အမေရိကန်အစိုးရ အသုံးစရိတ်အတွက် ချေးယူနိုင်မယ့်ငွေ ပမာဏတိုးဖို့ အစိုးရနဲ့ လွှတ်တော်ကြား သဘောတူညီမှု မရသေးပေမဲ့ ဇွန် ၅ ရက်နေ့အထိ အစိုးရလည်ပတ်လို့ ရနိုင်သေးတယ်လို့ ဘဏ္ဍာရေးဝန်ကြီးက ပြောလိုက်တာမို့ စိတ်သက်သာရာ ရစေခဲ့ပါတယ်။ အစောပိုင်းတုန်းက ဇွန်လ ၁ ရက်နေ့မှာမှ အစိုးရသုံးဖို့ ငွေထပ်မချေးနိုင်ရင် အသုံးစရိတ်ပြတ်ပြီး ဝန်ထမ်းတွေ လစာ မပေးနိုင်တာအပါအဝင် အစိုးရလုပ်ငန်းတွေ ထိခိုက်မယ့်အကြောင်း ဝန်ကြီး Janet Yellen ကပြောကြားထားခဲ့တာပါ။ ဒါပေမဲ့ ဇွန်လ ၅ ရက်အထိ အသုံးစရိတ်ရှိနိုင်တယ်လို့ ဝန်ကြီး Yellen က သောကြာနေ့က ခန့်မှန်းပြောကြားခဲ့တာပါ။
တကယ်လို့ အမေရိကန်အစိုးရက ချေးငွေတွေ ပြန်မဆပ်နိုင်တဲ့ အခြေအနေရောက်ရင် တကမာ္ဘလုံး စီးပွားရေးအပေါ် ဂယက်ရိုက်ခတ်မှာမို့ နိုင်ငံတကာကလည်း စောင့်ကြည့်နေကြပါတယ်။ သမ္မတ Joe Biden ကတော့ အစိုးရနဲ့ လွှတ်တော်ကြား အကြွေးထပ်ယူနိုင်ရေး သဘောတူညီမှုရမှာပါလို့ သောကြာနေ့ ညနေပိုင်းက အကောင်းမြင်ပြောကြားခဲ့ပါတယ်။
အသုံးစရိတ် ထပ်တိုးချေးယူနိုင်ဖို့ ဆွေးနွေးနေတာ အခြေအနေကောင်းနေပြီး သဘောတူညီမှုရမယ်လို့ သူ အကောင်းမြင်မျှော်လင့်တဲ့အကြောင်း သမ္မတ Biden ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိလွှတ်တော်က ချေးယူနိုင်တယ်လို့ သတ်မှတ်ထားတဲ့ ပမာဏ ဒေါ်လာ ၃၁.၄ trillion ဟာ ဇန်နဝါရီလထဲက ပြည့်သွားတာကြောင့် နောက်ထပ် ပမာဏတိုးချေးနိုင်ဖို့ လွှတ်တော်ခေါင်းဆောင်တွေနဲ့ အစိုးရကြား ညှိနှိုင်းဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ သမ္မတ Biden နဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ ရီပတ်ဘလစ်ကန် အမတ် Kevin McCarthy ကြား သဘောတူညီမှုရရှိဖို့ ညှိနှိုင်းသူတွေ သောကြာနေ့ ညပိုင်းအထိ အခြေအတင် ဆွေးနွေးခဲ့ကြပါတယ်။
ရီပတ်ဘလစ်ကန်တွေဘက်က အစိုးရအသုံးစရိတ်ကို သိသိသာသာ လျှော့ချရမယ်လို့ တောင်းဆိုနေပြီး ဒီမိုကရက်တွေဘက်ကလည်း တောင်းဆိုထားတဲ့ တချို့ကိစ္စတွေ မဖြစ်နိုင်ဘူးလို့ ပြောနေကြပါတယ်။ အစိုးရထောက်ပံကြေး ယူသူတွေအနေနဲ့ သတ်မှတ်ချိန်ပြည့်အောင် အလုပ်လုပ်မှသာ ထောက်ပံ့ကြေးရယူခွင့် သတ်မှတ်ဖို့ ရီပတ်ဘလစ်ကန်တွေဘက်က တောင်းဆိုထားတဲ့ကိစ္စမှာ အခြေအတင် ဖြစ်နေကြတာပါ။
ဒါပေမဲ့ နှစ်ဘက် အလျော့အတင်းလုပ်နေတာ သဘောတူမှု ရဖို့တော့နီးပြီလို့ သမ္မတ Biden ကတော့ အပြုသဘော မျှော်လင့်ပြောကြားနေပါတယ်။ တကယ်လို့ သဘောတူညီမှု အချိန်မီ မရရင်တော့ အမေရိကန်မိသားစုတွေအတွက် အကျပ်အတည်းတွေ၊ ပိုဆိုးလာနိုင်ပြီး ကမာ္ဘတဝန်း အမေရိကန်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ ကိုပါ ထိခိုက်လာနိုင်သလို၊ အမျိုးသားလုံခြုံရေး အကျိုးစီးပွား ကာကွယ်ရေးမှာပါ မေးခွန်းထုတ်စရာတွေ ဖြစ်လာနိုင်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး Janet Yellen က သတိပေး ပြောဆိုထားပါတယ်။