တရုတ်သွင်းကုန်တွေအပေါ် အမေရိကန်က အခွန်တိုးမြင့်ကောက်ခံသွားမယ်လို့ သမ္မတ Donald Trump က ကြေညာလိုက်တာကြောင့် တရုတ်နဲ့အမေရိကန်ကြားက ကုန်သွယ်ရေး စစ်ပွဲဟာ သောကြာနေ့မှာ အရှိန်မြင့်လာခဲ့ပါတယ်။
အမေရိကန် သမ္မတ Donald Trump က ဒေါ်လာ ဘီလီယံ ၂၅၀ တန်ဖိုးရှိတဲ့ တရုတ်နိုင်ငံက သွင်းကုန်တွေအပေါ် အောက်တိုဘာလမှာ စတင် ကောက်ခံမယ့် အခွန်ကို ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ တိုးမြင့် ကောက်ခံမယ်လို့ သောကြာနေ့မှာ ကြေညာခဲ့တာပါ။
ဒါ့အပြင် တရုတ်ကုန်ပစ္စည်းတွေအပေါ် စက်တင်ဘာ ၁ ရက်နေ့ကစပြီး ကောက်ခံမယ့် အခွန်ကိုလည်း ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ ထပ်တိုးမယ်လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ အဲဒီ တရုတ် ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးကတော့ ဒေါ်လာ ဘီလီယံ ၃၀၀ ရှိပါတယ်။
အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံ တန်းဖိုးရှိတဲ့ အမေရိကန် ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်အခွန် တိုးမြှင့်ပြီး အမေရိကန်ကားတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်မယ်လို့ တရုတ်နိုင်ငံက ကြေညာပြီးတဲ့နောက်မှာ သမ္မတ Donald Trump က အခုလို တုန်ပြန် ကောက်ခံကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။
မကြာသေးခင် နာရီပိုင်း အတွင်းကတော့ အမေရိကန် ကုမ္ပဏီတွေအနေနဲ့ တရုတ်နို်င်ငံ ပြင်ပကနေ တစ်ခြား နည်းလမ်းတွေ ချက်ချင်း ရှာကြံကြဖို့ သမ္မတ Trump က အမိန့် ပေးလိုက်ပါတယ်။ ဘယ်လို အာဏာကို အသုံးပြုပြီး ဒီအမိန့်ကို ပေးသလဲဆိုတာကို သမ္မတက ရှင်းလင်းပြောကြားခြင်း မရှိပေမဲ့ တရုတ်က အခွန်တိုးကောက်တဲ့ကိစ္စကို သောကြာနေ့မှာ တုန့်ပြန်မယ်လို့တော့ ပြောထားပါတယ်။
သူရဲ့ တွစ်တာ လူမှုကွန်ယက်ကနေ ရေးသားချက်တွေမှာ အမေရိကန် ကုမ္ပဏီတွေကို အမိမြေကို ပြန်လာကြဖို့လည်း ပါရှိပါတယ်။
သမ္မတ Trump နဲ့ တရုတ်အစိုးရတို့ရဲ့ အခုလို ကြေညာချက်တွေကြောင့် ငွေကြေးဈေးကွက် မတည်မငြိမ် ဖြစ်သွားခဲ့ပါတယ်။ နယူးယောက် အစုရှယ်ယာဈေး Dow Jones ဟာ အမှတ် ၆၂၀ ကျော်ကျပြီး ပိတ်ခဲ့လို့ ၂.၃ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ပါတယ်။