အမေရိကန်အစိုးရ လုပ်ငန်းတချို့ ရပ်ဆိုင်းထားရချိန်မှာ လစာမရကြတဲ့ ဝန်ထမ်းတွေကို နောက်ပိုင်းမှာ လစာတွေပြန်ပေးမယ့် ဥပဒေမူကြမ်း တရပ်ကို ဒီနေ့ သမ္မတ Donald Trump လက်မှတ်ရေးထိုး အတည်ပြုဖို့ ရှိနေပါတယ်။ ဒါပေမဲ့လည်း သမ္မတနဲ့ အတိုက်အခံ ဒီမိုကရက်တွေ ဘဏ္ဍာရေး အသုံးစရိတ်အတွက် စေ့စပ်ညှိနှိုင်းလို့ မရသေးတဲ့အတွက် ဘယ်အချိန်မှာ လစာရမလဲ ဆိုတာကတော့ မရေမရာ ဖြစ်နေဆဲပါ။
အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းထားတဲ့အတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့ကစလို့ အစိုးရဝန်ထမ်း ၈ သိန်းလောက်ဟာ လခမရဘဲ အလုပ်လုပ်ကြရတာ ဒါမှမဟုတ် အလုပ်မဆင်းပဲ နေနေကြရပါတယ်။ အစိုးရလုပ်ငန်းတွေ နောက်ထပ်သီတင်းတပတ် ဆက်ရပ်ထားမယ် ဆိုရင်တော့ ဒီနှစ်ထဲမှာ ဝန်ထမ်းတွေ နောက်တကြိမ် လစာရကြဦးမှာ မဟုတ်ပါဘူး။
တချိန်တည်းမှာပဲ အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းထားရတဲ့အတွက် ရိုက်ခတ်လာမယ့် အကျိုးဆက်တွေ လျော့ပါးစေဖို့ နှစ်စဉ်ဝင်ငွေခွန်ဆောင်သူတွေအတွက် ဝန်ဆောင်မှုပေးဖို့၊ လေကြောင်းလုံခြုံရေး၊ အစားအသောက်နဲ့ ဆေးဝါး ဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေးဖို့တွေလို အရေးကြီးတဲ့ ဝန်ဆောင်မှုတွေအတွက်၊ ထောင်သောင်းချီတဲ့ အစိုးရဝန်ထမ်းတွေကို လစာမရပဲ အလုပ်ဆင်းဖို့လည်း အစိုးရက ပြန်ခေါ်ထားပါတယ်။
ဘဏ္ဍာရေးကုမ္ပဏီတချို့ကတော့ ရုတ်တရက် ဝင်ငွေမရတော့တဲ့အတွက် အခက်ကြုံနေရတဲ့ ဝန်ထမ်းတွေကို အကူအညီပေးဖို့ စီစဉ်ခဲ့ကြသလို၊ စားသောက်ဆိုင် တော်တော်များများကလည်း အစိုးရဝန်ထမ်းတွေကို အစားအသောက်တွေ အခမဲ့ပေးနေကြပါတယ်။ အမေရိကန်နဲ့ မက္ကစီကိုနိုင်ငံ နယ်စပ်မှာ တံတိုင်းကာဖို့ ကုန်ကျစရိတ် ဒေါ်လာ ၅.၇ ဘီလီယံကို လွှတ်တော်က အတည်ပြုပေးဖို့ သမ္မတ Trump က တောင်းခံထားတဲ့အတွက် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းထားရတာပါ။
ဒီမိုကရက်ပါတီက လွှတ်တော် ခေါင်းဆောင်တွေကတော့ နယ်စပ်လုံခြုံရေး ဝန်ထမ်းတွေ တိုးမြှင့်ဖို့၊ နည်းပညာ အဆင့်မြှင့်ဖို့တွေ အပါအဝင် ထိရောက်တဲ့ နည်းလမ်းတွေအတွက် ဒေါ်လာ ၁.၃ ဘီလီယံ သုံးစွဲဖို့ ကမ်းလှမ်းထားပါတယ်။