ဂျပန်မှာ ကျင်းပမယ့် ကမ္ဘာ့ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံ ၂၀ - G-20 ထိပ်သီး အစည်းအဝေးမှာ အမေရိကန်နဲ့ တရုတ် ခေါင်းဆောင်တို့ ကုန်သွယ်ရေး ကိစ္စ ဆွေးနွေးမယ်လို့ တရားဝင် အတည်ပြု ပြောဆိုလိုက်ကြပါတယ်။ တရုတ်နဲ့ အမေရိကန် ခေါင်းဆောင်ကြား အင်္ဂါနေ့က တယ်လီဖုန်းဆက် ဆွေးနွေးမှုက အပြုသဘောဆောင်ကြောင်း အမေရိကန် သမ္မတကလည်း ပြောဆိုပြီး နှစ်နိုင်ငံ စီးပွားရေးနဲ့ ကုန်သွယ်ရေး အဖွဲ့တွေ မကြေလည်မှုတွေကို ဆက်ပြီး ဆွေးနွေးဖို့ သဘောတူကြောင်းလည်း တရုတ်သမ္မတက ပြောဆိုလိုက်ပါတယ်။ Ken Bredemeier ရဲ့ သတင်းလွှာကို မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။
တရုတ် သမ္မတ Xi Jinping နဲ့ အင်္ဂါနေ့က တယ်လီဖုန်းဆက်သွယ် ပြောဆိုမှုမှာ အပေါင်းလက္ခာဏာ ဆောင်ပြီး ဂျပန်မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံ ၂၀ G-20 ခေါင်းဆောင်မှား ညီလာခံမှာ ကုန်သွယ်ရေး ကိစ္စ ထပ်ပြီး ဆွေးနွေးဖို့လည်း စီစဉ်ထားတယ်လို့ အမေရိကန် သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံ အနေနဲ့ သာတူညီမျှ ဆွေးနွေးညှိနှိုင်းဖို့ အရေးကြီးကြောင်း ဒီလိုမှ မဟုတ်ဘဲ တဖက်နဲ့ တဖက် တိုက်ခိုက်ရင်း ဆုံးရှုံးသွားလိမ့်မယ်ဆိုတာကို တရုတ်သမ္မတ Xi က အမေရိကန် သမ္မတ Trump ကို ပြောဆိုတဲ့ အကြောင်း တရုတ် နိုင်ငံပိုင် သတင်းအေဂျင်စီ Xinhua က ဖော်ပြပါတယ်။
အမေရိကန် ပြည်ထောင်စု အနေနဲ့ တရုတ် ကုမ္ပဏီတွေကို မျှမျှတတ ဆက်ဆံဖို့ မျှော်လင့်ကြောင်း၊ နှစ်နိုင်ငံ စီးပွားရေးနဲ့ ကုန်သွယ်ရေး အဖွဲ့တွေ အနေနဲ့ မပြေလည်မှုတွေကို ဖြေရှင်းနိုင်ရေး ဆက်ပြီး ဆက်သွယ်ဆောင်ရွက်သွားဖို့ သဘောတူကြောင်းလည်း တရုတ် သမ္မတ Xi ကပြောဆိုပါတယ်။ အမေရိကန် သမ္မတ Trump ကတော့ တရုတ် သမ္မတ Xi နဲ့ ဖုန်းဆက် ဆွေးနွေးမှုက သိပ်ပြီး ကောင်းမွန်ကြောင်း ပြောပါတယ်။ သူတို့ ဆွေးနွေးပွဲ မတိုင်မီ သက်ဆိုင်ရာ အဖွဲ့တွေက စပြီး ဆွေးနွေးကြမှာ ဖြစ်တယ်လို့လည်း သမ္မတ Trump က ထပ်လောင်း ပြောပါတယ်။
ကမ္ဘာ့ စီးပွားရေး အကြီးဆုံး နှစ်နိုင်ငံကြား ကုန်သွယ်ရေး ဆွေးနွေးပွဲတွေက သဘောတူညီချက် တခု ရလုရခင် အခြေအနေ ပေါ်ပေါက်လာပြီးနောက် ဒီသတင်းပတ်တွေ အတွင်းမှာဘဲ ရပ်ဆိုင်းသွားတာ ဖြစ်ပါတယ်။ နှစ်နိုင်ငံကြား သဘောတူညီဖို့ ရှိနေပြီလို့ အမေရိကန်ဘက်ကယုံကြည်ထားတဲ့ ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းတွေ ပေါ်ပေါက်မလာတာ တရုတ်ကြောင့်ဆိုပြီး အမေရိကန်က အပြစ်တင်ပါတယ်။ တရုတ်ဘက်ကတော့ ဒီအပေါ်မှာ ခါးခါးသီးသီး ပယ်ချပါတယ်။ ဒီအပေါ် အမေရိကန်က တရုတ်ကို အပြစ်တင်ပါတယ်။
လတ်တလော လပိုင်းတွေ အတွင်းမှာဘဲ အမေရိကန်နဲ့ တရုတ်တို့ ဒေါ်လာ ဘီလီယံ ရာနဲ့ချီတဲ့ သွင်းကုန်တွေ အပေါ် အပြန်အလှန် သွင်းကုန်ခွန်တွေ ကောက်ခံထားပြီး ဒေါ်လာ ၃၂၅ ဘီလီယံ တန်ဖိုးရှိ တရုတ်သွင်းကုန်တွေ အပေါ် နောက်ထပ် အခွန်ကောက်မယ်လို့ အမေရိကန်သမ္မတ Trump က ခြိမ်းခြောက်ထားပြီး ဒီလို အရေးယူမယ်ဆိုရင်တော့ အမေရိကန်ကို တင်ပို့နေတဲ့ တရုတ် ကုန်ပစ္စည်း အားလုံးပါဝင်မယ့်အနေအထား ဖြစ်ပါတယ်။
အမေရိကန် နဲ့ တရုတ် သမ္မတတို့ကြား အင်္ဂါနေ့ ဖုန်းဆက် မဆွေးနွေးခင်ထိတော့ နောက် သီတင်းပတ် ဂျပန်နိုင်ငံ အိုဆာကာမှာ ကျင်းပမယ့်သူတို့နှစ်ဦး ဆွေးနွေးပွဲက တရားဝင် အတည်မပြုနိုင်ခဲ့သေးပါဘူး။ အမေရိကန် သမ္မတ Trump က ဆွေးနွေးမယ်လို့ ပြောထားပေမယ့် တရုတ်ဘက်ကတော့ လူသိရှင်ကြား ထုတ်ပြောတာ မရှိခဲ့ပါဘူး။ တရုတ် သမ္မတ Xi ဘက်က ဆွေးနွေးဖို့ ငြင်းရင် ဒေါ်လာ ၃၂၅ ဘီလီယံ တန်ဖိုးရှိ တရုတ် ပို့ကုန်တွေ အပေါ် ချက်ချင်းဘဲ အခွန်ကောက်မယ်လို့ အမေရိကန် သမ္မတ Trump က ခြိမ်းခြောက်ခဲ့တာပါ။
အမေရိကန် သမ္မတ အိမ်ဖြူတော်ရဲ့ စီးပွားရေး အကြံပေး Larry Kudlow ကတော့ အခုလို ပြောပါတယ်။
“ ဉာဏပစ္စည်း မူပိုင်ခွင့် ခိုးယူမှု၊ နည်းပညာတွေ ဖိအားပေး လွှဲပြောင်းခိုင်းမှု၊ ဈေးကွက် ဖွင့်လှစ်မှုနဲ့ သွင်းကုန်ခွန်တို့နဲ့ ပတ်သက်ပြီး အခြေခံကစ ပြောင်းလဲဖို့ အတွက် အမေရိကန် ပြည်ထောင်စုက ဆက်ပြီး ဆွေးနွေးလိုနေတာပါ။ ကျနော်တို့မှာ အမြဲတမ်းရှိထားတဲ့ ခိုင်မာတဲ့သဘောတူညီချက်မျိုးကို ရဖို့ ကျနော်တို့က ကြိုးစားနေတာ ဖြစ်ပြီး ဒါက လုံးဝ အရေးကြီးပါတယ်။ ဒါကြောင့် ဒီကိစ္စတွေ အားလုံး ဆွေးနွေးဖို့ ရှိမှာပါ။ ”
အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်တော် Robert Lighthizer ကလည်း အင်္ဂါနေ့က အထက်လွှတ်တော် ကော်မတီရှေ့မှောက်မှာ တရုတ် ကုန်ပစ္စည်းတွေ အပေါ် အမေရိကန် ဘက်က အခွန်ကောက်နေတဲ့ ကိစ္စကို အခုလို ပြောဆိုသွားပါတယ်။
“ သွင်းကုန်ခွန် ကောက်ခံမှု တခုတည်းနဲ့ သူတို့ဘက်က လိမ်ညာနေတာတွေ ရပ်သွားစေမလားဆိုတာကတော့ မသိပါဘူး။ တခြားနည်းလမ်း ရှိတယ်လို့လည်း မထင်ပါဘူး။ ဆွေးနွေးပြောဆိုနေရုံနဲ့ အလုပ်မဖြစ်တာကတော့ သိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နှစ်ပေါင်း၂၀ လုပ်ခဲ့ပြီးပါပြီ။ ဒါကို အားလုံးလည်း သဘောတူမယ်လို့ ထင်ပါတယ်။ သဘောမတူဘူးဆိုရင်လည်း တခုခု လုပ်ကြရပါတော့မယ်။ သွင်းကုန်ခွန် ကောက်တာထက် ပိုကောင်းတဲ့ ကိစ္စ ရှိရင်လည်း ကျနော် သိချင်ပါတယ်။ အခုထိတော့ ဘာမှ မကြားရသေးပါဘူး။ ”
တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံကြား ကုန်သွယ်ရေး ဆွေးနွေးပွဲတွေ ပြန်စမယ်ဆိုတဲ့ သတင်းတွေကြောင်း အမေရိကန် စတော့ ဈေးကွက်မှာတော့ အတက်ပြနေပါပြီ။ အမေရိကန်နဲ့ တရုတ် ခေါင်းဆောင်တို့ နှစ်ဦးကြားမှာတော့ ကုန်သွယ်ရေး အပြင် မြောက်ကိုရီးယားဘက်က နျူကလီးယား လက်နက်ကတွေ စွန့်လွှတ်ရေး နားချရေး အမေရိကန် သမ္မတ Trump ကြိုးပမ်းချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ရေး ဆွေးနွေးမှုတွေကရှေ့မတိုး နောက်မဆုတ်သာ အခြေအနေနဲ့ တန့်နေတာပါ။ G -20 ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင်မှာတော့ တရုတ် သမ္မတ Xi က မြောက်ကိုရီးယားကို သွားမှာ ဖြစ်ပါတယ်။ ဒါဟာဆိုရင် ၁၄ နှစ်တာ ကာလ အတွင်း အိမ်နီးချင်း မြောက်ကိုရီးယားကို တရုတ် သမ္မတရဲ့ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။