အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis က သူရာထူးကနေနုတ်ထွက်မယ်လို့ ကြာသပတေးနေ့တုန်းက ကြေညာခဲ့ ပြီး အိမ်ဖြူတော်မှာ သမ္မတဒေါ်နလ်ထရမ့်နဲ့အတူ နေ့လည်စာစားအပြီး နုတ်ထွက်စာကို သူကိုယ်တိုင် သမ္မတထရမ့်ကို ပေးခဲ့တာလို့ဆိုပါတယ်။
ကာကွယ်ရေးဝန်ကြီး Mattis ရဲ့သမ္မတကိုပေးခဲ့တဲ့စာထဲမှာ အထူးသဖြင့်အမေရိကန်ရဲ့ အင်အားကို အသုံးပြုမှုနဲ့ မဟာမိတ်တွေနဲ့ဆက်ဆံမှုဟာအရေးကြီးတယ်ဆိုတဲ့ အမြင်တွေမှာ သူနဲ့သမ္မတအကြား အမြင်ကွဲလွဲမှုတွေရှိ နေတယ်လို့ ရေးသားထားပါတယ်။
မဟာဗျူဟာအကျိုးစီးပွါးတွေကြောင့်တင်းမှုတွေတိုးမြင့်လာနေချိန်မှာမဟာမိတ်နိုင်ငံတွေနဲ့ ဆက်ဆံရေး ဟာ ခိုင်မာပြတ်သားဖို့လိုတယ်လို့လည်း ကာကွယ်ရေးဝန်ကြီး Jim Mattis က ရေးသားပါတယ်။ ရုရှားနဲ့ တရုတ်နိုင်ငံ တွေက အာဏာရှင်ဆန်ဆန် ကမ္ဘာမှာလွှမ်းမိုးလာနေမှုကိုလည်း ကာကွယ်ရေး ဝန်ကြီး Jim Mattis က သတိ ပေးထားပါတယ်။ အခုလိုကိစ္စတွေမှာ သမ္မတအနေနဲ့ ကာကွယ်ရေး ဝန်ကြီးရဲ့အမြင်နဲ့တူညီဖို့ကောင်းတဲ့ အကြောင်း၊ သူ့အနေနဲ့ ရာထူးကနေ နုတ်ထွက်တာဟာ မှန်ကန်တဲ့လုပ်ရပ်လို့ယုံကြည်တဲ့အကြောင်း သမ္မတထရမ့်ကိုပေးခဲ့တဲ့စာထဲမှာ ကာကွယ်ရေးဝန်ကြီး Jim Mattisကရေးသားထားပါတယ်။
ဆီးရီးယားနိုင်ငံမှာရှိနေတဲ့အမေရိကန်တပ်ဖွဲ့ဝင်၂ ထောင်လောက်ကို ပြန်ရုပ်သိမ်းမယ်လို့ သမ္မတထရမ့်က ကြေညာခဲ့ပြီးနောက်တရက်မှာပဲ ကာကွယ်ရေးဝန်ကြီး Jim Mattis နုတ်ထွက်မယ်လို့ဆုံးဖြတ်ခဲ့တာပါ။