အခုလက်ရှိ မြန်မာပြည်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ဟာ သူ့ရဲ့ခရီးစဉ် အတွင်းမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီ တော်တော်များများနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဒီလိုတွေ့ဆုံတဲ့အခါ ယေဘုယျအားဖြင့် လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေအပြင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ကိစ္စကို နိုင်ငံရေးပါတီတွေဘက်က တင်ပြသွားဖို့ ပြင်ဆင်ထားကြတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားဟာ မေလ ၁၂ ရက် ကြာသပတေးနေ့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် အားလုံးနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ တွေ့ဆုံရမယ့် နေရာနဲ့ အချိန်ကိုတော့ အတိအကျ မသိရသေးပေမဲ့ ကြာသပတေးနေ့မှာ တွေ့မယ်ဆိုတဲ့အကြောင်း NLD ရုံးကို အကြောင်းကြားထားတယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။
အဲဒီလို မစ္စတာ နမ်ဘီးယားနဲ့ တွေ့ဖြစ်တဲ့အခါမှာ NLD ပါတီ အနေနဲ့ မြန်မာနိုင်ငံက လက်ရှိ နိုင်ငံရေး ပြဿနာတွေကို တင်ပြဆွေးနွေးပြီး ရွေးကောက်ပွဲ နောက်ပိုင်း တက်လာတဲ့ အစိုးရသစ်နဲ့ NLD ပါတီအကြား တွေ့ဆုံ ဆွေးနွေးနိုင်အောင် ကုလသမဂ္ဂ အနေနဲ့ ကူညီ ဆောင်ရွက်ပေးဖို့အတွက် တင်ပြသွားဖို့ ရှိတယ်လို့ ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။
“ကျနော့်သဘော ပြောရရင်တော့ မြန်မာနိုင်ငံမှာက စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံအဖြစ်၊ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်အောင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ငြိမ်းချမ်းစွာ ဖြစ်ပေါ်စေချင်တယ်။ ဒါကြောင့်မို့ ကျနော်တို့က အဆုံးအဖြတ် ပေးနိုင်တဲ့ ခေါင်းဆောင်တွေ၊ အခုဆိုရင် သမ္မတ ဦးသိန်းစိန်နဲ့ ဒီဘက်က လူထုခေါင်းဆောင် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးပါလို့ ကျနော်တို့က အကြိမ်ပေါင်းများစွာ တောင်းဆိုနေတယ်။ အခုထက်ထိ အထမမြောက်သေးဘူး။
“အခု ရွေးကောက်ခံ အစိုးရက ဖိတ်ကြားလို့ ရောက်လာတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကြီးက အဲဒီ တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်အောင်များ ဆောင်ရွက်ပေးနိုင်မလားလို့ ကျနော်တို့ မျှော်လင့်တယ်။ အဲဒီအချက်ကို ကျနော်တို့ တင်ပြ တောင်းဆိုမယ်။”
ဒါ့အပြင် မြန်မာနိုင်ငံတဝန်း တိုင်းရင်းသား ဒေသတွေက တိုက်ပွဲတွေနဲ့ ဒေသခံ တိုင်းရင်းသား ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေအပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြဿနာ ပြေလည်စေဖို့အတွက် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးကိုလည်း ကူညီ ဆောင်ရွက်ပေးဖို့ မစ္စတာ ဗီဂျေး နမ်ဘီးယားကို တင်ပြသွားမယ်လို့လည်း ဦးအုန်းကြိုင်က အခုလို ဆက်ပြောပြပါတယ်။
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ပိုပြီးတော့ များလာတယ်။ အထူးသဖြင့် ပိုစိုးရိမ်စရာ ကောင်းတာက နိုဝင်ဘာ ရွေးကောက်ပွဲအပြီး နယ်စပ်မှာ ဖြစ်နေတဲ့ တိုင်းရင်းသားတွေနဲ့ ပဋိပက္ခတွေဟာ ပိုပြီးတော့ ပြင်းထန်လာတဲ့သဘော ဆောင်နေတယ်။ ဒါတွေဟာ ပိုပြီးတော့ ကြီးမားတဲ့ အန္တရာယ်တွေများ ဖြစ်လာလေမလားလို့ ပြည်သူလူထုကလည်း စိုးရိမ်နေတယ်။ အဲဒီကိစ္စတွေကို ငြိမ်းချမ်းစွာ ပြေလည်အောင် ဖြေရှင်းဖို့အတွက် တတ်နိုင်သလောက် အဆင်ပြေအောင် ကူညီ ဆောင်ရွက်ပေးစေချင်တယ်။ ဒါက တချက်ပေါ့။
“နောက်တချက်ကတော့ ကျနော်တို့လည်း မျှော်လင့်နေကြတာပဲ၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာလေမလား၊ လွတ်လာလေမလားနဲ့၊ လွှတ်တော်ကြီး ပြီးလို့ တလကျော်သွားပြီပေါ့ဗျာ၊ နိုင်ငံရေး အကျဉ်းသားတွေက အခုထိ အရိပ်အယောင်တောင် မတွေ့ရသေးတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ရေး ဆိုတာဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အလွန် အခရာကျတဲ့၊ ပထမဦးဆုံး လုပ်ရမယ့် လုပ်ငန်းဖြစ်တယ်ဗျ။ အဲဒီလုပ်ငန်းကိုလည်း ကုလသမဂ္ဂ ကိုယ်စားလှယ်ကြီး အနေနဲ့ ဘယ်လိုကူညီ ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာလည်း ကြိုးပမ်းပေးပါလို့ ကျနော်တို့ဘက်က ပြောချင်ပါတယ်။”
NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောပြသွားတာ ဖြစ်ပါတယ်။
မစ္စတာ နမ်ဘီးယားဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာ ဒါဟာ ဒုတိယအကြိမ်ဖြစ်ပြီး မနှစ်က နိုဝင်ဘာလ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာပြီး နောက်ပိုင်းမှာ ပထမအကြိမ် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ နမ်ဘီးယား အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ဗဟိုအလုပ်အမှုဆောင်တွေနဲ့ တွေ့ဆုံပြီးရင် မေလ ၁၃ ရက် သောကြာနေ့ မနက်မှာတော့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ဦးသုဝေရဲ့ ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီက ခေါင်းဆောင်တွေ၊ တိုင်းရင်းသားပါတီ ၅ ခုက ခေါင်းဆောင်တွေ ပါဝင်တဲ့ ဒီမိုကရေစီ မိတ်ဆွေများပါတီ ၁၁ ဖွဲ့နဲ့လည်း မစ္စတာ နမ်ဘီးယားဟာ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ရုံးမှာ တွေ့ဆုံဖို့ ရှိပါတယ်။
အဲဒီလို တွေ့ဆုံတဲ့အခါ NDF ပါတီအနေနဲ့ တိုင်းပြည်တွင်းက ပြည်သူတွေ ကြုံတွေ့နေရတဲ့ စီးပွားရေး၊ လူမှုရေး ပြဿနာတွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ထောက်ပံ့ကူညီ ဖြေရှင်းပေးသွားဖို့ ကိစ္စတွေ တင်ပြသွားဖို့ ရှိတယ်လို့ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက အခုလို ပြောပြပါတယ်။
“အဓိကတော့ တိုင်းပြည်မှာ ဖြစ်နေတဲ့ လူမှုရေး ဒုက္ခတွေပေါ့ဗျာ၊ စီးပွားရေး ချွတ်ခြုံကျတာတွေ၊ အဲဒါတွေကို ထောက်ပံ့ဖို့အတွက် ကုလသမဂ္ဂ အစီအစဉ် အရလည်းကောင်း၊ တခြားသော နိုင်ငံတကာ အဖွဲ့အစည်းတွေက လည်းကောင်း၊ အကူအညီတွေကို ဒေသတွင်း နိုင်ငံတွေမှာရတဲ့ နှုန်းထားတွေနဲ့ မနိမ့်ကျဘဲနဲ့ တိုးမြှင့်ပေးနိုင်အောင် ပြောရမယ့် အပိုင်းတွေ ရှိပါတယ်။ ပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့အတွက်လည်း ကျနော်တို့ သူနဲ့ဆွေးနွေးဖို့အကြောင်း ရှိမှာပါ။ နောက် စီးပွားရေး ပိတ်ဆို့မှုပေါ့၊ ဒါလည်း သူမေးလို့ရှိရင် ဖြေဖို့ရှိပါတယ်။”
NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ ပြောပြသွားတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားဟာ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို ရောက်လာတာ ဖြစ်ပါတယ်။