သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရွေးကောက်ပွဲ အာဆီယံ-အမေရိကန် ဆွေးနွေးမည်


“အမေရိကန်-အင်ဒိုနီးရှား Joint Commission” ခေါ် နှစ်နိုင်ငံဘက်ပေါင်းစုံကနေ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို တရားဝင် အကောင်အထည်ဖော်ကြဖို့ အစပြုတဲ့အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa တို့ဟာ မနေ့က အမေရိကန် နိင်ငံခြားရေး ဝန်ကြီးဌာနမှာတွေ့ဆုံခဲ့ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး ပိုမို ခိုင်မာအောင် ဘာတွေများ ဆွေးနွေးခဲ့ကြသလဲ ဆိုတာနဲ့ပတ်သက်ပြီး VOA သတင်းထောက် Suzanne Presto ပေးပို့ထားတဲ့ သတင်းလွှာနဲ့အတူ မနေ့က ဝါရှင်တန်က သီးခြားဆွေးနွေးပွဲတခုမှာ မိန့်ခွန်းပြောရာမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာများ ပြောသွားခဲ့သလဲ ဆိုတာတွေကို မနော်ရှိုးက အစီရင်ခံထားပါတယ်။

မနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa တို့ဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ စနစ်တကျ တိုးမြင့်လုပ်ဆောင်ဖို့ အစီအစဉ်ကို တရားဝင် အစပြုဖို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

US-Indonesia Joint Commission လို့ခေါ်တဲ့ နှစ်နိုင်ငံ ဘက်ပေါင်းစုံကနေ ပူးပေါင်းဆောင်ရွက်ကြမယ့် အစီအစဉ်ကို လုပ်ဆောင်ဖို့ နှစ်နိုင်ငံ သမ္မတတွေကြားမှာ သဘောတူညီခဲ့တဲ့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကတည်းကစလို့ နှစ်ဘက်စလုံးက ကြိုးစားပမ်းစား လုပ်ဆောင်လာခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်က ပြောပါတယ်။ ဒါ့အပြင် အင်ဒိုးနီးရှားဟာ အမေရိကန်နိုင်ငံ အတွက် ဘက်ပေါင်းစုံကနေ ပူးပေါင်းဆောင်ရွက်နိုင်မယ့် လုပ်ဖော်ကိုင်ဖက်ကောင်း မဟာမိတ်နိုင်ငံဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

“ကျမတို့ နှစ်နိုင်ငံစလုံး မတူကွဲပြားပြီး အရောင်အသွေးစုံတဲ့ လူမှုအဖွဲ့အစည်းတွေ ရှိတယ်။ ဒီလို မတူကွဲပြားတာတွေကို အပြန်အလှန် နားလည်ပေးပြီး အမျိုးသမီးနဲ့ လူနည်းစု အခွင့်အရေးကို လေးစားတဲ့ အစဉ်အလာ ရှိကြပါတယ်။ ကျမတို့အနေနဲ့ ပိုမို အောင်မြင်ကြီးပွားတဲ့ အရှေ့တောင်အာရှ ဒေသကို မြင်ချင်သလို ကမ္ဘာကြီး ပိုမိုငြိမ်းချမ်းဖို့လည်း မဖြစ်မနေ ဆောင်ရွက်လိုတဲ့ဆန္ဒ ရှိပါတယ်။ အင်ဒိုနီးရှားအနေနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက်အပြင် သဘာဝပတ်ဝန်ကျင် ထိမ်းသိန်းရေး၊ ရာသီဥတု ပြောင်းလဲမှုနဲ့ တခြား အရေးကြီးတဲ့ကိစ္စတွေ တော်တော်များများမှာ ကမ္ဘာကို အသိပေး လှုံ့ဆော်နေတာတွေ အတွက် ချီးကျူးပါတယ်။”

အမေရိကန်-အင်ဒိုနီးရှား ပူးတွဲကော်မရှင်အနေနဲ့ နှစ်နိုင်ငံကြား ကဏ္ဍ ၆ ခုမှာ ပူးပေါင်း ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ အဲဒါတွေကတော့ ဒီမိုကရေစီ၊ သဘာဝပတ်ဝန်းကျင်၊ လုံခြုံရေး၊ စွမ်းအင်၊ ပညာရေးနဲ့ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုတို့ပဲ ဖြစ်ပါတယ်။ အဲဒီထဲမှာမှ ပညာရေး ပူးပေါင်း ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး အထူး စိတ်လှုပ်ရှားရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillay Clinton က ပြောခဲ့ပါတယ်။

“ကျမတို့အနေနဲ့ အမေရိကန်မှာ ပညာသင်တဲ့ အင်ဒိုနီးရှား ကျောင်းသား အရေအတွက်ကို တိုးစေမှာဖြစ်သလို အင်ဒိုနီးရှားမှာ ပညာ သင်ယူမယ့် အမေရိကန် ကျောင်းသားတွေ တိုးလာအောင် ပူးပေါင်း ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန် ထုတ်ကုန် သွင်းကုန် ဘဏ်ကနေပြီး အင်ဒိုနီးရှားဘဏ် ၁၁ ခု ပူးပေါင်းပြီး အမေရိကန် ဒေါ်လာ သန်း ၁ ထောင် အကြွေးထုတ်ချေးပေးမယ့် အစီအစဉ် အပါအဝင် နှစ်နိုင်ငံ ကုန်သွယ်ရေးကို နှစ်ဆတိုးနိုင်အောင် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။”

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Natalegawa ကလည်း ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနှစ်နိုင်ငံ အခုလို ဘက်ပေါင်းစုံကနေ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြင့် လုပ်ဆောင်နိုင်ဖို့ ဆောင်ရွက်ရာမှာ လက်တွေ့အောင်မြင်မှုတွေ ရရှိအောင် သန္နိဌာန်ချထားတယ်လို့ ပြောခဲ့ ပါတယ်။

“ကျနော့်အနေနဲ့ ပညာရေးနဲ့ တခြားကဏ္ဍတွေ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ရာသီဥတု ပြောင်းလဲမှုနဲ့ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စတွေမှာ တကယ်ပဲ ပူးပေါင်း ဆောင်ရွက်ကြရေး အတွက် ကြိုးစားမှာ ဖြစ်ပါတယ်။ ခုလို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကနေ တိုးတက်မှုတွေ ပုံမှန်နဲ့ ဖြစ်နိုင်ရင် တမုဟုတ်ချင်းတိုးတက်မှုတွေရှိလာအောင်တောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။”

ဝန်ကြီးနှစ်ဦးကြား ဆွေးနွေးပွဲအဆုံးမှာတော့ နှစ်ဘက်စလုံးက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှာ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ တိုးတက်မှု ရှိအောင်လုပ်ဖို့ အရေးကြီးကြောင်း ပြောခဲ့ပါတယ်။ ဒီနှစ်နိုင်ငံ ပူးတွဲကော်မရှင် အစီအစဉ်ကို အင်ဒိုနီးရှားမှာ ၂၀၁၁ ခုနှစ်မှာ စတင်မှာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက မနေ့က ဝါရှင်တန်မြို့တော်က သီးခြား ဆွေးနွေးပွဲတခုမှာ မိန့်ခွန်းပြောရာမှာ မြန်မာနိုင်ငံမှာ နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရရဲ့ သဘောထားကို ခုလို ပြောသွားပါတယ်။

“မြန်မာနိုင်ငံ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ကြည့်တဲ့သူအပေါ်မှာ တည်ပါလိမ့်မယ်။ ရေတဝက်ပဲ ရှိတယ်လို့ မြင်လို့ရသလို ရေတဝက်တောင် လျော့နေတယ်လို့လည်း မြင်လို့ရပါတယ်။ မြန်မာအစိုးရအနေနဲ့ သူတို့ကိုယ်တိုင် ကတိပြုထားသလို လွတ်လပ်မျှတပြီး အားလုံး ပါဝင်နိုင်မယ့် ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ အဲဒီလိုဖြစ်အောင်လည်း ကျနော်တို့ တိုက်တွန်းနေပါတယ်။ မြန်မာအစိုးရကလည်း သူတို့ကတိပေးထားတဲ့အတိုင်း လုပ်သွားမယ်ဆိုပြီး အကြိမ်ကြိမ် ပြောထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာလည်း အာဏာရှင်စနစ် နှစ် ၃၀ နီးပါး ကြာပြီးတဲ့နောက် ပထမဆုံးလုပ်တဲ့ ရွေးကောက်ပွဲဟာ အခုနောက်ဆုံးလုပ်တဲ့ ၂၀၀၄ ခုနှစ်၊ ၂၀၀၉ ခုနှစ်က ရေးကောက်ပွဲတွေနဲ့ ပုံစံမတူပါဘူး။ ဒါပေမဲ့ အဲဒီရွေးကောက်ပွဲဟာ အပြောင်းအလဲ အတွက် ပထမဆုံးအဆင့် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလုပ်မယ့် ရွေးကောက်ပွဲနဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ အပြောင်းအလဲအတွက် အစိတ်အပိုင်းတရပ် ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။”

ဆက်လက်ပြီး မစ္စတာ Natalegawa က လာမယ့် သောကြာနေ့ နယူးယောက်မြို့မှာ ကျင်းပမယ့် ဒုတိယအကြိမ်မြောက် အမေရိကန်နဲ့ အာဆီယံ ခေါင်းဆောင်တွေ အစည်းအဝေးမှာလည်း မြန်မာနိုင်ငံမှာ ကျင်းပမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အဓိကထား ဆွေးနွေးသွားဖို့ ရှိတယ်လို့ ပြောခဲ့ပါတယ်။

XS
SM
MD
LG