သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ် အပေါ် ဝေဖန်မှုတချို့


ရုရှားနိုင်ငံသို့ ရောက်ရှိလာသည့် မြန်မာစစ်ကောင်စီ ဥက္ကဌ
ရုရှားနိုင်ငံသို့ ရောက်ရှိလာသည့် မြန်မာစစ်ကောင်စီ ဥက္ကဌ

[ Zawgyi ]

မော်စကိုမြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံကို သွားတက်တဲ့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ နိုင်ငံတကာ ပိတ်ဆို့မှုတွေကြားက စစ်လက်နက်ပစ္စည်းတွေ ဆက်လက်ရရှိစေဖို့နဲ့ သံတမန်ရေးအရ ရည်ရွယ်တဲ့ ခရီးစဉ်တခုအဖြစ် ရှုမြင်ကြောင်း နိုင်ငံရေးအကဲခတ် တချို့က သုံးသပ်ကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံထဲကို စစ်လက်နက် စီးဆင်းမှုကို တားမြစ်ကြဖို့ နိုင်ငံအများစုက မဲပေးဆုံးဖြတ်ခဲ့ကြတာပါ။ ဒါကလည်း ဖေဖေါ်ဝါရီလ(၁)ရက်နေ့ကစလို့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် အရပ်သားပြည်သူတွေနဲ့ လူငယ်တွေကို အကြမ်းဖက်နှိမ်နင်း ပစ်ခတ်မှုအတွင်း ခုချိန်ထိဆိုရင် လူပေါင်း (၈၇၀)ကျော် သေဆုံးခဲ့ရတဲ့အပေါ် နိုင်ငံတကာက တုန့်ပြန်လိုက်ကြတဲ့ သဘောလို့ သုံးသပ်ကြပါတယ်။

ဒီလိုအခြေအနေမှာ ရုရှားနိုင်ငံရဲ့ ဖိတ်ကြားမှုနဲ့ မော်စကိုမှာ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ ၉ ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံ Moscow Conference of International Security 2021 (MCIS-2021) ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့အဖွဲ့ သွားရောက်တာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ နိုင်ငံတကာ ပိတ်ဆို့မှုတွေကြားက စစ်လက်နက်ပစ္စည်း ဝယ်ယူရေး စာချုပ်ချုပ်ဆိုမှုတွေ လုပ်ဖို့ မြန်မာစစ်ကောင်စီရဲ့ ခြေလှမ်းတခုသာ ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး သုံးသပ်သူ ဒေါက်တာနိုင်အောင်က ရှုမြင်ပါတယ်။

" ရုရှားနဲ့ မြန်မာစစ်တပ်က ရှည်လျားတဲ့ ဆက်ဆံရေး ရှိခဲ့ကြတယ်။ နောက်ပိုင်းမှာ ရုရှားဆီက မဟာဗျူဟာမြောက် လက်နက်ဝယ်ယူမှုတွေ ပိုများလာတယ်။ သတိထားမိသလောက် ဒီလို နိုင်ငံတကာလုံခြုံရေးစည်းဝေးမျိုးကို မြန်မာဖက်က သွားတက်တာရှိတယ်။ ဒီညီလာခံက ရုရှားက ဦးဆောင်ပြီးမှ သူနဲ့ လက်နက်ရောင်းဝယ်နေရုံသာ မကပဲနဲ့ သူ့နဲ့စစ်ရေး လေ့ကျင့်မှု တည်ဆောက်မှု လုပ်တဲ့နိုင်ငံတွေကို ခေါ်ပြီးတော့မှ ဆက်ဆံရေး တိုးမြှင့်လာတဲ့သဘောပါ။ သတိထားမိတာတခုက ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရလက်ထက်မှာလည်း ရုရှားညီလာခံကို ခုလိုမျိုးပဲ သွားတက်တယ်။ အဲဒီလိုမျိုး စစ်ရေးအရ ရုရှားနဲ့ မဟာမိတ်ဆန်ဆန် လုပ်ခဲ့တာကို NLD အစိုးရ၊ လွှတ်တော်တို့က အဲဒီအချိန်တုန်းက အသိမှတ်ပြုခဲ့သလား ၊ အတည်ပြုခဲ့သလား ဆိုတာကတော့ ကျနော်တို့လည်း မသိခဲ့ရဘူး။ ကုလသမဂ္ဂက လက်နက်ပိတ်ပင်မှု ဆိုတာက တားဆီးတဲ့ သဘောမျိုးလောက်ပဲ ၊ နောက်ပြီး ဒါမျိုးက လုံခြုံရေးကောင်စီက ထပ်လုပ်တော့မှ တကယ်အသက်ဝင် လာမယ့် သဘောပေါ့ ။ ဆိုတော့ ရုရှားနဲ့မြန်မာ ကြားထဲမှာ စစ်ရေးဆက်ဆံမှု လက်နက်ရောင်းဝယ်ရေး ဆက်ဆံမှုက ဘာမှ ထူးထူးခြားခြား ပြောင်းသွားမှာ မဟုတ်ဘူးလို့ထင်တယ်။

အခု ကျနော်တို့ သိထားရတဲ့ အခြေအနေတွေထဲမှာ နဂိုရှိထားပြီးသား လက်နက်အရောင်းဝယ်ကိစ္စတွေကို ထပ်ဆင့်ပြီးမှ စာချုပ်တွေ ချုပ်ဖို့ ရှိနေတယ်လို့တော့ ကျနော်တို့ ကြားထားပါတယ်။ "

အမေရိကန် ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံတချို့က မြန်မာစစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူမှုတွေ လုပ်ထားချိန်မှာ နိုင်ငံတကာ မျက်နှာစာမှာ မြန်မာစစ်ကောင်စီကို သံတမန်ရေးအရ အကာကွယ်ပေးနေတာက တရုတ်နဲ့ ရုရှားဖြစ်ပြီး - အခုတခေါက် ရရှားက ဖိတ်တဲ့ နိုင်ငံတကာလုံခြုံရေးညီလာခံကို ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင်တက်ရောက်တာဟာ စစ်ကောင်စီအတွက် လိုအပ်နေတဲ့ စစ်ရေးနဲ့ သံတမန်ရေး အကာအကွယ်ရဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ အမေရိကန်မှာနေတဲ့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာ တင့်ဆွေက မြင်ပါတယ်။

" နိုင်ငံ အတော်များများက ဒဏ်ခတ်အရေးယူမှုထဲမှာ စစ်ခေါင်းဆောင်တွေကို ဗီဇာ ပိတ်ထားတဲ့အချိန်မျိုးမှာ သူ သွားခွင့်ရတဲ့နိုင်ငံကို သွားပြသလားလို့ တချက် စဉ်းစားမိပါတယ်။ နောက်တခုကတော့ နိုင်ငံတကာ အခင်းအကျင်းမှာ ရုရှားဟာ လက်နက်အင်အားအရ ကြည့်ရင်တော့ အင်အားအတော် ကြီးကြီးမားမား ရှိပါတယ်။ သူ့လက်နက်တွေကလည်း အဆင့်အတန်း တစုံတရာရှိတော့ အဲဒီလက်နက် ရရေးအတွက် မြန်မာစစ်ကောင်စီက ရုရှားကို အားကိုးနေတာဟာ တော်တော်ကို သိသာနေတယ်ပေါ့နော်။ မြန်မာက သူ့လက်နက် အင်အားကို ဖြည့်ဖို့အတွက် ရုရှားကို ပိုပြီးနီးကပ်အောင် ဆောင်ရွက်သလားလို့ ကျနော်ယူဆပါတယ်။ နောက်ပြီး သံတမန်ရေးရာအရ ကြည့်ရင်လည်း သူတို့ဟာ ဗီဇာပေးတဲ့နိုင်ငံလောက်ပဲ သွားခွင့်ရှိတာကို သွားပြနေတာထက်တော့ သိပ်ပိုတယ်လို့တော့ ကျနော်မထင်ဘူး။ "

ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ ၉ ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ Moscow Conference of International Security 2021 (MCIS-2021) ကို တက်ရောက်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရုရှားကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shoigu ဖိတ်ကြားခဲ့တာပါ။

ဒီ ညီလာခံကို ဇွန်လ ၂၂-၂၄ ရက်နေ့ထိ ကျင်းပမှာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်တို့လည်း ရုရှားခရီးစဉ်မှာ လိုက်ပါသွားကြပါတယ်။

တိုက်ရိုက် လင့်ခ်



[Unicode ]







အခု ကနြောျတို့ သိထားရတဲ့ အခွအေနတှေထေဲမှာ နဂိုရှိထားပွီးသား လကျနကျအရောငျးဝယျကိစ်စတှကေို ထပျဆင့ျပွီးမှ စာခြုပျတှေ ခြုပျဖို့ ရှိနတေယျလို့တော့ ကနြောျတို့ ကွားထားပါတယျ။ "





XS
SM
MD
LG