သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် နဲ့တင်းမာမှုလျော့ပါးရေး တရုတ်အချက်ပြပြီလား 


အမေရိကန်လေယာဉ်တင်သဘောၤကြီး USS Ronald Reagan ဟောင်ကောင်မှ ဆိက်ကပ်
အမေရိကန်လေယာဉ်တင်သဘောၤကြီး USS Ronald Reagan ဟောင်ကောင်မှ ဆိက်ကပ်

လေယာဉ်တင် သင်္ဘောကြီးတစင်း အပါအဝင် အမေရိကန်ရေတပ်သင်္ဘောစု တခုကို တရုတ်အစိုးရက ဟောင်ကောင်မှာ ဆိုက်ကပ်ခွင့်ပြုလိုက်ပါတယ်။ အမေရိကန် တရုတ်နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ လုံခြုံရေး တင်းမာနေချိန် တရုတ်ဘက်က ခုလိုခွင့်ပြုလိုက်တာဟာ ပြန်လည်သင့်မြတ်ရေးအတွက် အချက်ပြလိုက်တာဖစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ VOA သတင်းထောက် Victor Beattie ရဲ့ ဆက်သွယ်မေးမြန်းခန်းတွေကို အခြေခံပြီး ဦးကျော်ဇံသာက တင်ပြထားပါတယ်။

၂ နိုင်ငံကြားကုန်သွယ်ရေး ၊ လုံခြုံရေး တင်းမာမှုတွေ မြင့်မားနေချိန် လွန်ခဲ့တဲ့ ၂ လလောက်ကတော့ အလားတူ အမေရိကန် ရေတပ်သင်္ဘောတစင်း ဝင်ရောက်လာမယ့် ကိစ္စကို တရုတ်ဘက်က ပယ်ချခဲ့တာပါ။ တောင်တရုတ်ပင်လယ ်အတွင်းမှာပဲ တရုတ်- အမေရိကန် စစ်သင်္ဘော ၂ စင်းထိတွေ့လုနီးပါး ဖြစ်ခဲ့ပါသေးတယ်။ အခုတော့ အမေရိကန်လေယာဉ်တင်သဘောၤကြီး USS Ronald Reagan နဲ့ ဖြတ်သဘောၤ ၂ စင်း ၊ ပဲထိန်းတပ်ဒုံးကျည်တင် သင်္ဘော ၁ စင်း တို့ကို တရုတ်အစိုးရက ဟောင်ကောင်မှ ဆိက်ကပ်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ မကြာသေးမီကမှ ပြီးဆုံးသွားတဲ့ စင်္ကာပူ နဲ့ New Guinea က အာဆီယံ APEC အစည်းအဝေးတွေမှာတော့ ၂ ဖက် တင်းမာမှုရှိနေခဲ့ပြီး အခုလိုခွင့်ပြုလိုက်တာဟာ အံ့သြစရာဖြစ်တယ်လို့ Hawaii အခြေစိုက် ပစိဖိတ် forum လေ့လာရေးအဖွဲ့က အမှုဆောင် ဒါရိုက်တာ Carl Baker ကဆိုပါတယ်။

“ပြီးခဲ့တဲ့ အပတ်က စင်္ကာပူမှာ ဖြစ်ခဲ့တာကိုကြည့်ရင် အခုလိုခွင့်ပြုလိုက်တာဟာ အံသြစရာကောင်းပါတယ်။ ဒါဟာ အာဂျင်တီးနားမှာ မကြာခင်ပြုလုပ်ဖို့ရှိတဲ့ ကမ္ဘာစီးပွားရေး အင်အားကြီး နိုင်ငံ ၂၀ ရဲ့ G20 အစည်းအဝေးမတိုင်ခင်မှာ တရုတ်ဘက်က သတင်းကောင်းပါးချင်တဲ့သဘော အပြုသဘော လက္ခဏာ တရပ်လို့ ထင်ပါတယ်။

အလားတူစွာပဲ တရုတ်ဘက်က ကျွမ်းကျင်သူတဦးကလည်း သမ္မတ Xi နဲ့ သမ္မတ Trump တို့ အာဂျင်တီးနားမှာ မတွေ့ခင် အပြုသဘောအချက်ပြတာလို့ သုံးသပ်ပါတယ်။

Carl Baker က ၂ နိုင်ငံ ကုန်သွယ်ရေးအငြင်းပွားမှုကို ပြေလည်စေချင်တဲ့သဘော တရုတ်ဘက်က ပြသတာလို့ ဆိုပါတယ်။

“၂ နိုင်ငံ ကုန်သွယ်ရေးအငြင်းပွားမှုကို ပြေလည်စေမယ့် နည်းလမ်း ရှာချင်တဲ့ သဘောဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ တရုတ်ရဲ့ ပြဿနာတခုက ကုန်သွယ်ရေးအငြင်းပွားမှုကို ဖြေရှင်းဖို့ ဘယ်ကစရမလဲဆိုတာကို နည်းလမ်းမသိနိုင်ပဲ ဖြစ်နေတဲ့ ကိစ္စပါ။ ဆိုတော့ အမေရိကန်ဟာ သူတို့ အာရှမဟာဗျူဟာမှာ စီးပွားရေးထက် လုံခြုံရေးကိစ္စကို အလေးထားတယ်လို့ တရုတ်ဘက်က ယူဆဟန်တူပါတယ်။ ဒါကြောင့် အခုလိုခွင့်ပြုတာဟာ အခြေအနေကောင်း နိုင်တယ်လို့ ယူဆဟန်ရှိပါတယ်။”

ဒီသဘောၤဆိုက်ကပ်ခွင့်ရတာဟာ လုံခြုံရေးအရ သိပ်အနှစ်သာရ လေးနက်တာတော့မဟုတ်ပါဘူး။ သို့ပေမယ့် အမေရိကန်ဟာ ဒီဒေသကို ဝင်ရောက်ခွင့်ရတယ်။ အရေးပါတဲ့ ဆိပ်ကမ်းကြီးတခုကို ဝင်ရောက်ခွင့်ရတယ် ဆိုတဲ့ သဘောသာရှိမယ်လို့ဆိုပါတယ်။ ဒီလိုလေယာဉ်တင်သင်္ဘော ဆိုက်ကပ်ခွင့်ရချိန်ဟာ တောင်တရုတ်ပင်လယ်ဒေသ နိုင်ငံတကာ လေပိုင်နက်ကို အမေရိကန် B-52 ဗုံးကျဲလေယာဉ်ကြီး ၂ စင်း ဝင်ရောက်ပျံသန်းချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒါတွေအားလုံးဟာ တောင်တရုတ်ပင်လယ် ဖြတ်သန်းသွားလာခွင့်ကို အမေရိကန်အပါအဝင် နိုင်ငံတကာကို တရုတ်ဘက်က ခွင့်ပြုလာမယ့် သဘောဖြစ်မယ်လို့ Carl Baker ကတွက်ပါတယ်။

“တောင်တရုတ်ပင်လယ်မှာ အမေရိကန် ဖြတ်သန်းသွားလာခွင့်ရှိကြောင်း ပြသရမလား။ တရုတ်က ဘယ်လို တုံ့ပြန်မလဲဆိုတာကို စဉ်းစားနေတဲ့အချိန်မှာ အခုလို ခွင့်ပြုချက်တွေရှိလာတော့ တရုတ်ကဒါကို လက်ခံခွင့်ပြုမယ့်သဘောဖြစ်တယ်။ အမေရိကန်ဘက်က ကုန်သွယ်ရေးကိစ္စ ပြေလည်ချင်တဲ့သဘော ပြသလာရင် အဆင်ပြေနိုင်တဲ့သဘောဖြစ်လိမ့်မယ်လို့ထင်ပါတယ်။”

တချိန်တည်းမှာပဲ တရုတ်တို့ဟာ အဆင့်မြင့် ရေဒါ ၊ ဒါမှမဟုတ် အချက်ပြမှုထောက်လှမ်းရေး အဆင့်မြင့် ကရိယာ တွေကို တောင်တရုတ်ပင်လယ်ထဲက အငြင်းပွားနေတဲ့ ကျွန်းတခုပေါ်မှာ တပ်ဆင်ထားတယ်လို့ အမေရိကန်အခြေစိုက် CSIS ခေါ် မဟာဗျူဟာ လေ့လာရေးအဖွဲ့က ပြောဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG