အမေရိကန် နိုင်ငံခြားရေးဌာနက မြောက်ကိုရီးယား မူဝါဒဆိုင်ရာ အထူးကိုယ်စားလှယ် သံအမတ်ကြီး Joseph Yun ဟာ ဇူလိုင် ၁၁ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ထွက်ခွာမယ့် ခရီးစဉ်တခုအတွင်း မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိပါတယ်။
သူဟာ စင်္ကာပူနိုင်ငံကို အရင်သွားရောက်မှာ ဖြစ်ပြီး အဲဒီကနေမှ တဆင့် မြန်မာနိုင်ငံကို လာမယ့်အကြောင်း ဇူလိုင်လ ၅ ရက်၊ ဒီကနေ့ ရက်စွဲနဲ့ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကို ဘယ်နေ့ရောက်မယ် ဆိုတဲ့ အတိအကျ ရက်ကိုတော့ ဖော်ပြမထားပါဘူး။
မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာအစိုးရအဖွဲ့ အဆင့်မြင့် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးမယ် လို့တော့ဖော်ပြထားပါတယ်။ ဘာတွေ ဆွေးနွေးမယ်ဆိုတဲ့ အသေးစိတ်ကိုလည်း ဖော်ပြမထားပါဘူး။
သံအမတ်ကြီး Yun ဟာ အခု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာပြီး တလတောင် မပြည့်သေးတဲ့ အချိန်အတွင်း ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လာတွေ့ခဲ့တဲ့ ပထမဆုံးသော အဆင့်မြင့် အမေရိကန် သံတမန် ဖြစ်ပါတယ်။ အဲဒီအချိန်က သူဟာ အမေရိကန် နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဖြစ် မြန်မာနိုင်ငံ လေးရက်ကြာ ခရီးစဉ် နောက်ဆုံးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တာပါ။
တခါ ၂၀၁၁ ခုနှစ် မေလ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ သုံးရက်ကြာ ခရီးစဉ်တခုနဲ့ ထပ်လာခဲ့ပါသေးတယ်။ အဲဒီအချိန်ကလဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပါသေးတယ်။ အမေရိကန် ပြည်ထောင်စုနဲ့မြန်မာနိုင်ငံ အကြား ပုံမှန် ဆက်ဆံရေး ပြန်တည်ဆောက်ဖို့ကြိုးပမ်းမှုတွေမှာ သံအမတ်ကြီး Yun ဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့မြင်ကြတာ တွေရှိပါတယ်။