံတွေ ပြင်းပြင်းထန်ထန် ကြားနေရတာလို့ ပုလောကုန်းရွာခံ တဦးက ပြောပြပါတယ်။
“တနေရာကနေ အသံတသံ သေနတ်သံပေ့ါ၊ ဒီအသံကထွက်လာတယ်။ ထွက်လာတော့ ဘယ်မှန်းမသိဘူး။ ဒါပေမယ့် ပျူစောထီးတွေက ရမ်းပြီးတော့ ပြန်ပစ်တာ၊ သေနတ်သံထွက်လာတော့ ဒီဘက်က ပျူစောထီးက ပြန်ပတ်တာပေါ့။ အဲ့လို ဒီကနေတိုက်ပွဲစတာပါ၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်သွားတာ၊ မနက် ၆ နာရီကနေ ၉ နာရီအထိဖြစ်တာရှင်။ လက်နက်ကြီးအသံတွေလည်း ကြားရတယ်။ သေနတ်သံတွေလည်း ကြားရတယ်။ တိုက်ပွဲဖြစ်တဲ့ အစွန်အဖျားလောက်ပဲ ထွက်ပြေးတာ၊ ရွာဘုန်းကြီးကျောင်းကို သွားတာလည်း ရှိတယ်။ တချို့ဆိုလည်း အမျိုးတွေ အိမ်မှာ သွားခိုနေတာလည်း ရှိတယ်။ ညီမတို့ဘက်က အိမ်တွေက အုတ်နဲ့ကာထားတဲ့ အိမ်တွေ မဟုတ်ဘူး။ ဒီပြေးတဲ့အိမ်တွေက ဓနိနဲ့ကာထားတဲ့ အိမ်တွေ သေနတ် ဟိုဘက် ဒီဘက်အပြန်အလှန်ပစ်တယ်ဆိုရင် မလုံခြုံဘူးပေါ့၊ အဲ့လို လုံခြုံတဲ့နေရာကိုပြေားတာပေါ့။”
အိမ်ခြေ ၇၀၀ လောက်ရှိတဲ့ ပုလောကုန်းရွာမှာ ဗုဒ္ဓဟူးနေ့က တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက် ဒီနေ့ ကြာသပတေးနေ့မှာတော့ စစ်ကောင်စီတပ်တွေ ရွာထဲ ဝင်ရောက်တပ်စွဲထားတယ်လို့လည်း ပြောပါတယ်။
“ရွာက ကျောင်းမှာ စာသင်ကျောင်းမှာ တပ်စွဲနေတာပေါ့။ ဒါပေမယ့် (အင်အား) မများဘူး။ သူတို့လည်း အရမ်းမများဘူး။”
ပုလောကုန်းမြို့နယ်ထဲမှာ စစ်ကောင်စီကို လိုလားတဲ့ ပျူစောထီးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား ခုလို ပစ်ခတ်တိုက်ပွဲဖြစ်တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ပုလောကုန်းရွာမှာရှိတဲ့ ပျူစောထီးခေါင်ဆောင်ဆိုသူရဲ့နေအိမ်ကို မတ်လ ၁၆ ရက်မနက်က ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်ပစ်ခတ်ရာက ပျူစောထီးအဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ပုလော PDF က ဗွီအိုအေကို ပြောပါတယ်။
“အဲ့ဒီရွာကနေပြီးတော့ပေါ့နော်၊ ဒီဘက်ကို ထိုးစစ်တွေဘာတွေ ဆင်တာတို့ နောက်ပြီး အဲ့ဒီမှာ ခြေကုပ်ယူတာတို့ ဘာတို့ ညာတို့ သူတို့က အမြဲတမ်းရှိတယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ ဒီဘက်ကနေပြီးတော့ ပစ်ပြီးတော့ ဝင်တာပေါ့။ စောစောကြီးနေရာသွားယူထားပြီးတော့ ဟို သတ်မှတ်ထားတဲ့နေရာ ရောက်ပြီးဆိုတာနဲ့ တပြိုင်နက်ထဲပေါ့နော် ဝင်ပြီးတော့ စီးတာပေါ့။ ခုန ပျူစောထီးခေါင်းဆောင်အိမ်ကို ဝင်စီးအချိန် (စစ်ကောင်စီ)ဟိုဘက်ကနေပြီးတော့ စစ်ကူလာတဲ့ အချိန်မှာ လမ်းကနေပြီးတော့ မိုင်းနဲ့ခွဲတာ မိုင်းနဲ့ခွဲတော့ အဲ့မှာ စစ်ကောင်စီဘက်ကနေပြီးတော့ ၂၀ ကျော်လောက် သေသွာတာပေါ့နော်။ အဲ့မှာ ဒဏ်ရာရတာကတော့ ၃၀ ကျော်လောက်တော့ ရှိမှာပေါ့၊ အများကြီးပဲလေ။ သူတို့ တန်းစီပြီးဆင်းလာတဲ့အချိန်မှာ(မိုင်းဖောက်ခံရတယ်)။”
ထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့ သူတို့ပြောတာကိုတော့ ဗွီအိုအေအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအပေါ် စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်ဖို့အတွက် ပျူစောထီးတွေက အထောက်အပံ့ပေးနေတာကြောင့် သွားရောက်တိုက်ခိုက်ရတာလို့ PDF တွေဘက်က ပြောပါတယ်။ ပုလောကုန်းမြို့နယ်ဘက်မှာ လှုပ်ရှားနေတဲ့ PDF တွေကို စစ်ကောင်စီတပ်တွေက ရှာဖွေ ဖမ်းဆီး ရှင်းလင်းတာမျိုးတွေ မကြာမကြာ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီအနေနဲ့ ပျူစောထီးအဖွဲ့တွေကို စစ်ပညာသင်ကြားပေးတာ၊ စစ်လက်နက်ထောက်ပံ့တာတွေ မလုပ်ပါဘူးလို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေကို ပြောကြားထားပါတယ်။
=================
[[Unicode]]
=================