ကမ္ဘာထိပ်တန်းသတင်းကြီး ဖြစ်သွားခဲ့တဲ့ Donald Trump အပေါ် လုပ်ကြံဖို့ ကြိုးပမ်းမှုဂယက်ဟာ အစကတည်းက နှစ်ခြမ်းကွဲနေတဲ့ အမေရိကန် လူမှုအသိုက်အဝန်းကို ဘယ်လောက်အထိ ဆက်လက်ရိုက်ခတ်နိုင်ပါသလဲ။ အမေရိကန် ဒီမိုကရေစီရဲ့ ပုံရိပ်ကိုကော ထိခိုက်နိုင်ပါသလား။ အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ မမြသဇင်အောင်က ဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။
မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာရှင်။
ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မမြသဇင်။
မေး ။ ။ ပြီးခဲ့တဲ့စနေနေ့တုန်းက Pennsylvania ပြည်နယ်ရဲ့ မဲဆွယ်စည်းရုံးပွဲတခုမှာ သမ္မတဟောင်း Donald Trump မဲဆွယ်စည်းရုံးနေတုန်း (၆) မိနစ်လောက်မှာပဲ သူ့ကို လုပ်ကြံဖို့ ကြိုးစားမှု့ ဖြစ်ခဲ့ပါတယ်။ ဒါက ကမ္ဘာထိပ်တန်းသတင်းတွေလည်း ဖြစ်သွားတယ်။ ဒါက ဘယ်လောက်ထိ အရေးပါပါသလဲ။
ဖြေ ။ ။ အရေးပါပါတယ်။ ကမ္ဘာ့ထိပ်တန်းသတင်း ဖြစ်ရတယ်ဆိုတာ ဒေါ်နယ်ထရန့် ကိုယ်တိုင်က ကမ္ဘာ့ထိပ်တန်းသတင်းသမားတွေ အာရုံစွဲနေတဲ့ လူပုဂ္ဂိုလ်တယောက် ဖြစ်ပါတယ်။ သူဟာ အမေရိကန် သမ္မတ ရွေးကောက်ပွဲ ပြိုင်ပွဲဝင်မယ့် လူတယောက်တင်မကဘူး။ သမ္မတဟောင်းတယောက်လည်း ဖြစ်ပါတယ်။ သူ့လက်ထက်ကထဲက သူ့ကို လူတွေ စိတ်ဝင်စားမှု ရှိခဲ့တဲ့အတွက်ကြောင့် သိပ်အရေးပါပါတယ်။ နောက်တခုက အမေရိကန်နိုင်ငံရေး အမေရိကန်ဟာ ကမ္ဘာ့ရဲ့ နိုင်ငံရေးအခင်းအကျင်း ကမ္ဘာ့ရဲ့ Political Landscape မှာ တကယ့် အဓိကဇာတ်ခုံမှာ ရှိနေတဲ့နိုင်ငံ ဖြစ်ပါတယ်။ အမေရိကန်မှာ အပြောင်းအလဲတခု ဖြစ်လိုက်ရင် ကမ္ဘာကိုပါ ရိုက်ခတ်သွားနိုင်ပါတယ်။ ဆိုတော့ အခုရွေးကောက်ပွဲ ကျင်းပမယ့် အချိန်မှာ လူတွေအာရုံစူးစိုက်နေကြတာက ဒီသမ္မတနှစ်ယောက် သမ္မတဘိုင်ဒန် နဲ့ သမ္မတဟောင်းဒေါ်နယ်ထရန့်တို့ရဲ့ တဘက်ဘက်က နိုင်သွားရင် ကမ္ဘာမှာ အရေးတကြီး ဖြစ်နေတဲ့ ယူကရိန်းစစ်ပွဲ ဘယ်လို ဖြစ်သွားနိုင်မလဲ။
အထူးသဖြင့် သမ္မတဟောင်း ဒေါ်နယ်ထရန့် အနိုင်ရလာတယ်ဆိုရင် ထို့နည်းတူစွာပဲ အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ ဂါဇာတိုက်ပွဲတွေကော ဘယ်လို ဖြစ်သွားမလဲ။ တရုတ်နဲ့ ဖြစ်နေတဲ့ ပြိုင်ဆိုင်မှုတွေကကော ဘယ်လို ဖြစ်လာမလဲ စသဖြင့်ပေါ့လေ။ အများကြီး စိတ်ဝင်စားနေတဲ့အချိန် ဖြစ်ပါတယ်။ နောက်ပြီးတော့ အထူးသဖြင့် ဒေါ်နယ်ထရန့်က နေတိုးကို သိပ်ပြီးတော့ ဦးစားမပေးချင်ဘူး။ နေတိုးက သူတို့ ဉရောပနိုင်ငံတွေအတွက် ပိုက်ဆံပို့ပေးသင့်တယ်။ ဒီအရေးအခင်းဟာ ဒီရွေးကောက်ပွဲက လူထုက သိပ်ပြီးတော့ စိတ်ဝင်စားနေတဲ့အချိန်မှာ ဒီလို သူ့ကိုလုပ်ကြံဖို့ ကြိုးစားလာတယ်ဆိုတော့ ဒါဟာ ကမ္ဘာအတွက် သိပ်အရေးကြီးတဲ့သတင်းတခု ဖြစ်တယ်။ သုံးသပ်ချက်တွေ၊ ဝေဖန်ချက်တွေကလည်း အများကြီး ထွက်ပေါ်နေအုံးမှာ ဖြစ်ပါတယ်။
မေး ။ ။ အခုလို သမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတယောက်ကို လုပ်ကြံဖို့အတွက် ကြိုးပမ်းတာဟာ လက်ငင်းနိုင်ငံရေးအရ ဘယ်လို ဂယက်ရိုက်ချက်တွေ ရှိလာနိုင်ပါသလဲ။
ဖြေ ။ ။ အမေရိကန် နိုင်ငံရေးဟာ လောလောဆယ်မှာပေါ့လေ သိပ်ကိုဆိုးဆိုးရွားရွား Polarize နှစ်ခြမ်းကွဲနေတယ်။ တော်တော့်ကို ပြင်းပြင်းထန်ထန် နှစ်ခြမ်းကွဲနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီအချိန်မှာ တဘက်ခေါင်းဆောင်တယောက်ကို လုပ်ကြံဖို့ ကြိုးစားမှု ဖြစ်တဲ့အတွက် သူတို့၏ အကွဲအပြဲဟာ ပိုပြီးနက်ရှိုင်းကွာဟ သွားနိုင်တယ်လို့ ထင်ပါတယ်။ ဆိုတော့ ပထမဦးဆုံးက အခု ဒေါ်နယ်ထရန့်ကို လုပ်ကြံဖို့ကြိုးစားမှုက ဒီမိုကရက်တွေရဲ့ ပယောဂပါတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေ လူမှု့ကွန်ရက်တွေပေါ်မှာ ထင်ရာရေးကြတဲ့ Conspiracy တွေ၊ အဲဒီလိုရေးကြတာအပြင် တကယ့် ရီပက်ဘလင်ကန် နိုင်ငံရေးသမား လွှတ်တော်အမတ်အချို့ကလည်း ပြောကြတာ တွေ့ပါတယ်။ သူတို့က ဘာကိုထောက်ပြလဲဆိုတော့ သမ္မတဘိုင်ဒန်ဟာ သူရဲ့ အလှူရှင်တွေကိုပြောတဲ့ စကားတခွန်းမှာဆိုရင် သူဟာ သမ္မတထရန့်ကို အနိုင်ယူနိုင်မယ့် တဦးတည်းသော Person ဖြစ်တယ်။ စကားစစ်ထိုးပွဲမှာ ဖြစ်ခဲ့တာတွေပြီးခဲ့ပြီ။ အဲဒါကိုထားလိုက်တော့ - We are done talking about the debate သူ ဘာဆက်ပြောလဲဆိုရင် အရေးကြီးတာက It is time to put Trump in the bull eyes ဆိုတော့ အဲဒါ idiom တင်စားပြီးပြောတာ ပစ်မှတ်ရဲ့ အလယ်ဗဟိုပေါ့။ ဆိုတော့ ဒေါ်နယ်ထရန့်ကို တကယ့် Target ထားပြီးတော့ သူကတော့ သူအနိုင်ရဖို့ ကြိုးပမ်းပြီးပြောတာသာ ဖြစ်ပါတယ်။ အဲ့ဒါကို ရီပက်ဘလစ်ကန် အမတ်တော်တော်များများ တစ်ဒါဇင်နီးပါးလောက်က ဒီစကားဟာ ထရန့်ကို လုပ်ကြံဖို့အတွက် လှုံဆော်တဲ့စကား ဖြစ်တယ်ဆိုပြီး ပြောနေကြတာ ဖြစ်ပါတယ်။ Bull eyes ဆိုတဲ့ စကားလုံးကို အဓိပ္ပါယ်ဖွင့်ပြီးတော့ ပြောနေကြတာ။
နောက်တခုက အဲဒီဟာကိုပဲ ဆက်ပြီးကြည့်မယ်ဆိုရင် ရီပက်ဘလစ်ကန်ဘက်ကလည်း ဒေါ်နယ်ထရန့် လုပ်ကြံခံရဖို့ ကြိုးစားပြီး ညတွင်းချင်းမှာပါပဲ ပိုစတာ ထွက်လာတယ်။ Tshirt တောင် ရိုက်ထားတယ်။ ဒေါ်နယ်ထရန့် မျက်နှာပေါ်မှာ သွေးစနဲ့ လက်သီးလက်မောင်းတန်းတယ်။ နောက်ကလည်း အမေရိကန်အလံကြီးကို ထောင်ပြီးတော့ သူတို့က ဘယ်လိုခေါင်းဆောင် ဘယ်လို ထက်ထက်မြတ်မြတ်နဲ့ ဘယ်လိုကြံ့ကြံ့ခံတဲ့ခေါင်းဆောင် ဖြစ်တယ်ဆိုတာ ပြသတဲ့သဘော ဖြစ်တယ်။ နိုင်ငံရေးအားဖြင့် အမြတ်ထုတ်ယူဖို့ ကြိုးစားနေတာကတော့ သေချာပါတယ်။
တဘက်မှာလည်းဘဲ သမ္မတဘိုင်ဒန်ရဲ့ တုန့်ပြန်မှုကလည်းဘဲ နောက်ကျတယ်။ ချက်ချင်း Immediate မဟုတ်ဘူး အချိန်ကြာသေးတယ်ဆိုပြီး ဝေဖန်တဲ့လူတွေကလည်း ရှိသေးတယ်။ အဲ့ဒါကို အမျိုးမျိုး ဝေဖန်နေကြတယ်ဆိုတော့ ရီပက်ဘလင်ကန်ဘက်ကတော့ ဒီဟာကို အခွင့်ကောင်းယူပြီးတော့ အများကြီး ထိုးနှက်သွားနိုင်တာလည်း ရှိပါတယ်။ သို့ပေမဲ့ သမ္မတဘိုင်ဒန်တို့ဘက်ကလည်း ဒီမိုကရက်တစ်ဘက်ကလည်း အကောင်းဆုံး ပြန်လည်သင့်မြတ်ရေးစကားကို ပြောပါတယ်။ တိုင်းပြည်ညီညွတ်ဖို့ လိုနေပြီဖြစ်တယ်။ ဒီလိုနိုင်ငံရေးအားဖြင့် အကြမ်းဖက်ဖို့ ကြိုးစားမှုဟာ It’s no place in American democracy အမေရိကန် ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ ဒါဟာ မရှိသင့်ဘူးဆိုပြီး လူတိုင်းက ပြောကြပါတယ်။ ဒါကတော့ ပြောရိုးပြောစဥ်လို့ ပြောရမှာပေါ့လေ။ ဒေါ်နယ်ထရန့် ကိုယ်တိုင်ကလည်း ငါဟာ တိုင်းပြည်ကို ညီညွတ်အောင် လုပ်သွားမယ်။ နှစ်ဘက်လုံးက ပြောတယ်။ သမ္မတဘိုင်ဒန်ကလည်း ပြန်ပြီး United ဖြစ်အောင် လုပ်မယ်ဆိုပြီးတော့ နှစ်ဘက်လုံးက ပြောကြပါတယ်။
မေး ။ ။ ဒီလိုနိုင်ငံရေး လုပ်ကြံသတ်ဖြတ်မှု့တွေက အမေရိကန်မှာ ပိုများတယ်လို့ ပြောရင် မှန်ပါသလား။ ဥရောပနိုင်ငံတွေ အထူးသဖြင့် ဗြိတိန်တို့ ဘာတို့မှာ ဒါမျိုး သိပ်မတွေ့ရပါဘူး။ ဘာကြောင့်ပါလဲ။
ဖြေ ။ ။ ရှိတော့ရှိပါတယ် တချို့ဟာတွေမှာ။ ဝိတိုရီယားဘုရင်မကြီး ဇနီးမောင်နှံ လာတုန်းက လုပ်ကြံဖို့ ကြိုးစားတယ်ဆိုတဲ့ သတင်းတခုလည်း ရှိခဲ့ဘူးပါတယ်။ အရှေ့အလယ်ပိုင်းမှာဆိုရင်လည်းပဲ Anwar Sadat အီဂျစ်သမ္မတ လုပ်ကြံခံခဲ့ရတယ်။ အစ္စရေးက Yitzhak Rabin လုပ်ကြံခံခဲ့ရတယ်။ ငြိမ်းချမ်းရေး လိုလားတဲ့ လူတွေပေါ့။ မြန်မာနိုင်ငံမှာပဲကြည့် အိန္ဒိယမှာဘဲကြည့် Mahatma Gandhi အကြမ်းမဖက်ရေးကို ပြောနေတဲ့ ပုဂ္ဂိုလ်ကြီး လုပ်ကြံခံရတယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတယ်။ နောက်ပြီး မြန်မာနိုင်ငံမှာလည်း လုပ်ကြံဖို့ ကြိုးပမ်းမှု့တွေ ၂ ကြိမ် ၃ ကြိမ် ဖြစ်ခဲ့တယ်။ သို့ပေမယ့် အမေရိကန်မှာလောက်တော့ မများဘူး။ အမေရိကန်မှာကတော့ သိပ်ဆိုးဆိုးရွားရွား ဖြစ်တယ်။ ဉပမာအားဖြင့် Abraham Lincoln ဖြစ်ခဲ့တယ်။ ကွယ်လွန်သွားတယ်။ အခုနောက်ပိုင်းမှာဆိုရင် သမ္မတ Kennedy လုပ်ကြံခံရလို့ ကွယ်လွန်သွားတယ်။ ဒီကြားထဲမှာ လုပ်ကြံခံရပြီးတော့ မကွယ်လွန်ခဲ့တဲ့ သမ္မတတွေ ရှိခဲ့တယ်။ Theodore Roosevelt, Ronald Reagan တို့ ရှိခဲ့တယ်။ အဲဒီလိုကြိုးပမ်းမှုတွေ ရှိခဲ့တယ်။
အမေရိကန်မှာ ဘာကြောင့် ဖြစ်သလဲဆိုတော့ တချို့နိုင်ငံရေး သုံးသပ်သူတွေကတော့ လူ့အဖွဲ့အစည်းမှာ လိုချင်တဲ့ ဆန္ဒကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ခွင့်၊ လုပ်ကိုင်ခွင့် မရတဲ့အခါမှာ အဲ့လိုမျိုး ဖြစ်တတ်တယ်လို့ ပြောတယ်။ ဆိုတော့ ကျနော် စဉ်းစားကြည့်တယ် - အမေရိကန်က ဒီမိုကရေစီနိုင်ငံပဲ လုပ်ခွင့်ရှိတာပဲ။ ဆိုတော့ တချို့ကလည်း Gun Law သေနတ်ရရှိမှု အလွယ်တကူ ဖြစ်စေတယ်ဆိုပြီး ပြောကြတယ်။ တချို့သမိုင်းဆရာတွေကလည်း အမေရိကန်နိုင်ငံ စပြီးတည်လာကတည်းက သမိုင်းမှာ သူတို့က လက်နက်နဲ့ တည်ထောင်လာခဲ့တယ်။ သူတို့ဟာ Native American ဌာနေအမေရိကန်တွေကို လက်နက်နဲ့ တိုက်ပြီးအနိုင်ယူတယ်။ သူတို့ကလည်း လက်နက်နဲ့ ခုခံတာဆိုတော့ တိုက်ပြီးအနိုင်ယူခဲ့တာ။ သူတို့ လုံခြုံရေးအတွက် လက်နက်ကို သုံးစွဲကြတယ်။ ဆိုတော့ အဲဒီအစဥ်အလာက ဆက်ပြီးတော့ ရှိလာတယ်။ အမေရိကန် ဖွဲ့စည်းပုံမှာလည်း ကာကွယ်ခုခံပိုင်ခွင့်အတွက် အတိုင်းအတာတခုအဖြစ် ပေးထားတယ်ဆိုတော့ ဒီဟာကိုလည်း ဝေဖန်ကြတယ်။ Gun Law က ပိုပြီးတင်းကျပ်ရမယ်။ တချို့ကလည်း အကြောင်းပြတယ်။ ဒီဟာက ရီပက်ဘလစ်ကန်ဖြစ်တဲ့ ဒေါ်နယ်ထရန့်တို့ ကိုယ်တိုင်ကပဲ ဒီကိစ္စဟာ လက်နက်ကို ထိန်းချုပ်တာထက် လက်နက်ကိုင်သူတွေရဲ့ စိတ်ဓာတ်ရေးရာနဲ့ ပတ်သက်ပြီးတော့ ထိန်းချုပ်သင့်တယ် ဘာညာဆိုပြီး ပြောတယ်။ တချို့ကလည်း လုံခြုံရေးဘက်က အင်တိုက်အားတိုက် မလုပ်လို့သာ ဖြစ်တယ်ဆိုပြီး စွပ်စွဲကြတာ ရှိတယ်။ ပြောရခက်ပါတယ်။ ဆိုတော့ နိုင်ငံရေး လုပ်ကြံမှု့တွေကတော့ ရှိပါတယ်။ အမေရိကန်မှာ ပိုများတယ်ဆိုတာတော့ ဟုတ်တယ်လို့ ပြောရမှာပေါ့။
မေး ။ ။ အခု ဒီလိုလုပ်ကြံဖို့ ကြိုးစားတဲ့လုပ်ရက်အပေါ်မှာ သမ္မတဘိုင်ဒန်အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်တွေကလည်း ပြစ်တင်ရှုတ်ချကြပါတယ်။ အဲဒီတော့ ဒီအပေါ်မှာ ရီပက်ဘလင်ကန် ပါတီဝင်တွေ၊ နောက် ဒီမိုကရက်တွေ အဲ့ဒါအပြင် ပြည်သူတွေရဲ့ သဘောထားတွေ အမြင်တွေကိုကော ဘယ်လို ရိုက်ခတ်နိုင်ပါသလဲ။
ဖြေ ။ ။ ပြည်သူတွေကလည်းပဲ နိုင်ငံရေး လုပ်ကြံမှု့ကို ဘယ်သူမှကြိုက်မှာ မဟုတ်ပါဘူး။ အသိဥာဏ်ရှိတဲ့ သူတွေကတော့ ကြိုက်မှာ မဟုတ်ပါဘူး။ လုံးဝရှုတ်ချကြမှာပါ။ ဒါပေမဲ့ နိုင်ငံရေးအားဖြင့်ကတော့ လူတွေသုံးသပ်ကြတာက သမ္မတထရန့်ကို အရင်တုန်းက မကြိုက်သူတွေ ရှိမယ်။ ဒါပေမဲ့ တချို့က သူကို Sympathize ဂရုဏာသပ်တဲ့ပုံစံ ပိုဖြစ်လာမယ်။ Sympathy Vote ရွေးကောက်ပွဲမှာ ပိုပြီးတော့ မဲရသွားနိုင်တယ်။ မပြတ်မသား ဘယ်သူ့ကို ပေးရမှန်းမသိတဲ့ လူတော်တော်များများက ထရန့်ကို ပိုပြီးတော့ အားပေးလာကြမလား ဆိုပြီးတော့ တွက်ကြပါတယ်။ ဒါပေမဲ့ ဘိုင်ဒန်တို့ကလည်းပဲ ဒီကိစ္စမှာ သူတို့က ဘာမှမဖြစ်ဘူး။ သူတို့က ပုံမှန်အတိုင်း ဆက်လက်ရပ်တည်ပြီးတော့ အကြမ်းဖက်မှုတွေကို ဆက်ပြီးတော့ရှုတ်ချနေမှာ ဖြစ်တယ်။ သမ္မတဘိုင်ဒန်ဆိုရင် သမ္မတဒေါ်နယ်ထရန့် လုပ်ကြံခံရပြီး ချက်ချင်းမှာလုပ်ဖို့ရှိတဲ့ ရွေးကောက်ပွဲ Camping တွေကို ရပ်ဆိုင်းလိုက်တယ်။ ဆိုတဲ့သဘောက တဘက်လူ နစ်နာနေတဲ့အချိန်မှာ သူအတွက် သိပ်စိုးရိမ်စရာ ဖြစ်နေတဲ့အချိန်မှာ ငါတို့ဟာ သူ့ကိုထိုးနှက်တဲ့ မဲဆွယ်မှု့တွေ မလုပ်သင့်ဘူးဆိုပြီး သဘောထားကြီးမှု့ကို ပြသတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဒါကိုမြင်တဲ့လူ တချို့ကလည်း မြင်တယ်။ ဒါပေမဲ့ များသောအားဖြင့် လူပိန်းတွေး တွေးရင်တော့ သမ္မတထရန့်ဟာ Sympathy Vote အဲ့ဒီလို သနားဂရုနာသက်တဲ့ vote ကို ပိုရသွားနိုင်တယ်။ ဘက်မလိုက်ဘဲနဲ့ ကြားနေထဲက လူတွေကလည်း သူ့ကို ပိုပြီးတော့ ဂရုဏာသက်နိုင်တယ်လို့ လူတွေက ခန့်မှန်းကြတယ်။ နိုင်ငံရေးမှာ Issue and Personality ဆိုတာ ရှိတယ်။ ဘယ် Issue က ဘယ်လို လုပ်နိုင်မလဲဆိုတာ Issue ကို အဓိကထားပြီး စဥ်းစားတဲ့သူတွေက သိပ်ပြီးတော့ ပြောင်းလဲလိမ့်မယ် မဟုတ်ပါဘူး။ Personality ကို အဓိကထားပြီး စဥ်းစားတဲ့ လူတွေကတော့ အဲ့ဒီဘက်ကို ပါကောင်းပါသွားနိုင်တယ်လို့ ခန့်မှန်းမိပါတယ်။
မေး ။ ။ ဒီလိုဖြစ်တဲ့ဖြစ်ရပ်ကရော နိုင်ငံတကာမှာ အမေရိကန်နိုင်ငံရဲ့ ပုံရိပ်ကို ဘယ်လောက်ထိ ထင်ဟပ်သွားနိုင်ပါလဲ။
ဖြေ ။ ။ အမေရိကန်ပုံရိပ်ကို ထိခိုက်တာပေါ့။ အမေရိကန်ဟာ ကမ္ဘာမှာ ဘယ်လို ကြီးကျယ်တယ်။ ဒီမိုကရေစီနိုင်ငံဆိုတာ အမြဲတမ်းပြောနေတဲ့အချိန်မှာ ဘယ်လောက် ရုပ်ပျက်ဆင်ပျက် ဖြစ်တဲ့ကိစ္စတခုပေါ့။ ဗြိတိန်မှာလည်း နိုင်ငံရေး အကျပ်အတည်းတွေ အများကြီး ရှိနေတာပဲ။ တနှစ်အတွင်းမှာ ဝန်ကြီးချုပ် ၃ ယောက် ပြောင်းသွားပြီ။ သူတို့ဆီမှာလည်း နိုင်ငံရေး တည်ငြိမ်မှု့မရှိဘူး၊ အပြောင်းအလဲတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ဘာမှ အကြမ်းဖက်မှု သွေးထွက် သံယိုမှု့ မရှိဘဲနဲ့ အေးအေးဆေးဆေးနဲ့ ပြီးသွားတာပဲ။ ဒီမှာကြတော့ ဖြစ်နေလိုက်တဲ့ ပြဿနာက စောစောကပြောသလို ပြည်တွင်းစစ် ဖြစ်သွားမယ်ဆိုတဲ့အတိုင်း အဲ့ဒီလို ပြောကြတဲ့အထိ ပြင်းပြင်းထန်ထန် ဖြစ်ပြီးတော့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းတဲ့အထိ ဖြစ်လာတယ်ဆိုတော့ အမေရိကန်ရဲ့ ပုံရိပ်က ပိုပြီးတော့ ကျဆင်းလာတယ်လို့ ပြောရမှာပါ။ အစကတည်းက လူတွေက သုံးသပ်ကြပါတယ်။ အမေရိကန်နိုင်ငံဟာ သမ္မတထရန့် ပထမအကြိမ် ရွေးကောက်ပွဲနိုင်ခဲ့ပြီး နောက်ပိုင်းကတည်းက ဒီမိုကရေစီက အနှုတ်လက္ခဏာ ပြနေတယ်ဆိုပြီးတော့ ယူဆလာကြပါတယ်။ နောက်ပြီးတော့ ခေါင်းဆောင်မှု - အမေရိကန် နိုင်ငံရဲ့ ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီးတော့လည်းပဲ အမေရိကန်ပြည်သူတွေက နေ့စဥ် ၄၀ ရာခိုင်နှုန်းက သူတို့ရဲ့ Leadership ပေါ် အယုံအကြည် မရှိကြဘူးဆိုပြီးတော့ Joseph Nye ပညာရှင်က သူ့ရဲ့ Research စာတမ်းမှာ ရေးထားတာကို တွေ့ရပါတယ်။ ဆိုတော့ အဲ့ဒီဟာတွေက နည်းနည်းဆုတ်ယုတ်တဲ့ သဘောပေါ့လေ။ နိုင်ငံတကာရဲ့ အမြင်မှာလည်း သူတို့ရဲ့ ပုံရိပ်အများကြီး ကျဆင်းမယ်လို့ ထင်ပါတယ်။
မေး ။ ။ သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ လုပ်ရက်နဲ့ ပတ်သက်ပြီးတော့ သူ့အပေါ်မှာ ဂရုဏာသက်လာကြတာကိုလည်း တွေ့ရပါတယ်။ ဒါက လာမယ့်ရွေးကောက်ပွဲမှာ ရလဒ်ကို အပြောင်းအလဲ ဖြစ်သွားစေနိုင်ပါလား။
ဖြေ ။ ။ အဲ့ဒါပါပဲ ကြိုတင်ဟောရပြောရခက်တဲ့ အခြေအနေပါ။ ရွေးကောက်ပွဲရလဒ်ကတော့ မပြောနိုင်ဘူး။ ရုတ်တရက် ပြောင်းလဲသွားချင်လည်း ပြောင်းလဲသွားနိုင်တယ်။ ဆိုတော့ အခုလောလောဆယ်မှာကတော့ စောစောက ပြောတဲ့အတိုင်းပဲ သူဟာ လူတွေရဲ့ ဂရုဏာသက်မှု့ကို ရမယ်။ ထရန့်နဲ့ ဟီလာရီကလင်တန်ရဲ့ ရွေးကောက်ပွဲညကဆို ကျနော်တို့ထိုင်ပြီး ကြည့်နေကြတာ ၁၂ နာရီ ၁ နာရီ ၂ နာရီ ၃ နာရီထိ အစတုန်းက ဟီလာရီကလင်တန် နိုင်မယ်လို့ လူတိုင်းက တွက်ထားကြတာ အဲ့ဒီမှာ ရွေးကောက်ပွဲက တက်တက်တက်နဲ့ နောက်ပိုင်းမှာ ထရန့်ကို ပေးတဲ့လူများသွားပြီး နိုင်သွားတယ်ဆိုတော့။ ပြောဖို့ သိပ်ခက်ပါတယ်။ The last minute နောက်ဆုံးချိန်မှာ ပြောင်းလဲသွားတဲ့သဘော။ ကြိုတင်ခန့်မှန်းထားတာတွေ လွဲသွားတာတွေလည်း တွေ့ရပါတယ်။ ဆိုတော့အဲ့ဒါကိုတော့ အတိအကျပြောဖို့ သိပ်ခက်တယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ် မြသဇင်။
မမြသဇင်အောင် ။ ။ ဟုတ်ကဲ့ အခုလို ဆွေးနွေးပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
Forum