အမေရိကန်ပြည်ထောင်စုက ပေးမယ့် ဖွံ့ဖြိုးရေးအကူအညီ အစီအစဉ်အရ အကူအညီကို လက်ခံတဲ့ နိုင်ငံတွေအနေနဲ့ ဒီမိုကရေစီအရေးကို ထောက်ခံအားပေးပြီး အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်ရမယ်ဆိုတဲ့ ကန့်သတ်ချက် ပါဝင်တာကြောင့် အဲဒီ အကူအညီကို လက်မခံဘူးလို့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က ငြင်းပယ်လိုက်ကြောင်း အမေရိကန်နဲ့ ဖိလစ်ပိုင် တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ပြောပါတယ်။
ဆင်းရဲတဲ့နိုင်ငံတွေမှာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ စီးပွားရေး လွတ်လပ်ခွင့်တွေ ပေါ်ပေါက်လာရေးတို့အတွက် Millennium Challenge Corporation – MCC ဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန်ပြည်ထောင်စုက ထောက်ပံ့ငွေတွေ အများအပြား ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် ၂၀၁၀ ခုနှစ်မှာ MCC က အမေရိကန်ဒေါ်လာ ၄၃၃ သန်းကျော် အကူအညီ ပေးခဲ့ပြီးတဲ့နောက် ဒုတိယအကြိမ်မြောက် အကူအညီပေးမယ့် အစီအစဉ်အတွက် ဆက်လက် ဆွေးနွေးခြင်းမပြုဖို့ ဖိလစ်ပိုင်အစိုးရဘက်က ဆုံးဖြတ်ခဲ့ကြောင်း သမ္မတ Duterte ရဲ့ ပြောခွင့်ရ Harry Roque က မနီလာမြို့မှာ ပြောပါတယ်။
Millennium Challenge Corporation အစီအစဉ်မှာ မပါဝင်တော့ဖို့ ဖိလစ်ပိုင်အနေနဲ့ ဆုံးဖြတ်လိုက်တယ်လို့ သူက ပြောပါတယ်။
ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ စီးပွားရေး လွတ်လပ်မှုတွေဟာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအတွက် အရေးအကြီးဆုံး အချက်တွေ ဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေကို အကူအညီ အထောက်အပံ့တွေ အလုံးအရင်းနဲ့ ပေးနိုင်ရေးအတွက် Millennium Challenge Corporation ကို အမေရိကန်လွှတ်တော်က ၂၀၀၄ ခုနှစ်မှာ စတင် ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ဒုတိယအကြိမ်မြောက် Millennium Challenge Corporation အစီအစဉ်မှာ ပါဝင်ဖို့ လျှောက်ထားခွင့်ရှိကြောင်း MCC က ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ ဖိလစ်ပိုင်းအစိုးရကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။