အခြေအနေတွေ အခုထက်ပိုပြီး တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်မယ် ဆိုရင် တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ တည်ငြိမ်ရေး ပိုမို ကောင်းမွန်လာပြီး ဒေသတွင်း သြဇာကြီးတဲ့နိုင်ငံတခု ဖြစ်လာနိုင်တယ်လို့ အမေရိကန်သမ္မတ အိုဘားမားက သူ့ရဲ့ ဗီယက်နမ်နိုင်ငံ ခရီးစဉ်တွင်း ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
"သတင်းလွတ်လပ်ခွင့် ရှိပြီး သတင်းသမားတွေနဲ့ ဘလောဂါတွေ အနေနဲ့ မတရားမှုတွေနဲ့ နှိပ်စက်ညှင်းပမ်းမှုတွေကို ထုတ်ဖော် တင်ပြခွင့် ရမယ်ဆိုရင် ဒါဟာ အစိုးရအရာရှိတွေ ပွင့်လင်းမြင်သာမှုရှိအောင်၊ လူထုတွေကြားမှာ စနစ်အပေါ် ယုံကြည်ချက် ပိုပြီး ခိုင်မာလာအောင် လုပ်ဆောင်ရာကျပါတယ်။ ကိုယ်စားလှယ်တယောက် ရွေးကောက်ပွဲဝင်တဲ့အခါ လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးခွင့် ရှိမယ်၊ မဲပေးသူတွေ အနေနဲ့လည်း သူတို့ရဲ့ ခေါင်းဆောင်ကို လွတ်လပ် မျှတတဲ့ရွေးကောက်ပွဲတွေ ကနေတဆင့် ရွေးချယ်ခွင့်ရမယ်ဆိုရင် ဒါဟာ တိုင်းပြည်တွေကို ပိုပြီးတော့ တည်ငြိမ်လာစေမှာပါ။ ပြည်သူတွေ အနေနဲ့ သူတို့ရဲ့ လိုလားချက်တွေဟာ တကယ်ပဲ အရာထင်လာနိုင်တယ်။ ငြိမ်းချမ်းတဲ့ အပြောင်းအလဲတွေ ဖြစ်နိုင်တယ် ဆိုတာကို ယုံကြည်လာတာကြောင့်ပဲ ဖြစ်ပါတယ်။” လို့ သမ္မတ အိုဘားမားက ပြောသွားတာပါ။
ဒီကနေ့ ဟနွိုင်းမြို့တော်က ကွန်ဗင်န်ရှင်းစင်တာမှာ ပြောကြားတဲ့ မိန့်ခွန်းတွင်း သမ္မတအိုဘားမားက လူ့အခွင့်အရေး အခြေအနေ ကောင်းမွန်တာဟာ တိုင်းပြည်တည်ငြိမ်ရေးကို အထောက်အကူဖြစ်စေတဲ့ အကြောင်းရင်းတခုဖြစ်တယ်ဆိုတာကို ထောက်ပြပြောဆိုခဲ့ပြီး အမေရိကန်က အတင်းအကျပ် ဖိအားပေးတာမျိုး မဖြစ်အောင်လည်း ထိန်းသိမ်း ပြောဆိုသွားပါတယ်။ ဒီမိန့်ခွန်းမတိုင်ခင်မှာတော့ သမ္မတအိုဘားမားဟာ ဗီယက်နမ် တက်ကြွလှုပ်ရှားသူတွေ၊ စွန့်ဦးလုပ်ငန်းရှင်တွေနဲ့ လည်း တွေ့ဆုံခဲ့ပါသေးတယ်။ တနင်္လာနေ့တုန်းကတော့ ဗီယက်နမ်သမ္မတ Tran Dai Quang နဲ့ တွေ့ဆုံခဲ့သလို၊ အဲဒီတွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ အမေရိကန်က ဗီယက်နမ်အပေါ် လက်နက်တင်ပို့ရောင်းချခွင့် ပိတ်ပင်ချက်ကို ပြန်လည် ရုတ်သိမ်းလိုက်တဲ့အကြောင်း ခေါင်းဆောင်နှစ်ဦးက တရားဝင် ပြောသွားခဲ့ပါတယ်။