သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်ရေး ကန်လွှတ်တော်အမတ် ၁၁ ဦး Pompeo ထံစာပို့


 ရိုက်တာသတင်းထောက် ၂ ယောက်ဖြစ်တဲ့ ကိုကျော်စိုးဦးနဲ့ ကိုဝလုံး
ရိုက်တာသတင်းထောက် ၂ ယောက်ဖြစ်တဲ့ ကိုကျော်စိုးဦးနဲ့ ကိုဝလုံး

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ်ပြစ်ဒဏ် ၇ နှစ်စီ အပြစ်ပေးတာ ခံခဲ့ရတဲ့ ရိုက်တားစ် သတင်းထောက် ၂ ယောက် လွတ်မြောက်ရေးအတွက် နည်းလမ်းပေါင်းစုံသုံး လုပ်ဆောင်ပေးဖို့ အမေရိကန် အထက်လွှတ်တော်အမတ် ၁၁ ယောက်က နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ထံ စာရေးပန်ကြားလိုက်ပါတယ်။ အခုလို အမေရိကန် အထက်လွှတ်တော်အမတ်တွေ သာမက ဒုသမ္မတ Mike Pence နဲ့ တခြားလွှတ်တော်အမတ်တွေကလည်း ဒီသတင်းထောက် ၂ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေတာမို့ မြန်မာအစိုးရက ဒီကိစ္စ အရေးယူဆောင်ရွက်လာနိုင်ကြောင်း Human Rights Watch လူ့အခွင့်ရေး အဖွဲ့က သုံးသပ်ပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်ရေး ကန်လွှတ်တော်အမတ် ၁၁ ဦး Pompeo ထံစာပို့
ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်ရေး ကန်လွှတ်တော်အမတ် ၁၁ ဦး Pompeo ထံစာပို့

ထောင်ဒဏ်ပြစ်ဒဏ် ၇ နှစ်စီကျခံနေရတဲ့ ရိုက်တားစ် သတင်းထောက် ၂ ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ချွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးရေးအတွက် အမေရိကန် သမ္မတ Donald Trump အစိုးရ အဖွဲ့အနေနဲ့ မြန်မာအပေါ် စီးပွါးရေး အရ အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ဖို့ အပါအဝင် အမေရိကန်ဘက်က လုပ်နိုင်တဲ့ နည်းလမ်းအားလုံးကို သုံးပေးဖို့ အထက်လွှတ်တော်အမတ် ၁၁ ယောက် က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ထံကို စက်တင်ဘာလ ၁၁ ရက်နေ့က စာတစောင် ရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံနဲ့ ဆက်စပ်ဆွေးနွေးပွဲတွေအတွင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်နဲ့ သြဂုတ်လ ၄ ရက်နေ့မှာ သီးခြားတွေ့ဆုံဆွေးနွေးခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Pompeo က သတင်းထောက် ၂ ယောက်အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှု ရှိကြောင်ပြောကြားခဲ့သလို သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ်လို့လည်း သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဒီသတင်းထောက်တွေအတွက် စိုးရိမ်မှုရှိတဲ့ ဝန်ကြီး Pompeo ဆီကို အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက အမတ်တွေဖြစ်တဲ့ ရီပတ်ဘလစ်ကင်ပါတီက Marco Rubio နဲ့ ဒီမိုကရက်တစ်ပါတီက Jeffery A Merkley တို့အပါအဝင် ရီပတ်ဘလစ်ကင်အမတ် ၅ ယောက်နဲ့ ဒီမိုကရက်တစ်အမတ် ၆ ယောက်တို့ လက်မှတ်ရေးထိုးပြီး စာပေးပို့ခဲ့တာဖြစ်ပါတယ်။

အခုလို သြဇာကြီးတဲ့ အဖွဲ့က တိုက်တွန်းတာမို့ ထိရောက်မှု တစုံတရာ ရှိလာနိုင်တယ်လို့ သုံးသပ်သူကတော့ Human Rights Watch လူ့အခွင့်ရေး အဖွဲ့က အာရှရေးရာ ဒါရိုက်တာ Brad Adams ပါ။

"ဒီအဖွဲ့ထဲက ပုဂ္ဂိုလ်တွေဟာ သိပ်ကို သြဇာကြီးတဲ့သူတွေမို့ သူတို့ပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက သေသေချာချာ နားထောင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ နှစ်ပေါင်းများစွာ သူတို့ကို အထောက်အကူ ပေးခဲ့သူတွေပါ။ သူတို့ ထောင်ကျနေချိန် လွတ်မြောက်အောင်၊ မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် လုပ်ပေးခဲ့သူတေပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း လူ့အခွင့်အရေးအတွက် နှစ်ပေါင်းများစွာ လုပ်လာခဲ့သူပါ။ ဒါကြောင့် ဒီပုဂ္ဂိုလ်တွေရဲ့ ပြောကြားချက်တွေ ထိရောက်မယ်လို့ထင်ပါတယ်။"

ရိုက်တားစ် သတင်းဌာနက မြန်မာသတင်းသမား ၂ ယောက်ကို ထောင်ဒဏ် ၇ နှစ်စီ အပြစ်ပေးခဲ့ချိန်မှာပဲ ဒီလိုအပြစ်ပေးခဲ့တဲ့ တရားရုံး စီရင်ချက်ကို ပြန်လည် ပြင်ဆင်ပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမေရိကန် ဒုသမ္မတ Mike Pence ကလည်း တိုက်တွန်းခဲ့ပါတယ်။

သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ဟာ ထောင်ဒဏ် အပြစ်ပေးရမယ့်သူတွေ မဟုတ်ဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့သူတွေအဖြစ် ဂုဏ်ပြုထိုက်သူတွေဖြစ်ကြောင်း အမေရိကန်ဒုသမ္မတက ပြောကြားခဲ့တာပါ။ ဘာသာရေးနဲ့ သတင်းလွတ်လပ်ခွင့်တွေဟာ ခိုင်မာတဲ့ ဒီမိုကရေစီစနစ်မှာ မရှိမဖြစ် လိုအပ်ကြောင်း ပြောဆိုခဲ့သလို၊ သတင်းထောက် ၂ ယောက်ကို ထောင်ဒဏ်အပြစ်ပေးလိုက်တဲ့အတွက် စိတ်အနှောက်အယှက် ဖြစ်ရကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အခုလို အမေရိကန် ဒုသမ္မတရဲ့ ပြောကြားချက်ဟာ မြန်မာ့အရေးကို အမေရိကန်က အရေးတယူဆောင်ရွက်နေကြောင်း ပြသနေတယ်လို့ Brad Adams က ရှုမြင်ပါတယ်။

“Mike Pence ကို သူ့ရဲ့ ရီပတ်ဘလစ်ကင်ပါတီထဲက လူတွေကတိုက်တွန်းခဲ့တဲ့ အတွက် အခုလို ပြောကြားတာဖြစ်နိုင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သမ္မတ Trump က အမေရိကန်မှာရော တခြားနိုင်ငံတကာမှာပါ လူ့အခွင့်ရေးကို မြှင့်တင်အားပေးတာ မရှိတဲ့ အတွက် အထူးသဖြင့် ဒီသတင်းထောက် ၂ ယောက် အရေးအတွက် လုပ်ဆောင်တာမရှိပါဘူး။ ဒါပေမယ့် ဒုသမ္မတက သမ္မတအိမ်ဖြူရဲ့ ထောက်ခံမှုနဲ့ လုပ်နိုင်တဲ့ နည်းလမ်းကို ရှာပြီးလုပ်တာမို့ ဒါဟာ သိပ်ကို အရေးကြီးပါတယ်။ ဒါက ဘာကို ပြနေသလဲ ဆိုတော့ ရီပတ်ဘလစ်ကင်ပါတီရဲ့ အထက်နဲ့ အောက်လွှတ်တော်က အရေးယူလုပ်ဆောင်ဖို့ အမေရိကန် အစိုးရအနေနဲ့ မီးစိမ်းပြလိုက်တဲ့ သဘောပါ။”

ဝန်ကြီး Pompeo ဆီရေးသားပေးပို့တဲ့ စာထဲမှာ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို စုံစမ်းဖေါ်ထုတ် သတင်းရေးသားတဲ့ သတင်းထောက် ၂ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ အပြစ်ပေးခဲ့တာ ဖြစ်ပြီး သူတို့ ၂ ဦးကို အခုလို အပြစ်ပေးတာဟာ သတင်းလွတ်လပ်ခွင့် ကိုပါ ဖိနှိပ်နေတယ် ဆိုတာကို ပြသနေကြောင်းနဲ့ မစ္စတာ Pompeo ဟာအရင်ကလည်း ဒီကိစ္စကို မြန်မာဝန်ကြီး ဦးကျော်တင်ကို တင်ပြပြီး သတင်းထောက် ၂ ယောက်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ပြောကြားခဲ့သလို အခုလည်း ဒီကိစ္စကို ဆက်လက် ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

အခု စက်တင်ဘာလကုန် ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာ ကျင်းပချိန်မှာ မြန်မာနိုင်ငံက ဝန်ကြီးဦးကျော်တင် လည်း တက်ရောက်ဖို့ ရှိတာမို့ ညီလာခံမတိုင်ခင် ဝန်ကြီး Pompeo ကို အထက်လွှတ်တော်အမတ်တွေက စာရေးသားပေးပို့ ပြီး အဆင့်မြင့် တွေ့ဆုံပွဲတွေမှာ ဖိအားပေး ပြောကြားဖို့နဲ့ အမေရိကန်ဘက်က အရေးယူဒဏ်ခတ်မှု အပါအဝင် တတ်နိုင်တဲ့ နည်းလမ်းပေါင်းစုံကို သုံးပြီး သတင်းထောက် ၂ ယောက် အမြန်ဆုံးချွင်းချက်မရှိ ပြန်လွှတ်ပေးရေးတောင်းဆိုဖို့ တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။

Michigan ပြည်နယ်က ဒီမိုကရက်တစ်အမတ် Sandy Levin ကလည်း ရိုက်တားစ် သတင်းထောက် ၂ ယောက်ကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်ပြီးလွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုဆိုင်ရာ သတင်းတွေရေးသားတဲ့ ရိုက်တာစ် သတင်းထောက် ၂ ယောက်ကို ထောင်ဒဏ်အပြစ်ပေးခဲ့တာကို ပြန်လွတ်အောင်လုပ်ပေးဖို့ မြန်မာနိုင်ငံက အရပ်သား ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို တောင်းဆိုတဲ့ အဆိုပြုချက်ကို လွှတ်တော်အမတ် Sandy Levin က အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီထံကို သောကြာနေ့ကပဲ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံ့ခေါင်းဆောင်တဦးရဲ့ လုပ်ပိုင်ခွင့် အာဏာသုံးပြီး လွှတ်ငြိမ်းချမ်းသာခွင့်ပေးရေး လုပ်ဆောင်ဖို့ပါ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG