တရုတ်နိုင်ငံကနာမည်ကြီး လူကြိုက်များတဲ့ TikTok App တွေကို အမေရိကန်အောက်လွှတ်တော်ရဲ့ ဖုန်းတွေမှာ အသုံးပြုခွင့်ပိတ်ပင်လိုက်တယ်လို့ အောက်လွှတ်တော်အုပ်ချုပ်ရေးရုံး ကပြောပါတယ်။ အမေရိကန်အစိုးရနဲ့ဆက်စပ်နေတဲ့ ပစ္စည်း အားလုံးမှာပါ ပိတ်ပင်မယ့် ဥပဒေတရပ် မကြာခင်ထွက်လာတော့မယ်လို့လည်း ပြောပါတယ်။ လုံခြုံရေးနဲ့ပတ်သက်ပြီး အန္တရာယ်များလှတဲ့အတွက် အောက်လွှတ်တော်ရဲ့ကြီးကြပ်မှုအောက်က အီလက်ထရောနစ်ပစ္စည်းတွေအားလုံးကနေ TikTok App ကိုဖျက်ပစ်ဖို့ အောက်လွှတ်တော်အမတ်တွေနဲ့ ဝန်ထမ်းအားလုံးကို အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ CAO က အင်္ဂါနေ့မှာ အကြောင်းကြားခဲ့တာပါ။
Beijing အခြေစိုက် ByteDance လီမီတက်ပိုင် TikTok App တွေကို ပြည်နယ်အစိုးရပိုင် ပစ္စည်းတွေကနေ အသုံးပြုမပြုဖို့ တားမြစ်ချက်တွေထွက်လာပြီးတဲ့နောက် အောက်လွှတ်တော်က ခုလိုဆောင်ရွက်လိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ထိ ပြည်နယ်အစိုးရ အုပ်ချုပ်မှုအောက်က အီလက်ထရောနစ်ပစ္စည်းတွေကနေ TikTok App အသုံးပြုမှု တစိတ်တပိုင်း တားမြစ်ထားတဲ့ ပြည်နယ် ၁၉ ခုထိ ရှိပါတယ်။
TikTok App ကိုအသုံးချပြီး တရုတ်အစိုးရက အမေရိကန်ပြည်သူတွေကို ခြေရာကောက်တာမျိုးတွေလုပ်လာမှာ စိုးရိမ်တဲ့အတွက် အဲဒီလိုတားမြစ်လိုက်တာပါ။ ပြီးခဲ့တဲ့တပတ်ကအထက်လွှတ်တော်က အတည်ပြုလိုက်တဲ့ အစိုးရအသုံးစားရိတ် ဒေါ်လာ ၁.၆၆ ထရီလီယံထဲမှာ ဖယ်ဒရယ်အစိုးရပိုင် အီလက်ထရောနစ်ပစ္စည်းတွေမှာ TikTok app တွေ တားမြစ်မယ့် သတ်မှတ်ချက်လည်းပါဝင်ပါတယ်။ သမ္မတ ဂျိုးဘိုင်ဒန်လက်မှတ်ထိုးအတည်ပြုပြီးရင်တော့ ဒီတားမြစ်ချက်တွေ ဥပဒေအဖြစ်အသက်ဝင်လာတော့မှာဖြစ်ပါတယ်။ TikTok ကတော့ ဒီကိစ္စနဲ့ပတ်သက်လိ့ု ချက်ချင်း တုန့်ပြန်ပြောဆိုတာမရှိသေးပါဘူး။ အမေရိကန်လွှတ်တော်အမတ်တွေကလည်း TikTok App ကို တနိုင်ငံလုံးမှာ တားမြစ်ဖို့ အကြံပြုတင်ပြထားကြပါတယ်။
Unicode