အမေရိကန် စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှု ပြဿနာတွေပိုပြီး ဆိုးလာတဲ့အကြောင်း ပင်တဂွန်စစ် ဌာနချုပ်ရဲ့ အစီရင်ခံစာသစ် တစောင်ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး ဒီပြဿနာတွေကို တင်းတင်းကျပ်ကျပ်ကိုင်တွယ် ဖြေရှင်းဖို့ ယာယီကာကွယ်ရေးဝန်ကြီး Patrick Shanahan ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
“ဒီပြဿနာတွေဟာ လက်ခံနိုင်စရာမရှိဘူး။ ကျနော်တို့ဟာ စည်းကမ်းတကျ လုပ်ဆောင်နေတာ မဟုတ်သလို ကိုယ့်ကိုယ်ကိုယ် ဒါမှမဟုတ် အချင်းချင်း ရည်မှန်းချက်တွေအတိုင်း လုပ်ဆောင်နေတာလည်းမဟုတ်ဘူး”လို့ ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိတွေ ဆီ ဗုဒ္ဓဟူးနေ့က ရေးသားထားတဲ့ ယာယီကာကွယ်ရေးဝန်ကြီး Patrick Shanahanရဲ့စာထဲမှာဖေါ်ပြထားပါတယ်။
အစီရင် ခံစာဟာ အမေရိကန် ကြည်းတပ်၊ရေတပ်၊လေတပ်နဲ့ မရိမ်းတပ်ဖွဲ့တွေအတွင်း စစ်တမ်းကောက်ယူပြီး တနှစ်ကို၂ကြိမ်ပုံ မှန်ထုတ်ပြန်တာဖြစ်ပြီး နောက်ဆုံး အစီရင်ခံစာအသစ်က ၂၀၁၈ခုနှစ် အတွက်ဖြစ်ပြီး စစ်တမ်းကောက်ယူမှုအရ လိင်းပိုင်း ဆိုင်ရာ စော်ကားမှုပေါင်း နှစ်သောင်းငါးရာလောက် ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့၂၀၁၆ခုနှစ်တုန်းက ထက် ၄၀% နှုန်းတိုးလာတာပါ။
အလိုမတူပဲလိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုတွေ အဓမ္မကျင့်ဖို့ကြိုးပမ်းမှု၊ ကိုင် တွယ်မှုတွေဖြစ်ပွါးခဲ့တာ ၂၀၁၆ခုနှစ်အတွင်း တသောင်းလေးထောင့်ကိုးရာလောက်ရှိခဲ့ပါတယ်။ အသက် ၁၇ကနေ ၂၄နှစ် အကြားရှိတဲ့ အမေရိကန်စစ်တပ်အတွင်းက အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကား နှောက်ယှက်မှုတွေ မှာ အန္တရယ်အများဆုံးကြုံခဲ့ရတယ်လို့ စစ်တမ်းကောက်ယူချက်တွေအရ သိရကြောင်း အမေရိကန်စစ်ဌာနချုပ်ရဲ့ အစီရင် ခံစာအသစ်မှာဖေါ်ပြထားပါတယ်။ လိင်ပိုင်းဆိုင်ရာအစော်ကားခံရမှု အနည်းဆုံးရှိတာက အမေရိကန်လေတပ်ဖြစ်ပါတယ်။ ၄ ရာခိုင်နှုန်း ရှိပါတယ်။ ၂၀၁၈ခုနှစ်အတွင်း အမျိုးသားတွေ အနေနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခံရတာ တစ်ရာခိုင်နှုန်း တောင်မရှိပါဘူး။