ယူကရိန်းစစ်ပွဲ အရေးကြီးချိန် ရောက်နေပြီလို့ အမေရိကန်သမ္မတက ပြောဆိုပြီး ယူကရိန်းကို အဆင့်မြင့် သံချပ်ကာကား အပါအဝင် ဒေါ်လာ ဘီလျံချီ မကြုံစဖူး အများဆုံး စစ်ရေးအကူအညီတွေ ပေးသွားမယ့်အကြောင်း ကြေညာပါတယ်။
တိုက်ခိုက်ရေးစစ်သည်တွေပါ သယ်ပို့နိုင်ပြီး တင့်ကားဖျက် မစ်ဇိုင်းဒုံး ပါတဲ့ Bradley အမည်ရှိ တင့်ကားချေမှုန်းရေး သံချပ်ကာကား အစီး ၅၀ ကို ပထမဆုံး အကြိမ်အဖြစ် ပို့ပေးဖို့ အိမ်ဖြူတော်က မနေ့က ကြေညာလိုက်ပြီး ယူကရိန်းကို နောက်တဆင့်မြှင့် ကူညီလိုက်တာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ Jean Pierre က ပြောပါတယ်။
ယူကရိန်းအနေနဲ့ ကိုယ်ပိုင်ခုခံကာကွယ်နိုင်စွမ်း ရှိစေဖို့အတွက် အမေရိကန်က ရေရှည်သန္နိဌာန်ထား ကူညီသွားမယ်ဆိုတာကို ပြသတဲ့အနေနဲ့ သိပ်မကြာခင်က ပေးခဲ့တဲ့ ဒေါ်လာ ၂.၈ ဘီလျံ အကူအညီ အပါအဝင် ယူကရိန်းအတွက် စစ်ရေးအကူအညီသစ် ဒေါ်လာ ၃ ဘီလျံကျော် ပေးသွားမှာဖြစ်ပြီး အခုချိန်ထိ အများဆုံးပမာဏပါပဲလို့ အိမ်ဖြူတော် ပြောခွင့်ရ Jean Pierre က မနေ့က ပြောခဲ့ပါတယ်။
ရုရှားသမ္မတ ပူတင်က ရုရှား Orthodox ခရစ္စမတ် ၃၆ နာရီ အပစ်ရပ်ရေး ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကမ်းလှမ်းခဲ့တာကို ယူကရိန်းဘက်က ပယ်ချခဲ့အပြီး အမေရိကန်က အခုလို အကူအညီသစ်တွေ ထပ်တိုး ပေးလိုက်တာပါ။ ရုရှားရဲ့ ကမ်းလှမ်းမှုဟာ ယုံကြည်ဖို့ ခက်တယ်လို့ သမ္မတ ဘိုင်ဒန်က သူ့အစိုးရအဖွဲ့ဝန်ကြီးတွေကို ပြောဆိုခဲ့ပါတယ်။ အခုချိန်မှာ ယူကရိန်းစစ် အထွဋ်အထိပ်ကို ရောက်နေတာမို့ ရုရှားကိုခုခံနိုင်အောင် ယူကရိန်းကို တတ်နိုင်တာ အကုန်လုပ်ပေးသွားမယ်လို့လည်း သမ္မတဘိုင်ဒန်က ကတိပြုခဲ့ပါတယ်။
ဂျာမနီနိုင်ငံကလည်း ယူကရိန်းကို Patriot ဒုံးကျည်ပစ်စင်တွေ ပေးပို့ဖို့ စီစဉ်နေတယ်လို့ အမေရိကန်အိမ်ဖြူတော် ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အခု အမေရိကန်က ပေးမယ့်အထဲမှာ ယူကရိန်းကို စစ်ရေးကူပေးနေတဲ့ အိမ်နီးချင်းနဲ့ ဥရောပတပ်တွေအတွက် အမေရိကန်ဒေါ်လာ ၆၈၂ သန်း ထည့်သွင်းထားတယ်လို့လည်း ဖော်ပြထားပါတယ်။
==== Unicode =====