ဗင်နီဇွဲလားနိုင်ငံရဲ့လက်ရှိသမ္မတ Nicolas Maduro ရာထူးကနေ ဆင်းပေးရေး ဖိအားပေးတဲ့အနေနဲ့ ဗင်နီဇွဲလားအစိုးရ ပိုင် ရေနံကုမ္ပဏီတခုကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့လိုက်ပါတယ်။ အတိုက်အခံခေါင်းဆောင် Juan Guaido ကို ဘယ်လိုဝိုင်းပြီးအားပေးထောက်ခံကြမလဲဆိုတာနဲ့ပတ်သက်တဲ့အရေးပေါ်အစည်းအဝေးတရပ်ကိုလည်း ကနေဒါနိုင်ငံ မှာ အခုရက်ပိုင်းအတွင်းကျင်းပဖို့ရှိနေပါတယ်။ နိုင်ငံရေးတင်းမာမှုတွေပြင်းထန်နေတဲ့ဗင်နီဇွဲလားနိုင်ငံရဲ့အခြေအနေတွေ အကြောင်း ကိုကျော်အောင်လွင် ပြောပြပါလိမ့်မယ်။
PDVSA လို့ခေါ်တဲ့ ဗင်နီဇွဲလားနိုင်ငံပိုင်ရေနံကုမ္ပဏီကို အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့ဒဏ်ခတ်လိုက်တဲ့ အကြောင်း အမျိုးသားလုံခြုံရေးအကြံပေး John Bolton နဲ့ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchinတို့က မနေ့တုန်းကပဲ အိမ်ဖြူတော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာကြေညာခဲ့ပါတယ်။ ဒီလိုအရေးယူမှုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ လက်ရှိဗင်နီဇွဲလားသမ္မတ Nicolas Maduro ကိုရာထူးကဆင်းပေးရေး ဖိအားပေးတဲ့အနေနဲ့ရော၊ အတိုက်အခံခေါင်း ဆောင် Juan Guaidoကို နိုင်ငံခေါင်းဆောင်အဖြစ်ထောက်ခံရေးအတွက်ရောအမေရိကန်ဘက်ကလုပ်ဆောင်တာဖြစ် ပါတယ်။ သမ္မတမာဒူရိုနဲ့သူ့အစိုးရဲ့လုပ်ရပ်တွေကြောင့် ဗင်နီဇွဲလားပြည်သူတွေအဖိနှိပ်ခံနေရာတွေ၊ စီးပွါးရေးအရအထိနာ နေကြတာတွေဟာ ဆက်ပြီးမဖြစ်သင့်တော့ဘူး ဗင်နီဇွဲလားပြည်သူတွေရဲ့ပိုင်ဆိုင်မှုတွေကို မာဒူရိုအစိုးရက မတရား လု ရက်နေတာတွေကို ရပ်တန့်စေဖို့ရော ပြည်သူတွေရဲ့ပိုင်ဆိုင်မှုတွေကို ထိမ်းသိမ်းစောင့်ရှောက်တဲ့ အနေနဲ့ပါရည်ရွယ်ပြီး အမေရိကန်က အခုလိုလုပ်ဆောင်တာဖြစ်ပြီး PDVSA ကုမ္ပဏီရဲ့အမေရိကန်မှာရှိတဲ့ပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်မယ့်အပြင်၊ ဒီကုမ္ပဏီနဲ့ဆက်စပ်လုပ်ကိုင်နေတဲ့အမေရိကန်စီးပွါးရေးလုပ်ငန်းတွေနဲ့ အမေရိကန်နိုင်ငံသားတွေရဲ့လုပ်ပိုင်ခွင့်တွေကို လည်းပိတ်ပင်မှာဖြစ်ပါတယ်။
အတိုက်အခံခေါင်းဆောင် Juan Guaidoကို ဘယ်လိုဝိုင်းဝန်းထောက်ခံအားပေးကြမလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး Lima အုပ်စုလို့ခေါ်တဲ့ လက်တင်အမေရိက၁၃နိုင်ငံအဖွဲ့နဲ့ အရေးပေါ်အစည်းအဝေးတရပ် ကျင်းပဖို့ ကနေဒါနိုင်ငံက မနေ့ကပဲ ကြေညာပါတယ်။ ဖေဖေါ်ဝါရီလ ၄ရက်နေ့ကြရင် ကနေဒါနိုင်ငံမြို့တော် အော်တဝါမှာကျင်းပမှာဖြစ်ပါတယ်။
ဗင်နီဇွဲလားလွှတ်တော်ဥက္ကဌ Juan Guaidoက ကြားဖြတ်သမ္မတအဖြစ်တာဝန်ယူမယ်လို့ ပြီးခဲ့တဲ့အပတ်ထဲမှာကြေညာခဲ့ ပါတယ်။ ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီး Vladimir Padrino Lopez ကတော့ သမ္မတ မာဒူရိုအစိုးရကိုထောက်ခံတယ်လို့ ပြီးခဲ့တဲ့အပတ်ထဲမှာပဲကြေညာထားပါတယ်။ ဒီလိုကြေညာပြီးနောက်တရက်မှာပဲ မနက်ဖြန်ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းကျရင် စစ်တပ်ကို ပြည်သူဘက်ကရပ်တည်ရေးငြိမ်းချမ်းတဲ့တောင်းဆိုမှုတွေ အချိန်၂နာရီကြာလုပ်ဆောင်ကြဖို့ Juan Guaidoက တိုက်တွန်းလိုက်ပါတယ်။ လက်ရှိသမ္မတ Nicolas Maduroအစိုးရကို လက်မခံပဲ ဒီမိုကရေစီကိုအကာကွယ်ပေးမယ့် စစ် သားတွေကို လွတ်ငြိမ်းချမ်သာခွင့်ပေးမယ်လို့လည်း Juan Guaidoက ကမ်းလှမ်းလိုက်ပါတယ်။ ဗင်နီဇွဲလားမှာရွေး ကောက်ပွဲအသစ်တရပ်ကျင်းပဖို့ EU ဥရောပသမဂ္ဂ နောက်ဆုံးအချိန်သတ်မှတ်ထာတဲ့ ဖေဖေါ်ဝါရီလ ၂ရက် စနေနေ့နဲ့ တရက်တည်းကျအောင် နိုင်ငံတဝှမ်းနဲ့ကမ္ဘာတဝှမ်းမှာ စနေနေ့ကျရင် လူထုဆန္ဒတွေထုတ်ဖေါ်ကြဖို့လည်း Juan Guaido က တောင်းဆိုလိုက်ပါတယ်။
"စနေနေ့မှာကျနော်တို့ လမ်းမတွေပေါ်မှာရှိနေမှာပါ။ ကျနော်တို့နဲ့အတူဗင်နီဇွဲလားလမ်းမတွေမှာရော ကမ္ဘာတဝှမ်းက လမ်းမတွေမှာပါ ဥရောပသမဂ္ဂရဲ့တောင်းဆိုချက်ကိုထောက်ခံကြောင်းဆန္ဒတွေပြကြမှာပါ။ စနေနေ့မှာနောက်ဆုံးထားပြီး ရွေးကောက်ပွဲ အသစ်တရပ်ဖေါ်ဆောင်ရေး မာဒူရိုအစိုးရကို ဥရောပသမဂ္ဂကရာဇသံပေးထားတာ တနင်္ဂနွေနေ့ကျ ရင် သတ်မှတ်ချိန်လွန်သွားတော့မှာပါ။ ဥရောပသမဂ္ဂဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ အမျိုးသားလွှတ်တော်ကိုရော၊ ဖွဲ့စည်းပုံ အခြေ ခံဥပဒေကိုရော သမ္မတရဲ့လုပ်ပိုင်ခွင့်အာဏာကိုပါ ရှင်းရှင်းလင်းလင်း အသိအမှတ်ပြုထားတာပါလို့ Juan Guaido က စပိန်ဘာသာစကားနဲ့ပြောသွားတာပါ"
အမေရိကန်အစိုးရကတော့ Juan Guaidoရဲ့ ကြားဖြတ်သမ္မတကြေညာမှုကို ချက်ချင်းထောက်ခံခဲ့တာဖြစ်ပြီး ကနေဒါ အပါအဝင် လက်တင်အမေရိကန်နိုင်ငံတွေနဲ့တခြားနိုင်ငံတွေတော်တော်များများကလည်း Juan Guaidoကိုထောက်ခံ ထားပါတယ်။ ရုရှား၊ တရုတ်၊ တူရကီ၊ အီရန်နဲ့ ကြူးဘားအပါအဝင်နိုင်ငံတချို့ကတော့ လက်ရှိသမ္မတ မာဒူရိုအစိုးရကို ဆက်ပြီးထောက်ခံနေကြပါတယ်။ဗြိတိန်၊ စပိန်၊ ဂျာမဏီနဲ့ ပြင်သစ်နိုင်ငံကတွေကတော့ အချိန်၈ရက်အတွင်းရွေးကောက် ပွဲကျင်းပဖို့မကြေညာရင် Juan Guaido ကို ဗင်နီဇွဲလားနိုင်ငံရဲ့ခေါင်းဆောင်အဖြစ်အသိအမှတ်ပြုမယ်လို့ ပြီးခဲ့တဲ့ စနေနေ့ တုန်းကပဲ ပြောထားတာပါ။
ဗင်နီဇွဲလားစစ်တပ်အနေနဲ့ ပြည်သူ့ဘက်ကရပ်တည်ပေးဖို့လည်း အတိုက်အခံခေါင်းဆောင် Juan Guaidoက တိုက်တွန်း နေပါတယ်။
"ငြိမ်းချမ်းစွာဆန္ဒပြကြသူတွေကို အရင်ကလို မနှိမ်နင်းဖို့ ဗင်နီဇွဲလားနိုင်ငံရဲ့ စစ်သည်တွေကို ဒီကနေ့ ကျနော်အမိန့်ပေး ပါတယ်လို့ Juan Guaidoကပြောခဲ့တာပါ"
Juan Guaidoကိုထောက်ခံကြသူတွေကတော့ ပြည်သူတွေရဲ့မိတ်ဆွေဖြစ်တဲ့ စစ်သားတွေပဲ ပြည်သူတွေဘက်ကရပ် တည်ဖို့ကျန်တော့တယ်လို့ကြွေးကြော်နေကြပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးမဲ့အစီအစဉ်စာရွက်တွေကိုလည်း စစ်တပ်နဲ့ ရဲစခန်း တွေမှာဖြန့်ချိနေကြပါတယ်။ တချို့စစ်သားတွေက ဒီစာရွက်တွေကို လွှတ်ပစ်တာတွေ၊ ဆုတ်ဖြဲပစ်တာတွေလုပ် ခဲ့ကြပေမဲ့လည်း စစ်သားတော်တော်များများကတော့ သူတို့ရဲ့မိသားစုဝင်တွေလည်း အစားအစာနည်းပါးမှုနဲ့တခြား အခြေ ခံလိုအပ်ချက်တွေမလုံလောက်တဲ့အခက်အခဲတွေကြုံနေရကြောင်းပြောကြပါတယ်။