[[Zawgyi/Unicode]]
စစ်ကောင်စီတပ်တွေ နယ်မြေရှင်းနေတဲ့ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့ နယ်၊ မင်းဆွေနှစ်ကျေးရွာမှာ ဒေသခံ ၈ ဦး သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်တွေ ဝင်လာတဲ့အတွက် ရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ကနီနယ်ကြားမှာလည်း စစ်ကောင်စီတပ်က ဆက်တိုက် နယ်မြေရှင်းနေပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေရှိနေတဲ့ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်ထဲက မင်းဆွေနှစ်ကျေးရွာကို ဒီနေ့ မတ်လ ၄ ရက် သောကြာနေ့ မနက် လင်းအားကြီးအချိန်မှာ စစ်ကောင်စီတပ်တွေ ရောက်လာပြီး ကင်းစောင့်ပေးနေသူ ၈ ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်သားတွေ ဝင် လာတဲ့အတွက် မင်းဆွေနှစ်ကျေးရွာသားတွေ ကြောက်ရွံ့ပြီး ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မင်းဆွေနှစ်မှာဖြစ်တာ။ မနက်ခင်း ဝေလီဝေလင်း ၅ နာရီကျော် ၆ နာရီလောက် မှာ စိုင်ပြင်ကထွက်လာတဲ့ စစ်ကြောင်းကနေပြီးတော့ ကင်းစောင့်နေတဲ့ကလေးတွေ ရွာသူရွာသားလေးတွေကို သူတို့က ကာကွယ်ရေးက ကလေးတွေလို့ထင်မှာပေါ့ဗျာ။ အဲ့ဒါ သတ်သွားတာဗျ။ ၈ ယောက် ။ ရပ်ရွာမှာ ကြားကာလ ဒီလိုဖရိုဖရဲတွေဖြစ်နေတော့ သူတို့ရန်ကြောက်လို့ အားလုံးစုပြီးတော့ ကောင်းကောင်း အိပ်လို့ ရအောင် သူတို့လာရင် စစ်သားတွေလာလို့ရှိရင် ပြေးလို့ရအောင် ဒါမျိုးစောင့်ကြည့်တဲ့အဖွဲ့ပါ။ ဘာမှတော့မရှိဘူး။ ဘာမှမရှိဘဲ ဒီတိုင်းခံရတာပေါ့။ စုစုပေါင်း သူတို့ ဖြစ်တာက ၁၀ ယောက်ကျော်ပေါ့။ ဒါပေမယ့် ၂ ယောက် ၃ ယောက်လောက် လွတ်ခဲ့တယ်ပေါ့နော်။ တယောက်ကတော့ လက်မောင်းမှန်တယ်။ တယောက် ကတော့ ကွင်းလုံးကျွတ်လွတ်ခဲ့တာပေါ့။ အဲ့ရွာသားတွေ ပြေးနေရတယ်။ စစ်ဘေး ရှောင်နေရတယ်။ သူတို့နောက်တခါ ပြန်လာမှာစိုးလို့ ကြောက်လို့ရှောင်နေရတယ်။”
ရွာသားတွေကို သတ်ဖြတ် မီးရှို့သွားတာဖြစ်ပါတယ်။ အခုလို မင်းဆွေနှစ်ရွာမှာဖြစ်တဲ့ ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။ ဒီပဲယင်းမြို့နယ်ထဲမှာ ပစ်ခတ်တိုက်ခိုက်မှုတွေမရှိတာ လနဲ့ချီရှိနေချိန်မှာ ခုလို စစ်တပ်က နယ်မြေရှင်းလင်းနေတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင် ဘာ တုန်းက စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်ပြီး နယ်မြေရှင်းလင်းမှုတွေ လုပ်ခဲ့လို့ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတော်တော်များက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ဘေးဒုက္ခသည်ဖြစ်နေပြီး စားနပ်ရိက္ခာ အကူအညီတွေလည်း လိုအပ်နေပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်ကစလို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ယင်းမာပင်ခရိုင် ကနီမြို့နယ်မှာလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းမှုတွေ ဆက်လုပ်နေပါတယ်။ ကနီမြို့နယ် ချောင်းမ အရှေ့ကျေးရွာကိုလည်း မတ်လ ၄ ရက် သောကြာနေ့က စစ်တပ်ဝင်ရောက်လာပြီး ပစ်ခတ်ခဲ့တာမှာလည်း အရပ်သားတဦး ကျည်ဆံထိမှန်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ချောင်းမကျေးရွာ ချောင်းမ အနောက်ရွာပေါ့ဗျာ။ ချောင်းမအနောက်ရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ အဲ့ဒီမှာသူတို့ ရွာကို ဝင်တဲ့အခါကျတော့ လက်နက်တွေနဲ့ပစ်ပြီးတော့ပဲ ခြိမ်းခြောက်အသံတွေပေးပြီး ဝင်တော့တာပေါ့ဗျာ။ အဲ့လို ဝင်ပြီး မြင်တဲ့သူကိုပစ်တော့တာပဲ။ အဲ့လိုပစ်တဲ့အခါကျတော့ ဒီနေ့လည်း ချောင်းမရွာသားတယောက် ဦးခေါင်းမှန်ပြီးထိသွားတယ်။”
ယင်းမာပင်မြို့နယ်ထဲက ချင်းပုန်းရွာနဲ့ ညောင်ကိုင်းရွာဘက်မှာလည်း ဖေဖော်ဝါရီ ၂၆ ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့လို့ အရပ်သားနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် ၉ ဦးထက် မနည်း သေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်မှာလည်း ယင်းမာပင်နဲ့ ကနီမြို့နယ်ကြားက သပြေအေးရွာကို လေကြောင်းကနေ ပစ်ခတ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၂၀၀ ထက် မနည်း မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ လက်ရှိအချိန်မှာ ယင်းမာပင်နဲ့ ကနီမြို့ကြားက သပြေအေးကျေးရွာ၊ လင်ပုန်းရည်ကျေးရွာ၊ မိုးကောင်းကျေးရွာ၊ ဇီးပင်တွင်းကျေးရွာ၊ ချောင်းမကျေးရွာ စတဲ့ ကျေးရွာ ၆ ရွာက စစ်ဘေးဒုက္ခသည် ၂ ထောင်လောက်ဟာ တောတောင်တွေထဲ ထွက်ပြေး ပုန်းခိုနေကြရပါတယ်။
=================
[[Unicode]]
=================