အမေရိကန်ပြည်ထောင်စုက သင်္ဘောကျင်းလုပ်သားတွေနဲ့ ဆိပ်ကမ်းအာဏာပိုင်တွေကြား အလုပ်သမားရေးရာ ယာယီ သဘောတူညီမှုတရပ် ရရှိသွားပါတယ်။ အခုလို သဘောတူညီမှုရခဲ့တာကြောင့် အမေရိကန်အနောက်ဖက်ကမ်းရိုးတန်းက ဆိပ်ကမ်း ၂၉ ခုမှာ ကုန်ပစ္စည်း ကာဂိုတင်ပို့မှု နှောင့်နှေးကြန့်ကြာမှုတွေဖြစ်ခဲ့တာအပြင် အာရှဒေသနဲ့ ကုန်ပစ္စည်းပို့ဆောင့်ရေးမှာ အဟန့်အတားဖြစ်ခဲ့တဲ့ (၇) လတာ အငြင်းပွါးမှု သောကြာနေ့မှာ ပြီးဆုံးသွားခဲ့ပါတယ်။
Pacific Maritime အသင်းကြီးရဲ့ ဥက္ကဋ္ဌ James McKenna နဲ့ International Longshore and Warehouse လို့ခေါ်တဲ့ ဆိပ်ကမ်းအလုပ်သမားများသမဂ္ဂ ဥက္ကဋ္ဌ Bob McEllrath တို့ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အခုလို ယာယီသဘောတူညီချက် ရရှိခဲ့တာဟာ သင်္ဘောကျင်းလုပ်သားတွေနဲ့ ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းတခုလုံးအတွက် အပြုသဘောဆောင်တဲ့ လက္ခဏာတရပ်ဖြစ်ပြီး ဒီအပေါ် ကျေနပ်မိတယ်လို့ ဆိုပါတယ်။
ဒီသီတင်းပတ်အတွင်း ဆန်ဖရန်စစ္စကိုမှာ လေးရက်ကြာ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုအပေါ် အမေရိကန် အလုပ်သမားရေးရာဝန်ကြီး Thomas Perez ကလည်း စောင့်ကြည့်နေခဲ့ပါတာပါ။ အခုလို ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းခွင်က အကျပ်အတည်းကြောင့် အခက်အခဲတွေကြုံခဲ့ရတဲ့ အမေရိကန် အလုပ်သမား၊ လယ်သမားနဲ့ စီးပွါးရေးသမားတွေအပါအဝင် အမေရိကန်စီးပွားရေးအတွက် အခုနောက်ဆုံးရရှိခဲ့တဲ့ သဘောတူညီမှုဟာ စိတ်သက်သာစရာ ရခဲ့တဲ့အခြေအနေဖြစ်တယ်လို့ သမ္မတ အိမ်ဖြူတော်က ဆိုပါတယ်။
နောက်ဆုံး သဘောတူညီချက်ရဖို့ ကြိုးပမ်းနေစဉ်အတောအတွင်းမှာပဲ အမေရိကန် အနောက်ဖက်ကမ်းရိုးတမ်းက မထွက်ခွာနိုင်ဘဲ ပြည့်နှက်နေတဲ့ သင်္ဘောတွေကို အမြန်ဆုံး ပြန်လည် ရှင်းထုတ်ဖို့ သမ္မတ Barack Obamaက သက်ဆိုင်သူတွေအားလုံးကို တိုက်တွန်းထားတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရတဦးက ဆိုပါတယ်ခင်ဗျာ။