အမေရိကန်ပြည်ထောင်စု ဖက်ဒရယ် အစိုးရဝန်ထမ်းတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို အွန်လိုင်းကနေ Cyber တိုက်ခိုက်မှုလုပ်ပြီး ခိုးယူတဲ့နောက်ကွယ်မှာ တရုတ်နိုင်ငံပါဝင်တယ်လို့ သံသယရှိကြောင်း အမေရိကန် ထိပ်တန်း ထောက်လှမ်းရေးအကြီးအကဲတဦးက မနေ့တုန်းက ပြောဆိုလိုက်ပါတယ်။ Cyber တိုက်ခိုက်မှုနဲ့ပါတ်သတ်လို့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူး James Clapper အနေနဲ့ အခုလိုပြောကြားလိုက်တာဟာအမေရိကန်ထိပ်တန်း တာဝန်ရှိသူတယောက်အနေနဲ့ တရုတ်နိုင်ငံအပေါ် ပထမဆုံးအကြိမ် တိုက်ရိုက် စွပ်စွဲ ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပါတ်သတ်ပြီး တရုတ်နိုင်ငံအနေနဲ့ တော်တော် ခက်ခက်ခဲခဲ လုပ်ခဲ့ရတယ်လို့လည်း ဝါရှင်တန်မှာပြုလုပ်တဲ့ ထောက်လှမ်းရေးဆိုင်ရာ အစည်းအဝေး အတွင်း Mr. Clapper က ပြောဆိုခဲ့ပါတယ်။ အမေရိကန် အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတဲ့ တချိန်တည်းမှာ Mr. Clapper ရဲ့ ပြောဆိုချက်နဲ့ ပါတ်သတ်ပြီး သူ့ရဲ့ ရုံးကလည်း အဲဒီလိုပြောဆိုခဲ့တယ်ဆိုတာ ဟုတ်မှန်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။
OPM လို့ခေါ်တဲ့ အမေရိကန် အစိုးရဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ စီမံခန့်ခွဲတဲ့ ဌာနကို Cyber တိုက်ခိုက်မှုပြုလုပ်ခဲ့တာနဲ့ ပါတ်သတ်လို့ တရုတ်နိုင်ငံအပေါ် အမေရိကန်အနေနဲ့ တိုက်ရိုက်စွပ်စွဲခဲ့တာမျိုးမရှိပေမယ့် တရုတ်ဘက်က ကျူးလွန်ခဲ့တယ်ဆိုတဲ့ အချက်အလက်တွေကို ပိုတွေ့လာနေရကြောင်း အမေရိကန်ဘက်အရာရှိ အတော်များများက ပြောဆိုပါတယ်