အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ဆိုင်းငံ့ထားရေး အမေရိကန် အကြီးတန်း အရာရှိကြီးတွေ မနေ့ သောကြာနေ့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန် သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ကြား ဒီလ အစောပိုင်း စကာၤပူမှာ တွေ့ဆုံခဲ့ကြပြီးနောက် ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ်လာခဲ့တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။
ကာကွယ်ရေး ဝန်ကြီး James Mattis၊ နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ၊ ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Joe Dunford၊ သမ္မတရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ လက်ထောက် John Bolton တို့ တွေ့ဆုံပြီး ထိပ်သီးဆွေးနွေးပွဲက ရလဒ်ကို အကောင်အထည်ဖော်ရေး ဆွေးနွေးခဲ့ကြကြောင်း အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဆိုင်းငံ့မယ့် စစ်ရေးလေ့ကျင့်မှုတွေထဲမှာတော့ လာမယ့် သုံးလအတွင်း လုပ်ဖို့ စီစဉ်ထားတဲ့ Freedom Guardian စစ်ရေးလေ့ကျင့်မှုနဲ့ အတူ ကိုရီးယား မရိန်းတပ်ဖွဲ့ကို သင်တန်းပေး လေ့ကျင့်မှု ၂ခုလည်း ပါဝင်တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ရဲ့ ပြောခွင့်ရ Dana White က ကြေညာချက်မှာ ပြောဆိုထားပါတယ်။
သြဂုတ်လမှာ ကျင်းပလေ့ရှိတဲ့ Freedom Guardian စစ်ရေးလေ့ကျင့်မှုမှာတော့ ပြည်ပမှာ အခြေစိုက်တဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၃ ထောင်နဲ့ တောင်ကိုရီးယား တပ်ဖွဲ့ဝင် ၅ သောင်းလောက် ပါဝင်လေ့ကျင့်လေ့ ရှိတာပါ။ မြောက်ကိုရီးယားဘက်က နျူးကလီးယား ကင်းစင်ရေး အတွက် စိတ်ရင်းမှန်နဲ့ ခိုင်ခိုင်မာမာ ဆောင်ရွက်လာမှုကို တုံ့ပြန်တဲ့ အနေနဲ့ စစ်ရေးလေ့ကျင့်မှုတွေက ကုန်ကျစာရိတ် များလွန်းပြီး ရန်စသလို ဖြစ်နေတာကြောင့် ရပ်ဆိုင်းမယ်လို့ အမေရိကန် သမ္မတ Trump က ထိပ်သီးဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေက ထိုးစစ်ဆင်ဖို့ ပြင်ဆင်မှု အဖြစ် မြောက်ကိုရီးယားဘက်က ပြောဆိုပြီး စစ်ရေးလေ့ကျင့်မှုတွေ မလုပ်ဖို့ တစိုက်မတ်မတ် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။