၂၀၂၀ သမ္မတ ရွေးကောက်ပွဲမှာ Donald Trump ကို အနိုင်ရဖို့ အတွက် ဘယ်သူဟာ အသင့်တော်ဆုံး ဖြစ်မလဲ ဆိုတဲ့ ဒီမိုကရက် သမ္မတလောင်း အရွေးခံမယ့်သူတွေရဲ့ ဒုတိယည စကားစစ်ထိုးပွဲမှာ ဒု သမ္မတဟောင်း Joe Biden က အဓိက နေရာမှာ ရှိနေပါတယ်။
တနိုင်ငံလုံး သဘောထား စစ်တမ်းတွေမှာလည်း Joe Biden ဟာ ထိပ်ဆုံးက ပြေးနေတာပါ။ ပြီးခဲ့တဲ့လက ပထမဆုံး ပြုလုပ်ခဲ့တဲ့ စကားစစ်ထိုးပွဲမှာတော့ Joe Biden ဟာ သိပ် အောင်အောင်မြင်မြင် မရှိခဲ့ဘူးလို့ ပြောရမှာပါ။
ကယ်လီဖိုးနီးယား အထက်လွှတ်တော် အမတ် Kamala Harris က လူမျိုးရေး ခွဲခြားမှု နောက်ကြောင်းနဲ့ ပတ်သက်ပြီး Joe Biden ကို စိန်ခေါ်ခဲ့ပါတယ်။ ဂျမေကာ ဖခင်၊ အိန္ဒိယ မိခင်တို့က မွေးဖွားခဲ့တဲ့ Harris က ကျောင်းကားတွေမှာ အဖြူ အမဲ မခွဲခြားဘဲ အတူစီးဖို့ စီမံကိန်းကို မစ္စတာ Biden လွန်ခဲ့တဲ့ နှစ် ၃၀ က ကန့်ကွက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရှင်းပြဖို့ စိန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အခါမှာ မစ္စတာ Biden က ထစ်ထစ် ငေ့ါငေါ့ ဖြစ်နေခဲ့တာပါ။ အမေရိကန် နိုင်ငံရေးမှာ နှစ်ပေါင်း ၄၀ နီးပါး ရှိလာခဲ့သူ ဖြစ်တဲ့ Joe Biden က ဒီတကြိမ်မှာတော့ ပိုပြီးတော့ တက်တက်ကြွကြွ လှုပ်ရှားမယ်လို့ ဆိုပါတယ်။
သမ္မတ Trump က အသက် ၇၃ နှစ် ရှိနေပြီ ဖြစ်ပေမယ့် အသက် ၇၆ နှစ် အရွယ် Joe Biden ဟာ သိပ်ကြီးလွန်းနေမလားလို့ စဉ်းစားနေသူတွေလည်းဘဲ ရှိနေကြပါတယ်။ တချိန်တည်းမှာဘဲ ကျန်းမာရေး၊ ရာဇဝတ်မှု တားဆီးရေး၊ မက္ကဆီကို နယ်စပ် လူဝင်မှု ကိစ္စတွေမှာ ပိုပြီး တက်ကြွတဲ့ အမြင်ရှိသူ ကိုလည်း ဒီမိုကရက်တွေက လိုချင်နေကြတာ ဖြစ်ပါတယ်။