(Zawgyi / Unicode)
နိုဝင်ဘာရွေးကောက်ပွဲမှာ သမ္မတ Donald Trump ကို ဒီမိုကရက်တစ်ပါတီက Joe Biden က အနိုင်ရကြောင်း Electoral College လို့ခေါ်တဲ့ သမ္မတရွေးချယ်ရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်မဲတွေ အတည်ပြုဖို့ ဗုဒ္ဓဟူးနေ့မှာ အခမ်းအနားနဲ့ ကျင်းပမှာဖြစ်ပြီး ဒါကို အောက်လွှတ်တော်က ရီပတ်ဘလစ်ကန် အမတ် ၁၀၀ ကျော်နဲ့ အထက်လွှတ်တော်အမတ် တဒါဇင်လောက်က ကန့်ကွက်မှာဖြစ်ကြောင်း ပြောနေပါတယ်။
ဗုဒ္ဓဟူးနေ့ အခမ်းအနားဟာ ၄၆ ဆက်မြောက် သမ္မတအတွက် ဇန်နဝါရီ ၂၀ ရက် ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင် အမေရိကန်သမ္မတ ရွေးကောက်တင်မြှောက်ရာမှာ နောက်ဆုံးအဆင့်အဖြစ် Joe Biden ကိုယ်စားလှယ်မဲ ၃၀၆ မဲ၊ သမ္မတက ၂၃၂ မဲ ရထားတာကို အတည်ပြုပေးတဲ့ပွဲ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမဲရလဒ်ကို ပြောင်းလဲစေဖို့အတွက် Mr. Biden အနိုင်ရမှုကို လွှတ်တော် ၂ ရပ်စလုံးက လက်မခံမှသာ ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရက်တွေ ကြီးစိုးထားတဲ့ အောက်လွှတ်တော်က Mr. Biden အနိုင်ရကြောင်း အတည်ပြုပေးဖို့ရှိသလို အထက်လွှတ်တော်မှာလည်း အလားတူ အတည်ပြုနိုင်ချေ ရှိနေပါတယ်။
သမ္မတ Trump ကတော့ သူရှုံးနိမ့်ရတာဟာ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေကြောင့် ဖြစ်ကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံ မပြဘဲ ပြောဆိုနေဆဲပါ။ သူ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတဲ့ ပြည်နယ်တွေမှာ တရားရေးအရ ဆောင်ရွက်တာတွေ လုပ်ခဲ့ပေမယ့်လည်း အရာမထင်ခဲ့ပါဘူး။
ဒုသမ္မတ Mike Pence ကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် သန်းပေါင်းများစွာက စိုးရိမ်မှုရှိကြောင်း စနေနေ့ညနေမှာ ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။
--------------------------
(Unicode)