ပြီးခဲ့တဲ့ နိုဝင်ဘာလက အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ မဲပေးခွင့်မရှိသူတွေ သန်းနဲ့ချီပြီး မဲပေးခဲ့ကြတာကြောင့် သူ့အနေနဲ့ Popular Vote လို့ခေါ်တဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲအများဆုံး မရခဲ့ခြင်းဖြစ်တယ်ဆိုတာကို သမ္မတ Donald Trump ယုံကြည်နေဆဲဖြစ်ကြောင်း အိမ်ဖြူတော်က အင်္ဂါနေ့မှာ ပြောပါတယ်။
သမ္မတ Trump အနေနဲ့ အဲဒီအတိုင်း ယုံကြည်နေဆဲဖြစ်ကြောင်း အိမ်ဖြူတော်ပြောခွင့်ရ Sean Spicer က သတင်းထောက်တွေကို ပြောပါတယ်။ အမေရိကန်နိုင်ငံအတွင်းမှာ ရောက်နေကြတဲ့ မဲပေးခွင့်မရှိသူ ၃ သန်းကနေ ၅ သန်းအကြားဟာ ပြိုင်ဘက် ဒီမိုကရက် သမ္မတလောင်း Hillary Clinton ကို မဲပေးခဲ့ကြကြောင်း အကြောင်းအချက် မမှန်ကန်တဲ့အချက်ကို လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် Trump က ထပ်မံ ပြောကြားပြီး နောက်တနေ့မှာပဲ အိမ်ဖြူတော် ပြောခွင့်ရ Spicer က သတင်းထောက်တွေကို ပြောလိုက်တာပါ။
ရွေးကောက်ပွဲကော်မရှင် အရာရှိတွေကတော့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ အထောက်အထားကို မတွေ့ရကြောင်း၊ အထူးသဖြင့် Trump ကိုးကား ပြောဆိုနေတဲ့ အတိုင်းအတာနဲ့ ဖြစ်နိုင်ခြေ မရှိကြောင်း ပြောပါတယ်။
ရီပတ်ဘလီကန်ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်မှု ပြုလုပ်စဉ်က Trump ကို ရှုံးနိမ့်ခဲ့တဲ့ မြောက် Carolina ပြည်နယ် အထက်လွှတ်တော်အမတ် Lindsey Graham ကတော့ - Trump အနေနဲ့ ဒီကိစ္စကို ထပ်ခါတလဲလဲ မပြောသင့်တော့ကြောင်း၊ တကယ်လို့ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ သူ့အနေနဲ့ ယုံကြည်နေဆဲဆိုရင်လည်း ဘာကြောင့် အဲဒီလို ပြောရတယ်ဆိုတဲ့ သက်သေအထောက်အထားကို ဖော်ထုတ် ပြသသင့်ကြောင်း အင်္ဂါနေ့မှာ ပြောပါတယ်။
ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton က တနိုင်ငံလုံးအတိုင်းအတာနဲ့ Trump ထက် မဲအရေအတွက် ၃ သန်းနီးပါး ပိုရရှိခဲ့တာ ဖြစ်ပါတယ်။