သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားကို ကန် နဲ့ EU ဒဏ်ခတ်အရေးယူမည်


ကမ္ဘောဒီးယားနိုင်ငံမှာ တခုတည်းသော အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသား ကယ်တင်ရေးပါတီ CNRP
ကမ္ဘောဒီးယားနိုင်ငံမှာ တခုတည်းသော အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသား ကယ်တင်ရေးပါတီ CNRP

ကမ္ဘောဒီးယားအစိုးရကသူ့ရဲ့ အဓိက အတိုက်အခံပါတီကို ဖျက်သိမ်းလိုက်တဲ့အတွက် အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ရဲ့ အရေးယူမှုတွေကို ရင်ဆိုင်ရဖို့ရှိနေပါတယ်။ ကမ္ဘောဒီးယားရွေးကောက်ပွဲအတွက် အမေရိကန်က ပံပိုးကူညီတဲ့ အစီအစဉ်ကို ရပ်ဆိုင်းလိုက်သလို ဥရောပသမဂ္ဂကလည်း သူရဲ့ ကုန်သွယ်ရေးဦးစားပေးမှု အစီအစဉ်ကို ရပ်တန့်ဖို့ အလားအလာရှိကြောင်း ကြေညာထားပါတယ်။

အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုဟာ ကမ္ဘောဒီးယားအစိုးရအပေါ်မှာ ထိရောက်မှုရှိနိုင်သလား၊ နိုင်ငံရဲ့ အဓိကဝင်ငွေဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းကို ထိခိုက်နိုင်သလား။ ဗွီအိုအေသတင်းထောက် Kann Vicheika ရဲ့ သတင်းလွှာကို မအင်ကြင်းနိုင်က တင်ပြမှာပါ။

ကမ္ဘောဒီးယားနိုင်ငံမှာ တခုတည်းသော အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသား ကယ်တင်ရေးပါတီ CNRP ကို ကမ္ဘောဒီးယား တရားရုံးချုပ်က ဖျက်သိမ်းလိုက်ကြောင်း ကြာသာပတေးနေ့က စီရင်ချက် ချလိုက်တဲ့အတွက်အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ပြင်းပြင်းထန်ထန် ဝေဖန်တုန့်ပြန်ခဲ့ကြတာပါ။

CNRP ပါတီဟာ အာဏာသိမ်းဖို့ ကြိုးပမ်းနေကြောင်း အာဏာရပါတီဖြစ်တဲ့ ကမ္ဘောဒီးယား ပြည်သူ့ပါတီ CPP က စွပ်စွဲ လျောက်ထားချက်ကို တရားရုံးချုပ်က CPP ဘက်ကနေ အခုလို စီရင်ဆုံးဖြတ်လိုက်တာဖြစ်ပြီး CNRP ပါတီဝင် ၁၁၈ ယောက်ကိုလည်း နောက် ငါးနှစ်အတွင်း နိုင်ငံရေးလှုပ်ရှားမှုတွေ မလုပ်ရဆိုပြီး ပိတ်ပင်ခဲ့ပါတယ်။

ဒါကြောင့် ကမ္ဘောဒီယားအစိုးရရဲ့အတိုက်အခံပါတီအပေါ် ဖိနှိပ်တဲ့ လုပ်ရပ်ဟာ အရပ်ဖက်အဖွဲ့အစည်းတွေအပေါ် ကန့်သတ်ပိတ်ပင်မှုတွေရှိကြောင်း ကမ္ဘာကို ပိုပြီး သက်သေပြသလိုက်တာဖြစ်တယ်လို့ နိုဝင်ဘာလ ၁၆ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အမေရိကန်သမ္မတ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် ဒီလုပ်ရပ်ကြောင့် နောက်နှစ်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲဟာ တရားဝင်မှုရှိမှာမဟုတ်တဲ့အပြင် လွတ်လပ်ပြီး တရားမျှတမှုရှိမှာလည်း မဟုတ်ဘူးလို့ လည်းဆိုပါတယ်။

ကမ္ဘောဒီယားအစိုးရကို ဖိအားပေးတဲ့အနေနဲ့ ၂၀၁၈ရွေးကောက်ပွဲအတွက် ကမ္ဘောဒီးယား အမျိုးသား ရွေးကောက်ပွဲကော်မရှင် ကို အမေရိကန်ပြည်ထောင်စုက ထောက်ပံနေတဲ့ အစီအစဉ်ကို ပထမ အဆင့်အနေနဲ့ ရပ်ဆိုင်းလိုက်ကြောင်း အိမ်ဖြူတော် ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ၂၀၁၇ခုနှစ်အတွင်း ကျင်းပမယ့် ဒေသန္တရရွေးကောက်ပွဲအတွက် အမေရိကန်ဒေါ်လာ ၁.၈ သန်း ထောက်ပံမယ့်အစီအစဉ်ကို ဒီနှစ် ဧပြီလကအမေရိကန်အစိုးရ ကြေညာခဲ့ပါတယ်။

ကမ္ဘောဒီးယား အမျိုးသားရွေးကောက်ပွဲကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ်ကတော့ အမေရိကန်ရဲ့ အကူအညီမပါလည်း ရွေးကောက်ပွဲကို ထိခိုက်မှုရှိမှာမဟုတ်ကြောင်းနဲ့ ကမ္ဘောဒီးယားအစိုးရအနေနဲ့ ရွေးကောက်ပွဲအတွက် ရံပုံငွေ အလုံအလောက်ရှိနေကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

အမေရိကန်အထက်လွှတ်တော်မှာ လည်း ကမ္ဘောဒီယားအစိုးရကို ဖိအားပေးဖို့ ကမ္ဘောဒီယားအရေး ဆုံးဖြတ်ချက်ချခဲ့ပြီး ဒီထက်မက ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ အမေရိကန်အစိုးရကို တိုက်တွန်းထားပါတယ်။ ကမ္ဘောဒီးယား အစိုးရအဆင့်မြင့်အရာရှိတွေကို ပစ်မှတ်ထားပြီး အမေရိကန်ရဲ့ SDN ခေါ် အထူး ဒဏ်ခတ် အရေးယူတဲ့ လူပုဂ္ဂိုလ်တွေစာရင်းထဲ ထည့်သွင်းဖို့ အကြံပြုထားပါတယ်။

၂၀၁၈ခုနှစ်ရွေးကောက်ပွဲမတိုင်ခင် ကမ္ဘောဒီယားအစိုးရဟာ အတိုက်အခံတွေ နှိမ်နင်းနေရာရာမှာ အခုလို တရားရုံးချက်ရဲ့ စီရင်ချက် မတိုင်ခင် အတိုက်အခံ CNRP ခေါင်းဆောင် Kem Sokha ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ စွပ်စွဲဖမ်းဆီးခဲ့သလို လွှတ်တော်အမတ်အများအပြားကိုလည်း ဖမ်းဝရမ်းထုတ်ခဲ့တာပါ။

အတိုက်အခံ ပါတီမရှိပဲ ကမ္ဘောဒီးယားရွေးကောက်ပွဲဟာ တရားဝင်မှုရှိမှာမဟုတ်ဘူးလို့ ဥရောပသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်က ကြာသာပတေးနေ့က ပြောကြားခဲ့သလို ဥရောပသမဂ္ဂက ကမ္ဘောဒီးယားနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ကုန်သွယ်ရေး ဦးစားပေးမှု အစီအစဉ်ဖြစ်တဲ့ EBA ခေါ် လက်နက်မှတပါး အခြားအရာအားလုံးကို ထောက်ပံတဲ့ အထူးအစီအစဉ်ကို ထိခိုက်မယ့် အလားအလားရှိကြောင်းပြောဆိုခဲ့ပါတယ်။ ဒီအစီအစဉ်အရ နှစ်ဖက်ကုန်သွယ်ရေးမှာ အခွန် ကင်းလွတ်ခွင့် ပြုထားတာဖြစ်ပါတယ်။ တကယ်လို့ ဥရောပသမဂ္ဂက ကုန်သွယ်ရေးအထူးအစီအစဉ်ကို ရပ်တန့်လိုက်မယ်ဆိုရင် ကမ္ဘောဒီးယားစီးပွားရေးကို အတော်လေး ထိခိုက်မှုရှိမှာဖြစ်တယ်လို့ ကမ္ဘောဒီယား အထည်ချုပ်လုပ်ငန်း အဖွဲ့ အထွေထွေအတွင်းရေးမှူး Ken Loo ကပြောပါတယ်။

“တကယ်လို့များ ဥရောပသမဂ္ဂဟာ ကုန်သွယ်ရေး ဦးစားပေးမှုအစီအစဉ်ကို ရုပ်သိမ်းခဲ့မယ်ဆိုရင် ကျနော်တို့ရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဥရောပသမဂ္ဂကို တင်ပို့နေတဲ့ ပို့ကုန် ၄၃, ၄၄ ရာခိုင်နှုန်းလောက်ထိ ကို ထိခိုက်မှုရှိပါလိမ့်မယ်။”

အလားတူ ကမ္ဘောဒီးယား နိုင်ငံရဲ့ အဓိက ဝင်ငွေဖြစ်တဲ့ ဈေးပေါ်တဲ့ လုပ်အားနဲ့ အထည်ချုပ်လုပ်ငန်းတွေ အတွက် အမေရိကန်ပြည်ထောင်စုက အများဆုံးအကူအညီပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘောဒီယားရဲ့ ပို့ကုန် ၆၀% လောက်ဟာ ဥရောပနဲ့ အမေရိကန်ဈေးကွက်တွေဆီကို တင်ပို့နေတာဖြစ်ပါတယ်။

တကယ်လို့များ အမေရိကန်နဲ့ ဥရောပတို့က ကမ္ဘောဒီယားအပေါ် EBA လို ကုန်သွယ်ရေး အထူးဦးစားပေး အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်မယ်ဆိုရင် လက်ရှိ ဝန်ကြီးချုပ် ဟွန်ဆန် ဦးဆောင်တဲ့ အစိုးရ ကို ထိခိုက်မှာ မဟုတ်ပဲ အထည်ချုပ်လုပ်ငန်းကို မှီခိုနေရတဲ့ ကမ္ဘောဒီးယားပြည်သူတွေကိုပဲ ထိခိုက်နိုင်တယ်လို့ နိုင်ငံတကာအရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။ အရင်က မြန်မာနိုင်ငံမှာလည်း အမေရိကန်ရဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုကြောင့် မြန်မာစစ်ဗိုလ်ချုပ်တွေအပေါ်မှာ ထိရောက်မှုမရှိပဲ အထည်ချုပ်လုပ်ငန်းတွေကိုပဲ ထိခိုက်ခဲ့ကြောင်း လန်ဒန် Queen Mary တက္ကသိုလ်ကရဲ့ နိုင်ငံတကာ နိုင်ငံရေးဘာသာရပ်ဆိုင်ရာ ပါမောက္ခ Dr. Lee Jones ကပြောပါတယ်။

“အထည်ချုပ်လုပ်ငန်းကို ပစ်မှတ်ထားခြင်းဟာ အဲဒီလုပ်ငန်းကိုမှီခိုနေရတဲ့ ကမ္ဘောဒီးယား လူမှုအသိုင်းအဝိုင်းကိုပဲ ထိခိုက်စေမှာဖြစ်ပြီး အစိုးရအပေါ်မှာ ဖိအားပေးဖို့ တကယ်တမ်း အထောက်အကူပြုမှာမဟုတ်ပါဘူး။ တကယ်တမ်းဆိုရင် ဆန်ကျင်ဘက် အကျိူးသက်ရောက်မှုဖြစ်နေပါတယ်။”

ဒါပေမယ့်လို့ ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုမျိုးကတော့ ပိုကောင်းပေမယ့် အစိုးရတခုလုံးရဲ့ အပြုအမူကိုပြောင်းလဲဖို့ ထိရောက်အောင် လုပ်နိုင်မှာတော့ မဟုတ်ကြောင်း ပါမောက္ခ Dr. Lee Jones ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG